..............................

Tuesday, October 14, 2008

ယနေ့ စစ်တပ်... ဘာတွေဖြစ်နေသလဲ (၃၇)

ထုံးစံအတိုင်း နောက်ဆုံးနှစ် ဗိုလ်လောင်းများ ကျောင်းဆင်းသွားပါပြီ။ စစ်ရေးပြ အခမ်းအနားကြီး လဲ ပြီးပါပြီ။ ကျနော်တို့ ဒုတိယနှစ် အပတ်စဉ်လဲ ခွင့်ပြန်ကြပါပြီ။ ပထမနှစ် ခွင့်ပြန်စဉ်တုန်းကလို ပျော်ပျော်ရွှင်ရွှင် သောင်းကျန်းကြခြင်း ရှိတော့ ရှိပါသည်။ မနှစ်ကလောက် မဆိုးတော့ပါ။ အနည်းငယ် လူကြီးဆန်လာပါသည်။ ဒါတောင် ရာခိုင်းနှုန်း သုံးဆယ်ခန့်ကသာ တည်ငြိမ်လာပြီး ကျန်သူတို့မှာ ကလေးဆိုးကြီး များသဖွယ် ဆိုးဆဲ၊ တေဆဲဖြစ်ပါသည်။ ထိုသူများကို ကြည့်လိုက် လျှင် အောက်ပါအတိုင်း တွေ့ရပါသည်။
“အဖော်မရှိတောင်မှ စက်ကွန်ပြူတာနဲ့ ဖဲရိုက်မယ်” ဆိုသော ဖဲချပ်၏ အပွင့်ကလေးကိုမှ မပွတ်ရ၊ မကြည့်ရလျှင် မနေနိုင်သော ဖဲကစားခြင်းကို စွဲမြဲသော လူတချို့က နဂိုဆိုးမြဲ၊ တေမြဲ၊ ပြောမြဲ စကားများ၊ လုပ်မြဲအပြုအမူများကို မပြင်ပါ။ ဖဲကို အားတိုင်း ရိုက်သည်။ လောင်းကစားသည်။

“ပေါင်းခံရေကို မိခင်နို့ရည်ထက် ပိုနှစ်သက်တယ်” ဟု ကြွေးကြော်တတ်သော ယမကာ လုလင်တို့ ကလဲ ကျန်းမာရေး အတွက်ပါ။ မိတ်ဖြစ် ဆွေဖြစ်ပါ။ စိတ်ညစ်လို့၊ မိတ်ဆုံစားပွဲမှာ မို့ပါ။ ခရီး သွားဟန်လွှဲ ကြုံလို့သောက်တာပါ။ အရက်ဆိုသော မိန်းမထက် သစ္စာရှိတယ် စသော အကြောင်း အရာ၊ ခေါင်းစဉ် အမျိုးမျိုးပြ၍၊ အကြောင်းမရှိ အကြောင်းရှာကာ သောက်တတ်သည့် သူတို့၏ အကျင့် စရိုက်ကို မပြင်ပါ။ ပို၍ထူးခြားသည်မှာ ဖဲရိုက်သော သူသည် အရက်သောက်တာ နည်းပြီး၊ အရက်သောက်သော သူသည် ဖဲရိုက်ခြင်း တခါတလေ လုပ်တတ်လာခြင်းပင် ဖြစ်သည်။

“အရစ်ကျစနစ်ဖြင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း” ဟု ကျန်းမာရေး ပညာရှင်တို့က မှတ်ချက်ပြု ထားသော ဆေးလိပ်သောက်ခြင်းကိုမူ ဗိုလ်လောင်းအများစု ပြုလုပ်ကြပါသည်။ လုပ်မှာပေါ့၊ ရုပ်ရှင် ထဲကြည့်ကြည့်၊ တီဗွီထဲ ကြည့်ကြည့်၊ စီးကရက် ကြော်ငြာတွေက ဖွေးလို့၊ စီးကရက်ကို စတိုင် ထုတ်ခဲလိုက်ရင် ဘယ်မင်းသားနဲ့ တူသလို ခံစားရလေအောင် ဆွဲဆောင်မှုကလဲ များသည်။ တံငါ နားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်လာသလို ဆေးလိပ်သောက်သူ အနား နေလျှင် ဆေးလိပ် သောက်တတ်လာသည်။ တားမြစ်ထားသည်ကိုမှ မရ ရအောင် ခိုးလုပ်ချင်သည့် ကူးစက်ညဉ် ကြောင့်လဲ ဆေးလိပ်မသောက်ရ တားမြစ်ထားသော်ငြား ကျနော်တို့ ခိုးသောက်ကြပါသည်။ (ထိုသို့သော အရစ်ကျစနစ်ဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန် ဆေးလိပ် သောက်သူများ ထဲတွင် ကျနော်လည်း ပါခဲ့ပါသည်။ ယခုမူ အရစ်ကျစနစ်ဖြင့် သွင်းခဲ့သော နီကိုတင်း ဂျိုးများကို အရစ်ကျစနစ်ဖြင့် အားကစားလုပ်ကာ ပြန်လည်တိုက်ထုတ် ရွေးယူနိုင်ခဲ့ပါပြီ။) ဆေးလိပ်သောက် ရင်း ရောက်တတ်ရာရာ ပြောကာ ဗရုတ်သုက္ခ အတွေးများ တွေးဖတ်လာ၏။

နောက်တမျိုးကတော့ ရှေးမြန်မာကြီးများ၏ အမွေကို မမှိတ်မသုန် ဆက်ခံကြသူများ ဖြစ်ပါသည်။ ပါးစောင်နှင့် သွားများ ရဲရဲထ နေအောင် ကွမ်းယာဝါးသော သူများပင်တည်း။ အရပ်သူ အရပ်သား ကျေးလက်နေသူများသာ ကွမ်းဝါးကြသည် မဟုတ်။ ကျနော်တို့ ဗိုလ်လောင်းများလဲ မျိုးရိုးဇာတိ ဂုဏ် ထိန်းသိမ်းပါသည်။ ကွမ်းယာဝါးထားသော ကွမ်းရည် ပလုတ်ပလောင်းဖြင့် စကားမပီမသ ခေါင်းကြီးမော့၍ ပြောရသည်ကိုပင် တက္ကသိုလ် ဒိသာ ပါမောက္ခဟန်ပန်ဟု အထင်ရောက်၍ လိုက်လံ တုပ ကြသလား မသိပါ။ ကွမ်းယာ တံတွေးတပစ်ပစ်ထွေး၍ ပလုတ် ပလောင်းဖြင့် စကား ၀ူးဝါး ပြောတတ်သူ များလာ၏။ စီနီယာထဲမှာလဲ ကွမ်းယာဝါးသူတွေ ရှိလေသည်ကိုး။ အတုမြင် အတတ်သင် ဆိုသလိုပင် အတုယူမှားသလား၊ အတုမှန်မှားသလား၊ ဘာမှ ဝေခွဲ သုံးသပ်နိုင်စွမ်း မရှိပဲ နီးစပ်ရာအတုမြင်၊ အတတ်သင်ခြင်းဖြင့် ကျနော်သည်လဲ ကွမ်းယာကို တခါတရံ ၀ါးတတ် လာသည်။

မကောင်းသည့် အရာများကို မကောင်းဘူးဟု ထင်ထင်ရှားရှား ရေးပြနေ၍ ကျနော့်ကို လူကောင်း ဟု မထင်ပါနှင့်။ အရက်သောက်သူထဲတွင်လည်း ကျနော်ပါဖူးပါသည်။ ဆေးလိပ်လဲ ခိုးသောက် ဖူးပါသည်။ ကွမ်းလဲ ၀ါးဖူးပါသည်။ မျိုးရိုးဇာတိဂုဏ်ကို ကျနော် ထိန်းခဲ့ဖူးပါသည်။ ဖဲတစ်ခုပဲ ကျနော် မရိုက်တတ်၍ မဆော့ပါ။ ယခုအသက် (၃၀)ပြည့်သည့်တိုင် ကျနော်ဖဲ မရိုက်တတ်သေး ပါ။ ဖဲရိုက်နည်းပညာ သင်ရန်လဲ ယခုအချိန် အရွယ်ရောက်တော့မှ စိတ်မကူးတော့ပါ။

ထိုသို့သော ကိုယ်၊ နှုတ်၊ အကျင့်စာရိတ္တ စင်းလုံးချော မရင့်ကျက်သေးသည့် သူများမှာ ငယ်မူ ငယ်သွေးကြွ၍ ပျော်ရွှင်နေဆဲပင် ဖြစ်ပါသည်။ ကျနော်လဲ ရံဖန်ရံခါ သူတို့နှင့် သွားပေါင်းပြီး ပျော်ရွှင်ပါသည်။ တခါတရံလည်း ခပ်တည်တည်နှင့် လူကြီးလူကောင်း တစ်ယောက်လို စာထိုင် ဖတ်ပါသည်။ ကျနော် လူကောင်းတစ်ယောက် မဖြစ်သေးပါ။ အနည်းငယ်သာ စဉ်းစား တွေးခေါ် တတ်စ ပြုလာသော လူငယ် တစ်ယောက်သာ ဖြစ်ခဲ့ပါသည်။

ဒုတိယနှစ် ခွင့်ပြန်ချိန်တွင် ကျနော်သည် အိမ်တွင်းမှာချည်း ပုန်းအောင်း အိပ်စက်မနေတော့ပါ။ ပြည်သူလူထုများ အကြား လိုက်လံ လေ့လာခဲ့ပါသည်။ ရန်ကုန်၏ ဆင်ခြေဖုံးရပ်ကွက် ကြိုကြား မကျန် လျှောက်သွားကြည့်ပါသည်။ ဆိုင်ကယ်စီး၍ တကိုယ်တော် သော်လည်းကောင်း၊ ဘတ်စ် ကားစီး၍ ခရီးသည် တဦးအနေဖြင့် သော်လည်းကောင်း၊ လိုက်လံ လေ့လာမိပါသည်။

မင်္ဂလာဒုံ ဧရိယာဘက် ရံဖန်ရံခါ ရောက်ရှိပြီး စစ်သည် စစ်သားများ၏ အနေအထိုင်ကို တစေ့ တစောင်း သွားလေ့လာပါသည်။ ရန်ကုန်မြို့ဝန်းကျင် တပ်များဖြစ်၍ ထင်သည်။ သန့်ပြန့် သေသပ် သော စစ်ယူနီဖောင်းနှင့် စည်းကမ်းရှိဟန်တူသော စစ်သားများကို တွေ့ရပါသည်။

ရန်ကုန်မြို့နေ အရပ်သား လူတန်းစား အချို့ကတော့ ကိုယ်ပိုင်ကား ကိုယ်စီဖြင့် စီးပွားရေးကောင်း ကြဟန် တူပါသည်။ ရန်ကုန်မြို့တွင် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် စည်ကားလှပါသည်။ ရွှေဆိုင်ကြီးတွေကလည်း ဟိန်းလို့ (သို့သော် ထိုအချိန်ကအထိ နိုင်ငံခြား ဘာသာဟူ၍ အင်္ဂလိပ် စာသာ လေ့လာဖူးရာ ဂျပန်စာလော၊ တရုတ်စာလော ကောင်းကောင်း မဖတ်တတ်ပါ)။ မည်သည့် အဓိပ္ပါယ်မှန်းမသိသည့် နိုင်ငံခြားဘာသာစကား စာလုံးအမျိုးမျိုးဖြင့် ရေးသားထားသော နီယွန် ဆိုင်းဘုတ်ကြီးတွေကို လျှောက်ကြည့်ရင်း တခုခုတော့ ခံစားလာရ သလိုလိုပင် ဖြစ်ပါသည်။ မြန်မာပြည် မြို့တော်ဖြစ်ပြီး မြန်မာစာ ဆိုင်းဘုတ်တို့ နည်းနေခြင်းအတွက် ၀မ်းနည်းမိခြင်း ဖြစ်ပါ သည်။

မြို့လယ်မှာ မြို့စွန်တို့၏ သာယာစည်ပင်ပုံ ကွာခြားချက်ကိုလဲ သတိပြုမိလာပါသည်။ မြို့လယ် တွင် ၀တ်ကောင်းစားလှဖြင့် သွားလာ လှုပ်ရှားနေသူ လူကြီး၊ လူငယ်၊ ကလေး များပြားသလောက်၊ ဆင်ခြေဖုံး ရပ်ကွက်တို့တွင် နေကြသော လက်လုပ်လက်စား လူတန်းစားတို့မှာမူ ဟောင်းနွှမ်း ပေရေသော ၀တ်စုံတို့ဖြင့် သွားလာ နေကြရသည်ကို လည်းကောင်း၊ ကျောင်းနေရန် အရွယ် ဖြစ်ပါ သော်လည်း ကျောင်းမနေနိုင်ပဲ ကျပန်းကြုံရာ အလုပ် လုပ်ကိုင်နေကြရသော ကလေးများ၊ အမှိုက် ကောက်သူ၊ တောင်းစားနေသူ ကလေးများကို ကြည့်၍လည်းကောင်း။ တစုံတခုကို ခံစားလာရ သလို ဖြစ်မိပါသည်။

သေချာတာ တခုကတော့ လူအချင်းချင်းတွင်ပင် ဆင်းရဲမှုနှင့် ချမ်းသာမှု အတော် ကွာဟလာသည် ကို တွေ့ရှိရခြင်း ဖြစ်၏။ ချမ်းသာသော လူကုံထံများထဲတွင်လည်း လူမျိုးခြား ပုံစံပေါက်သူ ပိုမို များပြား လာသည်ကို တွေ့ရှိရပါသည်။ မြန်မာစစ်စစ် ပုံစံပေါက်သူတို့မှာ လက်လုပ်လက်စား၊ ၀န်ထမ်းများသာ တွေ့မြင်ရပါသည်။ ဘာတွေကြောင့်လဲ၊ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ၊ ကျနော် အနည်းငယ် စဉ်းစားမိလာပါသည်။ ရဲရင့်ပြတ်သား ခိုင်မာသော အဖြေတစ်ခု ကတော့ ထွက်မလာ သေးပါ။ ထွက်မလာနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျနော် ဦးနှောက်အသိဉာဏ် တစ်ခုတည်းနှင့် ဒီလိုလူတန်းစား ကွာဟချက် ပြဿနာကြီးကို အဖြေထုတ် နိုင်သည်အထိ ကျိုးကြောင်း ဆင်ခြင်မှု ဉာဏ် မပြည့်စုံသေး၍ ဖြစ်ပါသည်။

သေချာသည်ကတော့ ထိုအချိန်ထိ ကျနော်သည် တပ်မတော်၏ လုပ်ရပ်များကို ယုံကြည်စွာ အဟုတ်ထင်နေဆဲပင် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိတစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့