..............................

Wednesday, October 15, 2008

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၁၁)

လူသားတစ်ဦး၏ အခြေခံဖြစ်သော အခွင့်အရေးများကို အပြည့်အ၀ရရှိခံစားစေပြီး၊ လူကြီး လူကောင်းတစ်ယောက်ဖြစ်လာမည့် လူငယ်တို့အား၊ မဟုတ်တာ၊ မမှန်တာ၊ မလုပ်တတ်၊ မလုပ် ချင်၊ မလုပ်ဝံ့အောင်၊ မိမိကိုယ်ကျင့် သိက္ခာပိုင်း၊ အပြုအမူပိုင်းနှင့် ပတ်သက်လာလျှင် အနည်း ငယ်မျှ အပွန်းအပဲ့ မခံဝံ့သော သတ္တိ၊ လူမြင်ကွင်း ရှေ့ရော၊ နောက်မှတွင်ပါ တည်ကြည့် ဖြောင့် မတ်သော စာရိတ္တ၊ ခံယူချက် စိတ်ဓါတ်တို့ကို မြဲမြံသော ခါးဝတ်ပုဆိုးကဲ့သို့ စွဲမြဲခိုင်မာစေရန် သင်ကြားပေးသင့်သည့် ဤအရွယ် ဤအချိန်တွင်၊ ဤကဲ့သို့သော လူကွယ်ရာ ခိုးကြောင် ခိုးဝှက် ဖြင့် လုပ်တတ်၊ ဆောင်တတ်သော မသမာစိတ်ထား၏ အစပြုလုပ်ရပ်များအဖြစ်၊ မသိလိုက် ဘာသာသင်ပေးလိုက်သကဲ့သို့ ရှိ၏။ ကျနော်တို့၏ မဟာကျောင်းတော်ကြီးက အစပျိုးလေ့ကျင့် ပေးလိုက်သကဲ့သို့ ရှိသည့် အထက်ပါ ကျုံးသွင်း ခံစားချက်များအနက်မှ အချို့ကိုသာ နားလည် ခံစား တွေးဆနိုင်စေရန် အစပြု ဖေါ်ပြရခြင်း ဖြစ်၏။ နောက်ပိုင်းတွင် ထိုသို့ အလားတူ စေစား ချက် မြောက်များစွာကို ထပ်မံခံစားလာရခြင်းဖြင့် စိတ်ခံနဂိုအားဖြင့် ခိုင်မာသူ လူငယ်တို့ အားလုံးနီးပါး ထပ်တူကျသော စရိုက်တို့ ကူးစက်သွားကြသည့် အကြောင်းများကို သုံးသပ်တင်ပြ ပါအုံးမည်။

ကျနော်မှ စစ်တက္ကသိုလ်၏ ကြောက်ရွံ့ထိတ်လန့်ဖွယ် လေ့ကျင့်သင်ကြားပေးမှုများ အကြောင်း ချည်း ပြောပြနေ၍ ကောင်းမြတ်မှန်ကန်သော သွန်သင်ဆို ဆုံးမမှုတို့ မရှိတော့ဘူးလားဟု ဆိုစရာ ရှိ၏။ ရှိပါသည်။ ကောင်းမြတ် မှန်ကန်ပြီး၊ မြန်မာလူငယ်တိုင်း အမျိုးကောင်းသားတိုင်း ကျင့်ကြံ့ နေထိုင် အပ်သည့် အပြုအမူ၊ အပြောအဆို၊ အလေ့အကျင့်၊ အနေအထိုင်၊ စသော စသော ပြင်ပ အရပ်သားလောကတွင် မရနိုင်သည့် အတွေ့အကြုံများကို ကျနော်တို့ ကျောင်းတော်ကြီးက သင်ကြားပေးပါ၏။ စစ်တက္ကသိုလ်၏ ဆောင်ပုဒ်ကပင် သစ္စာ၊ သူရ၊ သိပ္ပဟူသည့် အနာဂတ် မျိုးဆက်သစ်လူငယ် လူရွယ်များ လုံးဝမရှိမဖြစ်သည့် အဓိက အရည်အချင်းကြီးများကို ဆောင်ကြဉ်း လေ့ကျင့်မွေးမြူစေရန်၊ ရည်ရွယ်သင်ကြားပေးနိုင်ရေး ရည်ရွယ်ဖွင့်လှစ်ထားသော မဟာ ကျောင်းတော်ကြီး တစ်ခုဖြစ်ပေရာ မွန်မြတ်မှုများစွာ ရှိနေပါသည်။ တော်တည့်မှန်ကန် ဖြောင့်မတ်တည်ကြည်မှုဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ရိုးသားစွာ လေးစားမြတ်နိုးချစ်ခင်ပြီး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်အပေါ် နှစ်နှစ်ကာကာ သစ္စာ စောင့်သိမှုနှင့် ရိုသေလေးစား စောင့်ထိန်း တတ်မှု ရှိရန် သွင်သင် ဆုံးမပဲ့ပြင်ပါ၏။ သူရသတ္တိပိုင်းဆိုင်ရာနှင့် ပတ်သက်လာလျှင် မတရားမှု နှင့် တရားမှုဟူသည်ကို မိမိတို့၏ ကိုယ်စီဆင်ခြင်တွေးတောနိုင်မှုဖြင့် ဝေဖန်ပိုင်းခြား၍ သမာ သမတ်ကျစွာ ရပ်တည်တတ်စေရန် သင်ကြားလေ့ကျင့်ပေးသော စီနီယာများစွာရှိပါ၏။ ထိုစီနီယာများ သည် ဥပဒေနည်းလမ်းတကျ နေထိုင်ကြပြီး၊ ဂျူနီယာ ဗိုလ်လောင်းများအား ကောင်းမြတ်သော အလေ့အကျင့် များကိုသာ ပေးလေ့ရှိသည်။ တရားမ၀င်သော ရက်စက်စွာ အပြစ်ပေးသည့် လုပ်ရပ်များကို ဆန့်ကျင်ကြပြီး ၎င်းတို့ ဂျူနီယာ ဘ၀က ခံခဲ့ရသော်လည်း ယခုသူတို့ စီနီယာ ဖြစ်သော အခါတွင်မူ ထိုရက်စက်သည့် ပြစ်ဒဏ်ပေးနည်းများကို ဆန့်ကျင်ကြသော်လည်း၊ ဗိုလ်လောင်း အချင်းချင်း အုပ်ချုပ်ရန် အထက်နည်းပြများက တာဝန်ပေးအပ်သော တာဝန်ကျ ဗိုလ်လောင်းအများစုသည် ထိုတရားမ၀င်သည့် ပြစ်ဒဏ်များကို မက်မက် မောမော ပေးတတ်၊ ရက်စက်တတ်ကြသူများဖြစ်သည့် အကြောင်းကတော့ ထူးဆန်းနေပါသည်။

မည်သို့ ဆိုစေ၊ သင်ကြားလေ့ကျင့်ပေးမှု အမျိုးမျိုးထဲမှ ကောင်းမြတ်မှုများလည်း များစွာပါဝင်ကြောင်း တွေ့ရှိရ သည်။ သတ္တိဟူသည် မိုက်ရူးရဲဆန်ခြင်းဟူသော ဂမူးရူးထိုးဖြစ်ချင်ရာဖြစ် စိတ်ရူးနှင့် သူရဲဘောကြောင် ခြင်းဟူသည့် အရာရာကို စဉ်းစားဆင်ခြင်မှု ကင်းမဲ့စွာ စိုးရိမ်ထိတ်လန့်နေခြင်း အစွန်းနှစ်ခု အကြားမှ မွန်မြတ်ဖြူစင် ရဲရင့်ပြတ် သားသော၊ ခိုင်ခိုင်မာမာ အဟုတ်ထုထည် တည်တံ့စွာ မွေးမြူထားနိုင်မှု စိတ်ဓာတ် အရည်အချင်းတစ်ခု ဖြစ်သည်ကို ဆိုလိုနားလည်စေခဲ့သည်။ ထိုသို့ အနာဂတ်မြန်မာပြည်အတွက် အမှန်တကယ် လိုအပ်နေသည့် စိတ်ဓာတ် အရည်အချင်းများအကြောင်း သင်ကြားပြသပေးသူ ဆရာကောင်းတို့၏ မှာကြားချက်သည် ယနေ့ လူငယ်ထုအတွင်း ရိုးသားရဲရင့်စွာ တိုင်းပြည်ချစ်စိတ်ဖြင့် သူရသတ္တိပြောင်မြောက်သော သူရဲကောင်းများ ပေါ်ထွန်းလာမှုကို များစွာ အထောက်အကူ ပြုနေပေလိမ့်မည် ဖြစ်သည်။ ထို့အပြင် တိုးတက်သော လူ့ဘောင် အဖွဲ့အစည်း တစ်ခု တည်ဆောက်ရန် အသိပညာ၊ အတတ်ပညာအားဖြင့် ခေတ်နှင့်အညီ ဖွံ့ဖြိုးသော သိပ္ပံ အတတ်ပညာတို့ တတ်သိနားလည် ကျွမ်းကျင်မှသာ စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်း ပြည့်ဝစွာဖြင့် အမှားအယွင်း နည်းပါးသော ဦးဆောင်မှု ပေးနိုင်သည့် ခေါင်းဆေင်ကောင်းများ ဖြစ်ထွန်းလာလိမ့်မည့် အကြောင်းကိုလည်း ကျနော်တို့ကို လေးလေးနက်နက် တွေးတောမိစေခဲ့သည်။ ဆိုခဲ့ပြီးသော သစ္စာ၊ သူရ၊ သိပ္ပဟူသည့် အနာဂတ် တိုင်းပြည် တည်ဆောက်ရေး ကဏ္ဍအတွက် အလွန် အရေးကြီးသော အကြောင်းအရင်းခံ စိတ်ဓာတ်၊ ခံယူချက်၊ အတွေးအခေါ်တို့ကို ထက်မြက်မြင့်မားစေရန် သင်ကြားပေးသည့် စစ်တက္ကသိုလ်၏ ကောင်းမြတ်သော သင်ပြမှု အခြေအနေများ အကြောင်းကို ကျနော် စီနီယာ ဘ၀ရောက်သောအခါ တွေ့ကြုံလာသော အတွေ့အကြုံများပေါ် မူတည်၍ တင်ပြပါမည်။

ယခုတော့ ပထမနှစ်၏ ရွှင်ပျော်ပျော် နေ့စွဲများအကြောင်း ပြန်ဆက်ကြပါအုံးစို့…။

ပထမနှစ် ဘ၀၏ သက်တမ်း နှစ်လခန့် မှစ၍၊ စီနီယာတို့၏ စည်းကမ်း ကြပ်မတ်မှုနှင့် အပြစ်ပေး အရေးယူမှုတို့ သည် ပိုမိုပြင်းထန်လာ၏။ စီနီယာတို့အဆို စစ်ပုံ မကျသေးဟု ဆိုသော ကြွပ်ဆတ်ဆတ် ဗိုလ်လောင်းတို့က ပိုအထိနာ၏။ အမိန့် နာခံမှု၊ အထက်စီနီယာကို ကြောက်ရွံ့ခန့်ငြားမှု၊ ရိုသေမှု ပုံစံတို့၌ သူတို့ စိတ်တိုင်းမကျ မချင်း ပုံသွင်း၏။ အထက်စီနီယာကို ကြောက်ရွံ့ပုံ မရှိသော ကျနော်ကဲ့သို့ ဂျစ်ကန်ကန် ဗိုလ်လောင်းများကို အပြစ်မရှိ အပြစ်ရှာကာ၊ မှတ်လောက် သားလောက်သည်ထက် ပို၍ အပြစ်ပေး၏။ အခြားသူများထက် စာလျှင် ထိုသူများကို ပိုမို၍ အနေအထိုင် ကျုံ့အောင် ဘက်ပေါင်းစုံမှ စောင့်ကြည့် အပြစ်ရှာ၏။ အပြစ်ပေးရာတွင်လည်း တရားမ၀င် သော အပြစ်ပေးနည်းများ၊ ရက်စက်သော နည်းလမ်းများကို တစတစ သုံး၍ လုံးဝ မခံမရပ်နိုင်အောင် ခံစားရ သည်အထိ ပြင်းထန်စွာ အပြစ်ပေး၏။

စစ်ရေးပြ၊ လက်နက်ငယ် လေ့ကျင့်ခန်းမှ အိပ်ဆောင်သို့ နေ့စဉ်ပြန်လာရသော အပြန်လမ်းသည် ကျနော်တို့ အတွက် ငရဲခန်းသို့ အပြန်လမ်း တစ်ခုနှယ်၊ မလျှောက်ချင် လျှောက်ချင်ဖြင့် နှေးကွေးလေးလံသော ခြေလှမ်း များဖြင့်၊ အိပ်ဆောင်သို့ ပြန်လာ ကြရသည့် အချိန်များသာဖြစ်၏။ ထို ကာလများမှာ အလွန်ညစ်ညူး ဖွယ်ကောင်း သော အတွေးစိတ်ကူးများသာ ဖိစီးလွှမ်းမိုးနေသည့်အချိန် ဖြစ်သည်။ စုပေါင်းတန်းစီ ကွင်းတွင် အသင့်စောင့် နေသော စီနီယာတို့သည် တရားခံတို့ကို စောင့်ကြိုနှင့်သော ရဲများကဲ့သို့ အပြစ်တွေ့နိုင်မည့် သူကို စူးစိုက်ရှာဖွေ လျှက်ရှိ၏။ ထို့နောက် စီနီယာတို့က မိမိတို့ ပထမနှစ်များကို တန်းစီလူစစ်ပြီး လူပျောက်ဆုံးမှု ရှိ၊ မရှိ စစ်ဆေး၏။ ထို့နောက် မည်သူ၊ မည်ဝါက၊ မနေ့က ဘယ်လို ပြစ်မှုကျူးလွန်လို့ ဆိုကာ ကျနော်တို့ အပတ်စဉ် တစ်ခုလုံးကို အပြစ်ပေးပါတော့သည်။ ထိုကဲ့သို့ အပတ်စဉ်အလိုက် အပြစ်ပေးခြင်းကို တပ်တလျှင် ၅ ရက်မျှ ခံစားနေရမြဲ ဖြစ် သည်။ အစောပိုင်း ကာလများက သမရိုးကျ တရားဝင်သော အပြစ်ပေးနည်းများ ဖြစ်သည့် လက်ထောက်မှောက် (ဒိုက်ထိုးခြင်း)၊ လေထီးခုန်ခြင်း (လက်နှစ်ဘက်ကို ခေါင်းပေါ်တင်၍ အမြင့်သို့ မြောက်သွားအောင် ခုန်တက်ရခြင်း)၊ ဖားခုန် (ဆောင့်ကြောင့် ထိုင်လျှင် ဦးခေါင်းပေါ် လက်နှစ်ဘက်ကို ထပ်ပြီး ဖားတစ်ကောင် ခုန်သွားသကဲ့သို့ ခုန်ဆွ၊ ခုန်ဆွ ခုန်သွားရသော အပြစ်ပေးနည်း)၊ ဂျွမ်းထိုးခြင်း (မတ်တပ်ရပ်လျှက် အနေအထားမှ ရှေ့ကြမ်းပြင်ပေါ်သို့ ဦးခေါင်းထိုးစိုက်ချကာ ကိုယ်ခန္ဓာ တစ်ခုလုံးကို တပတ်လှည့်သွားအောင် လှိမ့်၍ ရှေ့သို့ တိုးသွားရသော အပြစ်ပေးနည်း)၊ စသည့် အပြစ်ပေးနည်းတို့သည် စစ်တက္ကသိုလ်မှ တရားဝင် သတ်မှတ်ထား သော အပြစ်ပေးနည်းများ ဖြစ်၏။

ယခု ကျနော်တို့ သင်တန်းကာလ သက်တန်းအနည်းငယ်ရလာသော အခါတွင် ကြုံတွေ့လာရသည့် အပြစ်ပေး ခံရမှုများသည် ထိုတရားဝင် အပြစ်ပေးခွင့် ရှိသည့် နည်းလမ်းများဖြင့် အပြစ်ပေးခံရသည်က နည်းပြီး၊ တရားမ၀င် သော ၊ ရက်စက်သော၊ ပြင်းထန်သော၊ အန္တရာယ်များသော၊ လူမဆန်သော အပြစ်ပေးနည်းများဖြင့် အပြစ်ပေး ခြင်းမျိုးကို တစတစ ပြုလုပ်ခိုင်းစေခြင်း ခံရလာကြ၏။ ပိုမို ဖိစီးနှိပ်စက်၊ ချုပ်ချယ် အနိုင်ကျင့် လာကြ၏။ ထိုသို့ တရားမ၀င်သော ရက်စက်ပြင်းထန်လှသည့် အပြစ်ပေးခံရခြင်းမျိုးများဖြင့် မကြာခဏဆိုသလို အပြစ်ရှိသည် ဖြစ်စေ၊ ဘာအပြစ်မှ မရှိဘဲလဲ ဖြစ်စေ၊ မည်သို့မျှ ငြင်းဆန်ခွင့် မရှိဘဲ အပြစ်ပေးခြင်း ခံလာရ၏။ ဤသို့ ဘုမသိ ဘမသိဖြင့် အပြစ်ပေးခံရခြင်း အကြိမ်အရေအတွက် များပြားလာသောအခါ ကျနော်တို့သည် လက်တွေ့ ခံစားနေ ရသော ပတ်ဝန်းကျင် အခြေအနေ၏ လိုအင်ဖန်တီးမှုကို တဖြည်းဖြည်း ညှိယူလက်ခံ နိုင်လာခဲ့ကြသည်။ ထိုအခါ ထုပေတာပေ ခံနိုင်ရည်ရှိလာသော၊ ခေါင်းမာသော၊ တဇွတ်ထိုး တဇောက်ကန်း လုပ်တတ်သော၊ စဉ်းစားဉာဏ် နည်းသော လူငယ်လေးများ ဖြစ်မှန်းမသိ ဖြစ်လာ၏။ ပေးသမျှ အမိန့်ကို မျက်စိရှေ့မှောက်တွင်သာ နာခံပြီး၊ ကြီးကြပ်သူ၊ အုပ်ချုပ်သူ မရှိသည့် အချိန်၊ နေရာတို့တွင် ကိုယ်လုပ်ချင်ရာ လုပ်တတ်သော မင်းစေ၊ အမှုထမ်း ပေါက်စ ခပ်ပေပေ လူငယ်လေးများ ဖြစ်မှန်းမသိ ဖြစ်လာ၏။ ဖြစ်လည်း ဖြစ်ချင် စရာပေကိုး၊ ပြစ်မှုနှင့် ပြစ်ဒဏ် သည် ဆိတ်ကို ဆင်ခတ်သည် ထူးခြေချင်း ခတ်ထားသလိုပင် မမျှတသောကြောင့် အချိန်ကြာလာသည်နှင့် အမျှ မကျေနပ်သည့်၊ တရားခံရှာ၍ မတွေ့နိုင်သော ပစ္စည်းမဲ့ ဒေါသတွေက နောက်ဆုံး ကိုယ့်ကိုကိုယ် ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာ လုပ်မည်ဆိုသော ဉာဉ်ဆိုးကိုသာ အလိုလို မွေးမြူ လာစေတော့သောကြောင့် ဖြစ်သည်။

ဒါကိုပင် အချို့ဗိုလ်လောင်းများက လေ့ကျင့်သား ပြည့်ဝလာပြီဟု ပြောသူများရှိသလို လောကကြီးဆိုတာ ဒီလိုပါဘဲ၊ သူဖြစ်ချင်တာ ဖြစ်၊ ကိုယ်ကလည်း ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုသော အတွေးအခေါ်များ ၀င်ရောက် အပြစ်တွယ်လာသူများလည်း ရှိလာသည်။ ကိုယ်ထင်ရာ ကိုယ်စိုင်း၊ ကိုယ်လုပ်ချင်သလို လုပ်သူများ ပေါ်လာကြ သည်။ အဘယ်ကြောင့်ဆိုသော စစ်တက္ကသိုလ်၏ အုပ်ချုပ်မှု အစဉ်အလာအရ တစ်ယောက် မကောင်းလျှင် အများက စုစည်းအပြစ်ပေးခြင်းခံရသောကြောင့် နဂိုက ယဉ်ယဉ်ကျေးကျေးနေလာခဲ့ကြသော ရိုးရိုးအေးအေး လူအများစုပင် မိမိမှ အပြစ်ပေးကျူးလွန်၊ စည်းကမ်း မဖောက်ဖျက်ပါဘဲလျှက် တစ်းဦးတစ်ယောက်၏ စည်းကမ်းဖောက်ဖျက်မှုကြောင့် ကျန်သောသူ အားလုံးပါ အပြစ်ပေးခံရသော အခါ၊ စည်းကမ်းအတိုင်း နေထိုင်ကြသူတို့ စိတ်ထဲတွင် မခံချိ မခံသာဖြစ်လာ ကြတော့သည်။ ဤသို့ ရိုးစိုင်းသော၊ နောက်ရေးကို မတွက်ဆသော ခံယူချက်နှင့်အတူ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲသွားမည်ဆိုလည်း ပြောင်းလဲချင် စဖွယ်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော ကျနော်တို့ အားလုံး ခံစားတွေ့ကြုံနေရသော အခြေအနေများမှ နေ၍ ဘယ်အရာသည် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်၍၊ ဘယ်အပြုအမူသည် ဥပဒေမဲ့ ပြုမူဆက်ဆံခြင်းခံရ သော မတရားမှုဖြစ်သည် ဆိုခြင်းကို ဝေဖန်ခွဲခြားနိုင်စွမ်း မရှိတော့ သောကြောင့် ဖြစ်၏။ အားလုံးသော ပြစ်ဒဏ် များသည် အထက်အာဏာပိုင်လုပ်သူ ငြိငြင်စေသော အမှုကို မိမိတို့က ကျူးလွန်မိသောကြောင့် ရရှိခံစားလာရ သော ပြစ်ဒဏ်များသာ ဖြစ်သည်ဟု ယူဆ ယုံကြည်သူများလာပြီး။ အထက်အရာရှိနှင့် သင့်တင့်အောင် နေတတ် လျှင် အနေအစား ချောင်လည်မည်၊ မသင့်တင့်လျှင် အနေအစား ဆင်းရဲကျပ်တည်းမည့် အပြင်၊ အပြစ်မရှိ၊ အပြစ်ရှာ ခံနေရကာ ဘ၀ရပ်တည်မှု အခြေအနေ မတည်မြဲအောင် နည်းမျိုးစုံဖြင့် ပုံစံပေးခြင်း ခံလာရနိုင်မည်။

ထို့အပြင် အထက်အရာရှိ၊ စီနီယာ ဟူသည် အဓမ္မ၊ ဓမ္မ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၎င်းတို့ စိတ်ထဲရှိသည့်၊ စိတ်ထင်ရာ အမိန့်နှင့် ပြစ်ဒဏ်ကို ပေးပိုင်ခွင့်ရှိသော၊ အာဏာပိုင်ရှင်များ ဖြစ်ပြီး မိမိတို့မှာ ယခု ဂျူနီယာ ဘ၀ရောက်ခိုက် ပေးသမျှ ခံလိုက်မည်၊ အံကြိတ်ခံလိုက်မည်။ အဲ.. မိမိတို့ စီနီယာ ဘ၀ရောက်လာလျှင်၊ စီနီယာအဖြစ် ရောက်လာလျှင် ဤပုံဤနည်းအတိုင်း လက်အောက် ဂျူနီယာများကို နှိပ်စက် အုပ်ချုပ်မည်ဟု တေးမှတ်ခံယူသူ ဗိုလ်လောင်းများစွာတို့ ပေါ်ပေါက်လာတော့၏။ ပေဖြစ်တုံးခံ၊ တူဖြစ်လာလျှင် နှံမည်ဟူသော စကားပုံမှာ မြန်မာ စစ်တပ်အတွက် လွန်စွာ မှန်ကန်သော လူမှုရေး ပုံစံဖြစ်လာပေတော့သည်။

ကျနော်တို့ ဗိုလ်လောင်းသင်တန်း တက်ရောက်သော ကာလက ခံစားခဲ့ရသည့် တရားမ၀င်သော ပြစ်ဒဏ်ပေးနည်းများ အကြောင်းကို တင်ပြခွင့်ပြုပါ။ အချို့သော ပြစ်ဒဏ်များသည် သာမာန်လူ တစ်ဦး လက်ခံလုပ်ဆောင်နိုင်သည့် ပင်ပန်းဆင်းရဲမှု အတိုင်းအတာထက် ပိုမိုသောကြောင့် ပြင်ပမှ အရပ်သူ၊ အရပ်သားတို့က လက်ခံယုံကြည်မှု ရှိချင်မှ ရှိမည်။ ယုံချင်ယုံ၊ မယုံချင်နေကြပါ၊ ကျနော်တို့ အမှတ်စဉ် ( ) စစ်တက္ကသိုလ် သင်တန်းကို တက်ရောက်ခဲ့သူ မည်သည့် အရာရှိကို မဆို မေးမြန်း လေ့လာနိုင်ပါသည်။ ကျနော်ပြောသော ဖြစ်ရပ်တို့ တကယ် ဟုတ်ခဲ့၏။ မဟုတ်ခဲ့၏ ဆိုသည်ကို စုံစမ်းနိုင်ပါသည်။

ကျနော်တို့ ကြုံတွေ့ခဲ့ရသည် အကြိမ်အရေအတွက် အမှတ်သားနိုင်တော့လောက်အောင် မြောက်များစွာသော အပြစ်ပေးခံပွဲတစ်ခုမှ၊ ပုံစံနမူနာ တစ်ခုကို ဖေါ်ပြလိုပါသည်။ အပြစ်တစ်ခု၊ အကြောင်းအရာ တစ်ခုကို ဗန်းပြ၍၊ ကျနော်တို့ အပတ်စဉ်မှ ဗိုလ်လောင်း အားလုံးကို စုပေါင်း တန်းစီကွင်းကြီးအတွင် တင်ကြို တန်းစီထားခိုင်းပြီး၊ မကြာခင် ကျနော်တို့ကို အပြစ်ပေးရန် တာဝန်ကျသည့် စီနီယာများက စစ်ယူနီဖောင်းအပြည့်အစုံဖြင့် အဆင့်သင့် စောင့်ဆိုင်းနေကြရ၏။ မိမိတို့ ကိုယ်တိုင်ပင် မသိလိုက်သော ပြစ်မှုများ၊ ဘယ်သူဘယ်ဝါက ကျူးလွန်လိုက်မှန်း မသိသော လက်သည်ပျောက် အမှုများ၊ စီနီယာအပေး ဒေါင့်မကျိုးသော ကျနော် အပါအ၀င် အချို့ဗိုလ်လောင်း တစ်ချို့၏ မထီမဲ့မြင်၊ မလေးမစား ပြုမူ ဆက်ဆံပုံများကို အပြစ်အဖြစ် ဖေါ်ပြပြီး၊ ထိုအပြစ်များ အတွက် ထိုက်သင့် တန်ဖိုး ကြေပေးဆပ်ရသည့် ပြစ်ဒဏ်ပေးမည့် ပွဲကြီးစတင် ပါတော့သည်။ အပြစ်ရှိသည့်အတွက် အပြစ်ပေးမည် ဟုဆိုကာ ဖိုင်နယ် ဗိုလ်လောင်း တာဝန်ကျသူ တစ်ဦး၏ နှုတ်မိန့်ဖြင့် ကျနော်တို့အားလုံးက သူခိုင်းသည့်အတိုင်း တသွေတတိမ်း လိုက်ပါလုပ်ဆောင် ရတော့၏။ ကျနော်တို့ အနီးတွင် အနီးကပ်စောင့်ကြည့် ကြပ်မတ်နေသူ၊ ဒုတိယနှစ် ဗိုလ်လောင်းများ၊ တတိယနှစ် ဗိုလ်လောင်းများက ၎င်းတို့၏ အမိန့်အတိုင်း ကျနော်တို့ ပထမနှစ်များမှ တသွေမတိမ်းလိုက်ပါ လုပ်ဆောင်မှုရှိ၊ မရှိ ဒေါင့်မကျိုးသော၊ ကလန်ကဆန် အပြုအမူဖြင့် အံကြိတ်ခြင်းမျိုး၊ မကျေနပ်သော အမူအရာ အကြည့်ဖြင့် အထက်စီနီယာကို ပြန်ကြည့်ခြင်းမျိုးများ ရှိ မရှိ၊ အနီးကပ်စောင့်ကြည့် နေ၏။

ထိုသို့သော ပြစ်ဒဏ်ပေးပွဲ အချိန်မျိုးတွင် အစကနဦး အဖြစ် ပေးသော ပြစ်ဒဏ်များသည် တရားဝင် ပေးပိုင်ခွင့် ရှိသည့် လက်ထောက်မှောက်၊ လေထီးခုန်၊ ဖားခုန်လောက် သာဖြစ်၏။ ခက်သည်ကား ထိုသို့သော လက်၊ ခုန် ဂျွမ်းလောက် ဆိုလျှင် ကျနော်တို့ အားလုံးအတွက် မမှုတော့သော ပါးမွှား ပြစ်ဒဏ်ဖြစ်နေပြီဖြစ်၏။ ပြင်းထန်နာကျင်၊ နောင်ကြဉ်စေမည့် အပြစ်ပေးခြင်း။ ခံရခက်သည့် ပင်ပန်းဆင်းရဲသော အပြစ်ပေးခံရချက် စာရင်းမ၀င် နိုင်တော လောက်အောင် ကျနော်တို့က ပင်ပန်းမှု အရေထူနေပေပြီ။ ဂရုမစိုက်သော၊ စာရင်းမသွင်းသော ပုံစံဖြင့် ခံနိုင်ရည် ရှိလာပေပြီ။ အဘယ်ကြောင့် ဆိုသော် မကြာခဏ ဆိုသည်ထက် ပိုမိုစွာ၊ အမြဲလိုလို၊ အပြစ်ပေးခံရလွန်းအားကြီး၍ ကျနော်တို့ အားလုံး၏ ကိုယ်ခန္ဓာ၊ တစ်ခုလုံး၊ လက်မောင်း၊ ပေါင်ခြေ ထောက်တို့မှာ နာရကောင်းမှန်း၊ ကျင်ရကောင်းမှန်း၊ မသိတော့လောက်အောင် ထုံနေပြီ ဖြစ်၏။ ထို့ကြောင့် သာမာန် ဖားခုန်၊ လက်ထောက်မှောက်၊ လေထီးခုန်လောက် ဆိုလျှင် ကျနော်တို့က အိပ်ငိုက်ချင် စိတ် ပင်ပေါ်လာအောင် ရိုးအီနေပြီ။ လက်ထောက် မှောက် ကွေး၊ ဆန့်လိုက်လုပ်နေရင်း တချက် တချက် ငိုက်ကနဲ ဖြစ်ကာ၊ အသိစိတ်လွတ်သွားပြီး တံတောင်ဆစ် ညွတ်ကျ အိပ်ငိုက်သွားသည် အထိ၊ အပြစ်ပေးခံရမှု၌ အလေ့ အကျင့် ဖြစ်နေပေပြီ။ ထိုသို့ ဖြစ်ရလောက်အောင်လည်း မိမိတို့မှာ အိပ်ချိန် အလွန်ရှားပါးသည့် တိုင်အောင် ဒေါင့်ပေါင်းစုံမှ၊ နေရာမရွေး၊ အချိန်မရွေး ကြုံးသွင်း စောင့်ကြည့် မောင်းနှင်လေ့ကျင့်၊ အပြစ်ပေးခြင်း ခံနေရပေ သေးသည်။ ကဲ့… တရားမ၀င်သော ပြစ်ဒဏ်ပေးနည်းများ အကြောင်း ဆက်ကြပါအုံးစို့….။

စစ်တက္ကသိုလ်မှ သင်ကြားပေးနေသော စစ်ပညာရပ်များသည် ဖက်ဆစ်ဂျပန်တို့၏ စစ်ပညာ၊ နည်းနာများကို နည်းယူတုပ ရယူထားသည်ဆိုခြင်းမှာ ဟုတ်မှန်နိုင်ဖွယ်ရာဖြစ်သည်ဟု ယခု ကျနော်ပြောပြမည့် ဖြစ်စဉ်များ၊ ထူးခြားဆန်းကျယ်သော အပြစ်ပေးနည်းများကို လေ့လာလျှင် လက်ခံလာပေလိမ့်မည်။

ဦးဆုံး အစ္စရေး ခရော (ခေါ်) ၀မ်းလျှားမှောက် အနေအထားမှ တွားသွားခြင်း၊ ပြစ်ဒဏ်အကြောင်း လေ့လာ ကြည့်ကြပါစို့။ ပုံစံမှာ ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် ၀ပ်တွား၍ တံတောင်ဆစ်နှင့် ဒူးခေါင်းကိုသာ အသုံးပြုကာ၊ မိကျောင်းကဲ့သို့ တွားသွားခြင်း၊ အပြစ်ပေးခြင်း အကြောင်းရှင်းပြ ပါမည်။ ထိုအပြစ်ပေးနည်းမှာ စစ်ရေးပြ လက်နက်ငယ်၊ တိုက်ပွဲဝင် လေ့ကျင့်ခန်းများ သင်ကြားခဲ့စဉ်က လက်တွေ့လုပ်ဆောင်ခဲ့ရသော ကိုယ်ဟန် အမူအရာ တစ်ခုပုံစံဖြစ်၏။ ထိုသို့ တံတောင်ဆစ်နှင့် ဒူးခေါင်းနှစ်ခုကိုသာ ကြမ်းပြင်နှင့် ထိတွေ့စေပြီး ရှေ့သို့ ရောက်အောင် တဖြည်းဖြည်းတွားတက်ရခြင်းကို သာမာန်မြေပြင်တွင် လုပ်ဆောင်ခိုင်းသော ပြဿနာ မရှိပေ။ စုပေါင်းတန်းစီကွင်းကဲ့သို့ မညီမညာ၊ ဗြုပ်ထနေသော ကွန်ကရစ် ပြင်ပေါ်တွင် တွားသွားရသောအခါ ကျနော်တို့ ၏ တံတောင်ဆစ် အရိုးထိပ်များနှင့် ဒူးခေါင်း ထိပ်တို့မှ အရေပြားတို့သည် ချင်းချင်းနီသော သွေးကွက်တို့ဖြင့် ပွန်းပဲ့ ဒဏ်ရာရသည်အထိ ထိုအပြစ်ပေးခြင်း မျိုးကို ခံရသည်။ မည်သို့ဆိုစေ လက်ထောက်မှောက်ခြင်း ထက်တော့ သူက ပို၍ ပင်ပန်းဆင်းရဲခြင်း ဝေဒနာ ခံစားရပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့