..............................

Saturday, October 18, 2008

မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်

ကိုသက် | အောက်တိုဘာ ၁၇၊ ၂၀၀၈

၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက မွန်ပြည်နယ် ကျိုက်ထီးရိုး ရင်ပြင်တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည့် မခင်မိုးအေးနှင့် ကိုကျော်စိုး (တော်ကီ) တို့ကို အင်းစိန်ထောင်တွင် ရုံးထိုင်သည့် စမ်းချောင်းမြို့နယ်တရားရုံးက နိုင်ငံခြားငွေ လက်ဝယ် တွေ့ရှိမှုဖြင့် ယမန်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မခင်မိုးအေးနှင့် ကိုကျော်စိုးတို့ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စအဖ က ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ ပုဒ်မ ၂၄ (၁) နှင့် တရားစွဲဆို ခဲ့သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို စဖမ်း ကတည်းက ဘာကြောင့် ဖမ်းတယ်ဆိုတာ အကြောင်းပြချက် မရှိဘူး၊ စစ်ဆေး တွေ့ရှိချက်တွေအရ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာ မတွေ့ရဘူး၊ အာဏာပိုင်က ထောင်ချမယ် ဆိုတဲ့ရည်ရွယ်ချက် ရှိတဲ့အတွက် စွပ်စွဲချက်တွေတပ်၊ ပုဒ်မတွေဆင်ပြီး ထောင်ချတာပါ” ဟု ပြောသည်။

မခင်မိုးအေး
မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကတည်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ကျောင်းသားအရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး တို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရတဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ်မှာ လုပ်တဲ့ ထောက်ခံပွဲ ကို ဦးဆောင်ခဲ့သူ တဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် အဖမ်းခံရတယ်။ ထောင် ၁၀ နှစ်ကျခဲ့တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။
မခင်မိုးအေးသည် အကျဉ်းထောင်တွင် နှစ်ပြည့်မနေရဘဲ၁၉၉၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့သော်လည်း မြန်မာနိုင်ငံ ကျောင်းသားသမိုင်း စာအုပ်ကို ကိုအောင်ထွန်းက ရေးသား ပြုစုနေစဉ် အကူအညီ ပေးခဲ့သဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ လတွင် နောက်တကြိမ် အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဒုတိယအကြိမ် ထောင်မှ လွတ်မြောက်လာ ပြီးနောက်ပိုင်း ဒီမိုကရေစီရေး လုပ်ငန်းများကို အားပေး ကူညီသကဲ့သို့ လူမှုရေး လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အဖမ်းမခံရမီက အာဏာပိုင်တို့၏ ခေါ်ယူစစ်ဆေးခြင်းနှင့် ဖိအားပေး ခံရမှုများ ကြုံခဲ့ရသည်။
ကိုကျော်စိုး

ကိုကျော်စိုးသည်လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရက ထောင် ၃ နှစ် ချခဲ့သည်။
ကိုကျော်စိုးသည် ၁၉၉၀ ခုနှစ် ကိုဖုန်းမော် ၂ နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ၁၉ ဦး ကော်မတီတွင် ပါဝင်ခဲ့သောကြောင့် တခြား ကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။
ထောင်မှပြန်လည် လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီရေးနှင့် ကျောင်းသားရေးရာ ကိစ္စများကို ဆက်လက် လုပ်ဆောင် ခဲ့သူ ဖြစ်သည်။

ref: ဧရာဝတီ

0 comments:

အပေါ်သို့