..............................

Tuesday, October 14, 2008

ယနေ့ စစ်တပ်… ဘာတွေဖြစ်နေသလဲ (၂၅)

ယခု တပတ်တွင်တော့ ကျနော်တို့ စစ်တက္ကသိုလ်သို့ လာရောက် စစ်ဆေး လည်ပတ်သော အထက် အရာရှိကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ ရောက်လာတတ်ခိုက် တွေ့ကြုံရသော အဖြစ်အပျက် လေးကို ရှုစားပေးပါအုံး။

ယနေ့ ပြင်ပစစ်တပ်တွင် ဖြစ်နေသည့် အတိုင်းပါပင်၊ အထက်အကြီးအကဲ တပ်မှူး၊ တိုင်းမှူး ၀န်ကြီး ဆိုသူတို့ တပ်ရင်း၊ တပ်မတခုကို လာရောက် စစ်ဆေး တော့မည်ဆိုလျှင် ရာဇသံ တင်ကြို အမိန့်က နှစ်ပတ်ခန့် ကတည်းက ကြိုပို့ထားပြီးသား ဖြစ်၏။ ဘယ်နေ့တွင် ဘယ်သူဦးစီးတဲ့ အရာရှိ၊ အခြား အဆင့် အင်အား ဘယ်နှစ်ယောက် တပ်စစ်ဆေးရန် လာရောက်မည်၊ မည်သည့် အကြောင်းကိစ္စ၊ အမှုအခင်း၊ ဦး၊ ရေး၊ ထောက်ဆိုင်ရာ လုပ်ငန်းများ ပြီးစီးအောင် ပြင်ဆင် ဆောက်ရွက်ထားရန် စသည့်ဖြင့် ကြေးနန်းများက တသီကြီး ရောက်လာတော့သည်။

မိမိတို့ ဗိုလ်လောင်း ဘ၀ကတော့ ဤသို့ တင်ကြို အကြောင်းကြား လာရောက်တတ်သော အကြီးအမှူး ဆိုသူတို့ အကြောင်း ဟုတ်တိပတ်တိ ဘာမှ မသိသေးပါ။ ဗိုလ်လောင်းတပ်ခွဲမှူး အရာရှိ၏ တန်းစီ မိန့်ခွန်းခြွေ မှာကြားပြောဆိုချက် ညွန်ကြား ခိုင်းစေချက် များအရသာ ဘယ်စစ်ဗိုလ်ချုပ် ဘယ်နေ့ လာမည် ဆိုသည်ကို သိရခြင်း ဖြစ်၏။

ထိုသို့ အမိန့်ရပြီးသည်နှင့် တပြိုင်နက် ကျနော်တို့ စစ်ဗိုလ်လောင်းများ စလုပ်ရသည်မှာ သန့်ရှင်းရေးနှင့် အခြားသော သင်တန်းကိစ္စများ အစစ်အဆေး ခံနိုင်ရေး တာဝန်များဖြစ်၏။ အိပ်ဆောင်၊ စာသင်ဆောင်၊ ထမင်းစားဆောင် စသော စစ်ဗိုလ်ချုပ် ၀င်ရောက် ကြည့်ရှုနိုင်မည် ထင်ရသော နေရာမှန်သမျှကို မြက်တပင်၊ နွယ်တခက် မတက်ရအောင် ရှင်းလင်း သုတ်သင် သန့်ရှင်းရေး လုပ်ရတော့၏။ ခါတိုင်း လူမှုဝန်ထမ်း (ခေါ်) ဖက်ထိပ် လုပ်နေကျထက် လေးငါးဆမျှ ပိုလုပ်ရ၏။ ပိုပင်ပန်းကြ၏။

နည်းပြ အရာရှိများ ကိုယ်တိုင် ကြီးကြပ်ပြီး အသေးစိတ် ခိုင်းစေသောကြောင့် အနားယူ အပါးခိုသည် မရှိပေ၊ ပင်ပန်းလွန်းသောကြောင့် မိမိတို့သည် လာစစ်ဆေးမည်ဆိုသည့် စစ်ဗိုလ်ချုပ် ကိုသာ စိတ်တွင်းမှ ကျိန်ဆဲ၊ ရေရွတ်နေကြတော့သည်။ စိတ်တွင်းမှလည်း ထိုအနှီ စစ်ဗိုလ်ချုပ်ကြီးများကို အလိုလို ကြောက်လန့် စိုးထိတ်လာမိ၏။

ဟုတ်သည် ဒီ…. စစ်ဗိုလ်ချုပ်တယောက် လာမည်ဆိုသည်နှင့် တကျောင်းလုံး ကျောင်းအုပ်ကြီးပါ မကျန် ဖင်မှာ ဖွဲမီးဖို တပ်ထားလို့ ထိုင်မကျ၊ နေမရသည့် အလား ဟိုသွားလိုက်၊ ဒီလာစစ်လိုက်၊ သူ့ မာဇဒါဂျစ် ခေါင်းရှည် နှစ်ခန်းတွဲကြီးဖြင့် မျက်စေ့နောက်နေအောင် လိုက်လံ စစ်ဆေးမှာကြား ဟိန်းဟောက် ဆဲဆို ကြိမ်းမောင်း နေတော့သည်ကို တွေ့ရ၏။ ရာထူးအကြီးဆုံး ကျောင်းအုပ်ကြီးပင်၊ ဤမျှ မျောက်မီးခဲ ကိုင်ထားသလို ဖြစ်ပြနေလျှင် ကျန်သော ပိစိကွေး နည်းပြ အရာရှိ အခြားအဆင့် များလည်း ဘယ်နေသာတော့မည်နည်း၊ ဖင် ဂျက်တပ်ထား သလား အောက်မေ့ရအောင် ပြာယာ ခတ်နေကြတော့၏။

ကျနော်တို့ အင်မတန်ကြောက်ရသော စစ်ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ၊ ကျောင်းအုပ်ကြီးမှအစ နည်းပြအရာရှိများ တောင် ဤမျှ ပျားပန်းခတ်ကြောက်ရွံ့ စိုးထိတ်ပူပင်မှု အပြည့်ဖြင့်၊ လိုလေသေးမရှိ အားလုံးပြည့်စုံအောင်၊ ပြင်ဆင် ကြောက်လန့် နေကြသည်ဆိုလျှင်၊ ကျနော်တို့လို စစ်တပ်တွင်း ၀င်ကာစ၊ ကိုယ့်အရိပ်ကို ကိုယ်ရုတ်ခြည်း မြင်လိုက်လျှင်တောင်၊ ဖုန်းကနဲ ရင်ထိတ် နှလုံးခုံ ကြောက်စိတ် ၀င်တတ်သွားလောက်အောင်၊ မဲမဲမြင်သမျှ ကြောက်နေရသူ ဗိုလ်လောင်းတို့ အဖို့မူကား ပြောစရာ လိုတော့မည်မထင်….။

သူတို့လာမည်၊ ကျောင်းကို လာစစ်မည်ဆိုလျှင် ကျနော်တို့မှာ ပျော်လည်း ပျော်သည်၊ ကြောက်လည်း ကြောက်သည်။ စိတ်လည်းတိုသည်၊ မျှော်လည်း မျှော်သည်၊ တခါတလေလည်း ကျိန်ဆဲ ရေရွတ်ချင် စိတ်ပေါ်လာသည်။

ပျော်သည်ဆိုသည်မှာ ဤသို့သော အကြောင်းကြောင့် ဖြစ်၏။

မိမိတို့ စာသင်သား၊ သင်တန်းသား ဗိုလ်လောင်း ဘ၀တွင် ဗိုလ်လောင်းများ စားရိပ်သာမှ ကျွေးသမျှ သော ဟင်းလျှာများ၊ ထမင်းများသည် မိမိတို့အတွက် လေ့ကျင့်ခန်းယူ အငတ်ခံ၊ နေနိုင်သော အကျင့် ရစေရန် တမင်တကာ လေ့ကျင့်ပေးနေသကဲ့သို့ ရှိသော အလွန်ညံ့ဖျင်းသည့် ထမင်း ဟင်းများသာ ဖြစ်ကြောင်း ကျနော်တင်ပြခဲ့ပြီး ဖြစ်၏။

ခရမ်းချဉ်သီးပုပ် ဖျော်ဟင်းဟု ခေါ်နိုင်မည့် ချဉ်စူးနေသော (ပုပ်၊ ရိနေသည့် ခရမ်းချဉ်သီးများကို ဈေးမှ အော်ဒါဆွဲကာ နေ့စဉ်မှာယူ ထားသည်လား မသိ၊ နေ့စဉ်လိုလို ထိုအပုပ်များနှင့် ချက်ကြွေး ခြင်းကိုသာ စားရ၏) ခရမ်းချဉ်သီးပုပ်ရိများနှင့် ချက်ထားသည့် အရည်တခွက်၊ ပဲဟင်းဟု နာမည် ခေါ်နိုင်သော အရည်ကျဲ ပဲအရသာ ရှိသည့် ဟင်းရည်တခွက်၊ ခွေးမစား ငါးခြောက်ဟု ကျနော်တို့ ခေါ်သည့် အလွန်နံစော် ငံကျိနေသော ငါးပုပ်ဖျော်ရည် ကျဲက တခွက်၊ အတို့အမြုတ် အဖြစ်စားရန် အလို့ငှာ ထားပေးသော ပုပ်ရိနေသော အကွက်များပါသည့် ဂေါ်ဖီရွက် အနည်းငယ်နှင့် ငါးပိရည်ကျို တခွက်၊ ခဲအရောရော ကျောက်အရောရော၊ အမှိုက် အရောရော ထမင်းနီတာလံ မာကျစ်ကျစ်… ဒါသည်ပင်လျှင် နေ့စဉ် နီးပါး အစားအစာဖြစ်၏။ ဗုဒ္ဓဟူးနေ့ တနေ့တွင်သာ တလက်မ သာသာရှိသော အသားဟင်း နှစ်တုံးပါ ဟင်းကို စားရတတ်၏။

ထိုသို့သော ရက်များကို ငြီးငြူ စိတ်ဆင်းရဲ၊ ၀မ်းပူဆာလောင်စွာ ဖြတ်ကျော်ရင်း ရံဖန်ရံခါ၊ တရက် တလေတွင်တော့ အလွန်အင်မတန် အရသာရှိသော ဟင်းလျှာများကို နတ်သုဒ္ဓါ အလား မြိန်ရှက်စွာ စားရတတ်သည်။ တခါမှ မကြားဖူးသော ဆိတ်သားလုံးဟင်းတို့၊ ကြက်ပေါင်လုံးလိုက်၊ အချောင်းလိုက် ပါသော ဒံပေါက်တို့၊ တရုတ်အမဲတုံးကြီးများ လက်သီးဆုပ် သဏ္ဍာန်အတုံးကြီးများနှင့် ဟင်း၊ စသည် ဖြင့် ထူးဆန်းပေ့၊ အရသာရှိပေ့၊ ကောင်းပေ့ဆိုသော ထမင်းနှင့် ဟင်းများကို စားရတတ်သည်။ ထိုရက် ထိုအခါမျိုးမှာ အထက် အရာရှိကြီးဟု ခေါ်သော စစ်ဗိုလ်ချုပ်ကြီးများ တပ်စစ်ဆေးရန် အလို့ငှာ စစ်တက္ကသိုလ်သို့ ရောက်လာတတ်သော နေ့မျိုးပင် ဖြစ်တော့၏။

ထိုသို့ သာမာန်အချိန်တွင် ဖြစ်သလို ခွေးသာသာ ကျွေးသည်ကို အငတ်အပြတ်များ ပမာ စားသောက် နေရပြီး၊ အထက်အရာရှိကြီးများ ရောက်လာသော အခိုက်တွင်သာ လူတန်းစေ့ ကျွေးမွေးခံရခြင်း၏ သဘောကို ဘာကြောင့် ဆိုတာ ကျနော်တို့ နားမလည်…။ အတွေးမကြွယ်သေးသည့် မိမိတို့မှာ စစ်ဗိုလ် ချုပ်ကြီးများကိုသာ ကြံဖန် ကျေးဇူးတင်နေကြသည်။ ၎င်းတို့ လာရောက်နေထိုင်သော ရက်များများ ကြာရှည်ပါစေကြောင်း ဆုတောင်း နေတတ်သည်။ ဒါမှလည်း ဟင်းကောင်း ထမင်းကောင်းနှင့် နေ့စဉ် နီးပါး စားခွင့်ရမည်ကိုး၊ ထိုရက်ပိုင်းအတွင်းမှာလည်း တရားမ၀င် အပြစ်ပေးခြင်း၊ လက်သီးနှင့် အထိုးခံ၊ အပြစ်ပေးခံရခြင်းက ကင်းလွတ်မည်ကိုး၊ ဒါကြောင့် သူတို့ကို မျှော်သည်၊ ကျေးဇူးတွေ တင်ကြ၏။ တဖက်ကလည်း အလိုလို ကြောက်နေတတ်ကြသည်။

ထိုသို့သော ရက်များတွင် တွေ့ကြုံသည့် အခြားထူးဆန်းသော အတွေ့အကြုံတခုမှာ မျက်နှာထား သွင်ပြင် အပြောင်းအလဲ အလွန်မြန်သည့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အပါအ၀င် နည်းပြ အရာရှိ စစ်ဗိုလ်ကြီး ငယ်တို့ အကြောင်းဖြစ်၏။

သူတို့သည် သူတို့ထက် ရာထူးကြီးသူ မရှိသည့် အချိန်အခါများတွင် တကယ့် ဘုရင်ခံ တပါးအလား မျက်နှာများတင်းမာ ခက်ထန်၊ အံကြိတ်ပြီး မိမိတို့ကို အာဏာတွေ ပြတတ်ကြသူများသာ ဖြစ်သည်။ ကျောင်းအုပ် ကြီး ဖြစ်သူ ဗိုလ်မှူးချုပ် စိုးဝင်းမောင်သည် မေမြို့ တပ်နယ်တွင် အကြီးဆုံး ဖြစ်ပေရာ အခြားသော တိုင်းမှူး၊ စစ်ဝန်ကြီးများ။ စစ်ထောက်ချုပ်များ၊ သူထက် ရာထူးကြီးသည့် ဗိုလ်ချုပ်ကြီးများ မရှိသည့် အချိန်တွင် သူသည် တကယ့် ဘုရင်ခံတပါး အလား နေထိုင်နိုင်သူ ဖြစ်၏။ ပဒေသရာဇ် နယ်စားပယ်စားသဖွယ် သူသွားလေရာရာမှာ အားလုံးသော စစ်ဘက်၊ အရပ်ဘက် ၀န်ထမ်းတို့က အရိုအသေ ပေးကြရ၏၊ မျက်နှာချိုသွေး ကြရ၏ ဆလံပေးကြရ၏။

သူကလည်း မျက်နှာထားတော် အတော်တင်းမာ ခက်ထန်စွာ နေတော်မူလေ့ရှိ၏။ မျက်နှာမှာ ပါးစောင်ရိုး နှစ်ဆင့်နှင့် လူထူးခြားတို့ အသွင် ဥပဓိ ရုပ်ရှိသော ကျနော်တို့ ကျောင်းအုပ်ကြီးကို ကျနော် လေးစားပါတယ်။ သူသည် စစ်သားကောင်း ပီသစွာ နေလိုသူ တဦးဖြစ်ပါသည်။ သို့သော်လည်း သူ့ထက် ရာထူးကြီး လုပ်ပိုင်ခွင့်ရှိသည့် စစ်အရာရှိကြီးများ လာမည်၊ စစ်မည် ဆိုလျှင် သူလည်း မနေသာတော့ စစ်တပ်၏ ဓလေ့ ထုံးစံကို လိုက်နာရတော့သည် ပင်….။

လာပါပြီ… စစ်ထောက်ချုပ် ဗိုလ်ချုပ်…ဦးဆောင်သော နောက်တော်ရံ အခြွေအပါးများစွာနှင့် အထက် အကြီးအကဲ ဆိုသူတွေ၊ လာပါပြီ…။ ထိုအခင်းအကျင်း အကြိုအရှင်း အကြောက် ပုံစံများကို ကျနော် စတင် မြင်ဖူးချိန်ကဆို အလွန် အင်မတန်မှ အံ့သြခြင်း ဖြစ်မိပါသည်။ ဘာကြောင့် အံ့သြသနည်း ဆိုလျှင် ကျနော်တို့ ကျောင်းအုပ်ကြီး အပါအ၀င် စစ်အရာရှိများ စစ်ဗိုလ် များသည် သူတို့ချည်းရှိသော အခါ၊ သူတို့ကြောက်ရမည့်သူ မရှိသော နေရာ ကာလမျိုးများတွင် ရာဇမာန် ထက်ထက်၊ ခါး တထောက်ထောက်ဖြင့် အာဏာပိုင်ဖြစ်ကြောင်း ပါဝါတွေပြလေ့ရှိ၏။

သူတို့မျက်နှာများ ဘယ်လိုပုံ ပေါက်နေသလဲ ဟု စဉ်းစားမိ သမျှနှင့် ထပ်တူပြ ခိုင်းနှိုင်း တင်ပြရလျှင်…. ကျနော်တို့ လူငယ်များ ကလေးများ အသည်းစွဲဖြစ်သည့် မြိုင်ရာဇာ တွတ်ပီတောထွက် အမဲလိုက်လျှင် နှလုံးပြူးနှင့် ခြေကော့ ရင်မော့ လှမ်းလာနေပုံ၊ မာန်မာန အပြည့်ဖြင့် တလောကလုံးကို ထီမထင် စောင့်ကြွား ၀င့်မော်နေပုံ ကာတွန်းကို ပြန်မြင်ယောင်ကြည့်ပါ။ ကိုတွတ်ပီ မာန်တက်နေပုံနှင့် တထေရာတည်း ဖြစ်၏။ မသေးမျှင်ကို ကြောက်ကြပုံချင်းလည်း အတူတူပင် ဖြစ်ပေလိမ့်မည်။

ထိုအခါမျိုးများတွင် သူတို့မျက်နှာများသည် တလောကလုံးတွင် သူတို့ ထီထင်စရာ လူပင် မရှိ တော့သည့်နှယ် မျက်နှာထားတို့ တင်းမာ ခက်ထန်လွန်းလှသည်။ သို့သော် ယခုလို သူတို့ အထက် အရာရှိ ဆိုသူ စစ်ဗိုလ်ချုပ် တစ်ယောက်လာသော အခါ……။

ကျနော်တို့ လွန်စွာ အံ့သြရပါသည်။ အရာရှိကြီးငယ် ဟူသမျှတို့၏ မျက်ဝန်းလေးများသည် အလွန် တရာမှ အပြစ်မရှိ၊ မာနမရှိသည့် သိုးငယ်လေးများ သဖွယ်ပေကလပ်၊ ပေကလပ်၊ မျက်လုံး မျက်ဆံ လေးများဖြင့် အလွန်တရာမှ မသိနားမလည်သည့် မျက်ဝန်းလေးများ သဖွယ် ပြောင်းလဲသွားသည်ကို ထူးဆန်းစွာ တွေ့ရတတ်ခြင်းပင်…..။ အခါတိုင်းတွင်တော့ သူတို့၏ မျက်ဝန်းများသည် လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့ဖြင့် အလျှံငြီးငြီး အမြဲမပြတ် တောင်လောက် နေတတ်ကြသူ တွေဖြစ်မှန်း ကျနော်တို့ သိ၏။

ထိုစစ်ဗိုလ်အများစုသည် သူတို့ထက် ရာထူးငယ်သော စစ်သား စစ်ဗိုလ်မှန်သမျှကို တွေ့လျှင် တရား သူကြီးက သူ့စားပွဲပေါ်မှ နေ၍ လှောင်ခြံတွင်းမှ သူဖမ်းထားသော တရားခံကို ရှုတ်ချ စက်ဆုပ်မှု အပြည့်ဖြင့် ကြည့်သော ဟန်မျိုး….၊ ငါ တရားသူကြီး စိတ်ထင်တိုင်းသာ လုပ်လိုက်ရရင် မင်းတော့ သေတော့မှာပဲ တရားခံဖြစ်တဲ့ မင်းတို့ စောက်ချိုး ပြင်စမ်းဆိုသည့် ပုံစံ ဆက်ဆံမှုမျိုးဖြင့် ငေါက်ငန်း ဆက်ဆံတတ်ကြ၏။ မတူသလို မတန်သလို ဆက်ဆံတတ်ကြ၏။ နိုင်လို မင်းထက် ပြုမူ တတ်ကြတတ်၏။

ယခုမူကား ယခင် ကာလများနှင့် လားလားမျှ မဆိုင်၊ သူတို့သည် ကျနော်တို့တွေ သူ့ငယ်သားတွေ ဘေးနားမှာ ရှိမှန်းတောင် ဂရုပြုမိကြသည် မထင်၊ သူတို့မျက်နှာမှာ လွန်စွာမှ ကြောက်ရွံ့ ရိုသေမှု အပြည့်၊ သူတို့ မျက်ဝန်းလေးတွေက အပြစ်ကင်းသည့် ယုန်သားငယ်လေးတွေလို၊ မြေခွေးရှေ့ ရောက်၍ အစားခံရမည်ကို ကြောက်သည့် ပုံစံများဖြင့် ဒူးတုန်ပြနေသော သမင်ငယ်လေးများဟန်… တတ်လည်း တတ်နိုင်ကြပါပေ၏…။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့