..............................

Wednesday, October 15, 2008

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၂၂)

“ ဖြန်း..ဖြန်း ”.... နှစ်ချက်ဆင့် ရိုက်လိုက်သော ပါးရိုက်သံသည် တိတ်ဆိတ်နေသော စစ်ဗိုလ် လောင်းတို့အကြား မင်သက်ငေးမော ထိန်လန့်သွားစေ၏။

ကြွက်ကြွက် ညံဆူစကားတွေ ဖေါင်ဖွဲ့နေသည့် အသံတို့စဲသွား၏။ ကျနော်တို့ တန်းစီနေရာ တပ်စခန်း ခြံစည်းရိုးလေး အပြင်ဘက်မှ စောင့်စား ဆူညံနေကြသော ဗိုလ်လောင်းဧည့်တွေ့ မိဘ ညီအကို မောင်နှမများ၏ သဘောကျ လက်ဆုံ စကားပြောသံ တို့သည်လည်း ချက်ချင်းဆိုသလို တိတ်ဆိတ် သွားသည်ဟု ထင်ရ၏။

ဆက်လက်၍လည်း စစ်တက္ကသိုလ်မှ နည်းပြအရာရှိ ဗိုလ်ကြီးတဦး၏ ငှက်ဆိုးထိုးသံပမာ ကြိမ်းမောင်း သံကြီးက အလွန်သာယာလှသည့် ခပ်လှမ်းလှမ်းမှ ပြည်ရွှေဆံတော် ဘုရား၏ ဆွဲလွဲသံ လွင်လွင် လေးများကိုလည်း လှမ်း လွှမ်း၍ ခြုံအုပ်လိုက်တော့၏။

မင်းတို့ ကောင်တွေ နောက်တခါ ဒီလိုအမိန့်မရဘဲ တန်းစီပျက်ကွက်ရင် ဒီထက် ဆိုးမယ်.... ကြားလား.. ဗိုလ်လောင်းတွေ....

ဟုတ်... ဖြေဆိုလိုက်သော ကျနော်တို့ ဗိုလ်လောင်း ၂၀၀ ခန့်၏ အသံက ညီညာမှု မရှိသလို၊ ကျေနပ်မှု မရှိကြောင်းကိုလည်း ထင်ဟပ်သည့် တေးသံ၊ မှတ်သံ၊ ထေ့သံတို့ပါ စွက်နေ၏။

ဟုတ်သည်... ကျနော်တို့၏ ချစ်ခင်ရင်းနှီးလှသော သူငယ်ချင်း ဗိုလ်လောင်းနှစ်ဦးကို ယခုကဲ့သို့ လူပုံအလယ်၊ အရပ်သားတွေအလယ် ခန့်ထယ် မော်ကြွားမှုတွေနှင့် ဟန်လုပ်နေချိန်၊ ကျေးပိုင် ကျွန်ပိုင် ခေတ်မှ၊ ကျွန်ပိုင်ရှင်ကနေ သူ့သက်ဦးဆံပိုင် ငယ်သား ကျွန်တကောင်ကို နိုင်လို မင်းထက် လုပ်၍ ရသည့် ဟန်ဖြင့် သက်သက် အနိုင်ကျင့် နှိပ်စက်ခြင်း ဤပုံစံမျိုးကို ကျနော်တို့ မကြိုက်ကြ....။

သို့ဖြင့် လှောင်ငေါ့သံလိုလို ကြောက်ရွံ့သွား၍ဘဲ.. အသံကောင်းကောင်း မထွက်ကြတော့ သလိုလို.. သလိုလို ယောင်တောင်ပြန် ပုံစံမျိုးများဖြင့် ကျနော်တို့ စိတ်တွင်း မကျေနပ်ချက် တချို့ကို လှစ်အန် ထုတ်လိုက်ကြ၏။

သွား ... ဟိုကောင်... ပြန်ဝင်...

စောစောက ပါးရိုက်ခံလိုက်ရသော ဗိုလ်လောင်းတဦးနှင့် မကြာမီကပင် လက်ထောက်မှောက်၊ ဒိုက်ထိုး၊ ဖားခုန် အပြစ်ပေးခံထားရသော ဗိုလ်လောင်းနှစ်ဦးတို့ ခပ်လျှိုလျှို၊ ခပ်ကုပ်ကုပ်ဖြင့် တန်းစီ မတ်တပ်ရပ် နေကြသော ကျနော်တို့ လူတန်းထဲ ၀င်ရပ်လာကြသည်။

သူတို့မျက်နှာ နှစ်ဦးစလုံးကို မမြင်ရသော်လည်း ကျနော် လှမ်းမြင်နေရသူ ဗိုလ်လောင်း မျိုးနိုင်ကတော့ အံသွားကို တင်းမာစွာ ကြိတ်ထားသည်။ မျက်လုံးအစုံက ရဲတောက် မာထန်၊ စူးရှ လက်မြ နေ၏။ ဟုတ်ပေသည်…...သူရင်ထဲ နာကျင်မှု ပြင်းပြစွာ၊ အားနာမှု လွှမ်းစွာ ရှက်စိတ် သည်းစွာ ပေါ်နေရှာ မည်ကိုး ...။

မလှမ်းမကမ်း သူ့အနောက်နားက ခြံစည်းရိုး ၀ါးလုံးတိုင်နောက်မှ ငေးမော ကြည့်နေကြသော မိဘ ဆွေမျိုးများ အထဲတွင် သူ့အမေနှင့် သူ့ညီအကို မောင်နှမများ၊ သူငယ်ချင်းများ ရှိသည်။ ယခု သူတို့ ရှေ့တွင် တန်းစီကွင်း အရောက် မိနစ်ပိုင်းမျှ နောက်ကျမိခြင်းကြောင့် ရရှိလိုက်ရသော ပြစ်ဒဏ်မှာ.. ယခုလို လူပုံအလယ် ပါးရိုက် ခံလိုက်ရခြင်းပင်၊ ကျနော်တို့ မြန်မာတိုင်းရင်းသား အားလုံးသည် ပါးရိုက်ခြင်း ဟူသည်ကို အင်မတန် စပ်ဆုပ်ရွံရှာ ယုံမက ပါးရိုက် ခံရမည်ကိုလည်း သေမလောက် ကြောက်တတ်ကြသည်။

ယခုတော့ သူ.... သူ့မေမေရှေ့ သူ့သူငယ်ချင်းတွေ ရှေ့.. လူပုံလယ်တွေရှေ့မှာ မြတ်နိုးစွာသော ရွှေပါး တဖြန်းဖြန်း မည်အောင် အရိုက်ခံလိုက်ရပေပြီ။

စစ်အာဏာရှင်စနစ်၏ အခြေခံ အဖွဲ့အစည်းဖြစ်သော စစ်တပ်တွင်းမှ စစ်အရာရှိ လောင်းများကို စစ်တက္ကသိုလ်မှ မွေးထုတ်သင်ကြား လေ့ကျင့်ပေးနေခြင်းမှ သင်တန်းသားတို့ လက်တွေ့ဘ၀ အခြေ အနေများ ဆိုသည်ကို ကျနော် တင်ပြခဲ့ပြီး ဖြစ်၏။

ယခု ကျနော်တို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများသည် လေ့လာရေး ခရီးစဉ်အဖြစ် ပြည်မြို့ရှိ ရွှေဆံတော် ဘုရားအနီး တပ်ဝင်းတခုတွင် ညအိပ်ရန် ရောက်ရှိ ရပ်နားစဉ် ရက်စွဲများအကြောင်း ဖြစ်၏။ မအိပ်မှီ ထိုညနေ၏ နေရောင်ကွယ်လုချိန် ဖြစ်ပျက်နေသော မြင်ကွင်းတချို့ကို ကျနော် ပြောပြခြင်း ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် ပြည်မြို့သည် ပန်းမြို့တော်၊ နှင်းမြို့တော်၊ တောင်လှေခါး၊ ပြင်ဦးလွင် မြို့တော် စသော ခြောက်မည်ရ (ယခု စစ်တပ်မြို့တော်ဟု တခုထပ်တိုးလိုက်၏) မေမြို့ထက်စာလျှင် ခရီး မိုင်အရ သိပ်မကွာဝေးလှသော မြို့တမြို့ဖြစ်၏။ ပြင်ဦးလွင် (မေမြို့)ကဲ့သို့ တောင်ပေါ်ရှမ်းမြို့တွင် နှစ်ရှည်လများ ခွဲခွာကာ စစ်သင်တန်း တက်နေသူ သားတော်မောင် ရင်နှစ်သည်းချာ တို့ကို အထွေထွေ အခြေအနေအရ မေမြို့ထိ လိုက်မတွေ့နိုင်သော ဗိုလ်လောင်းမိဘများ၊ သူငယ်ချင်းများ၊ ချစ်သူများ မိတ်ဆွေများသည် ရန်ကုန်မှ ယခုကျနော်တို့ ရောက်ရှိနေရာ ပြည်မြို့သို့ လာရောက်၍ တွေ့ဆုံ နှုတ်ဆက်ကြ၏။ လိုအပ်သော အထောက်အကူ ငွေကြေး၊ စားသောက်စရာ အခြောက် အခြမ်း၊ အကြော်အလှော်၊ နွေးထွေးမှု မေတ္တာတို့ လာပို့ပေးကြ၏။

ပင်ပန်းလှသော စစ်တက္ကသိုလ်တွင်း စာပေသင်ကြားမှုများ၊ စစ်သင်ခန်းစာများဖြင့် လုံးလည် ချာလည် လိုက်နေခဲ့သော ကျနော်တို့သည် ဤသို့သော လေ့လာရေး (ကျနော်တို့အခေါ် အိပ်၊ စား၊ ကားစီး ... အိပ်စ်ကားစင်း) ခရီးစဉ်ကို ပြင်းပြသော စိတ်ဆန္ဒတို့ဖြင့် စောင့်မျှော် တမ်းတခဲ့ကြသူချည်း ဖြစ်ပါသည်။

ပြင်ပ လူ့လောကနှင့် အဆက်ဖြတ်ခံထားရသော ကျောင်းတော်သားဘ၀မှ ပြင်ပလူနေမှု စနစ် အရပ်သားများ အကြားသို့ စစ်ယူနီဖောင်း အဆောင်အယောင် အဆင့်တဆိပ်ကိုယ်စီ ဖနှောင့်၊ သံဆူး၊ နွားရေကူးသလို ထောက်ကြွ၊ မော့တော့ ကြော့ကြော့ ပျော်ကြမည်ဟု တေးမှတ်ထားခဲ့သော ဤရက်မျိုးတွင်းတွင် ထိုသို့ဖြစ်ပွားခြင်းသည် ဘာနှင့်တူသနည်းဆိုလျှင် မင်္ဂလာဆောင် မောင်နှံအသစ် စက်စက်အား ပျားရည်ဆမ်းမျှ မထွက်ရသေးခင် အသုဘ တလားအခေါင်း လက်ဖွဲ့ လာပေးသလိုပင် ဖြစ်၏။

ကျနော်တို့ ဗိုလ်လောင်း တပတ်စဉ်လုံးသည် ပြည်မြို့နှင့် ၀န်းကျင်ရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ မင်းလှ၊ ညောင်ခြေထောက်၊ ထုံးဘုံ စသောဒေသများရှိ စစ်တပ်၏ အရေးကြီး စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံများ၊ ရှေးဟောင်းခံတပ်များ၊ ရေနံချက် စက်ရုံအလုပ်ရုံများကို လှည့်လည် ကြည့်ရှုလေ့လာရင်း ယခုပြည်မြို့တွင် ခေတ္တရပ်နား အိပ်စက်ခြင်းဖြစ်၏။

နှစ်ရက်မျှ၏ ညနေပိုင်း ခဏာတာသာ တွေ့ခွင့်ရနိုင်သည် ဖြစ်သော်လည်း နှစ်နှင့်ချီ၍ ခွဲခွာကြရသော မိဘ ဆွေမျိုး မိတ်ဆွေများ အနေဖြင့် ဤနှစ်ရက်မျှမှ နာရီပိုင်း အချိန်တို့သည် လွန်စွာ တန်ဖိုးရှိသော အချိန်များ ဖြစ်ပေသည်။ အချို့ ဗိုလ်လောင်းတို့၏ မိဘများ၊ လာရောက် တွေ့ဆုံကြသော်လည်း ငါးပိ၊ ငါးခြောက် အရောင်းဆိုင်ငယ်လေးဖြင့် ရောင်းချ အသက်မွေး နေရသူ ကျနော့် မိဘတို့ကတော့ လာချင်ပါတယ် သားရယ်ဟုသာ ပြောနိုင်၏။ သူတို့တွင် အချိန်ပိုလည်း မရှိ၊ လမ်းစားရိတ် အပိုလည်း မသုံးနိုင်.. ၎င်းကို ကျနော်သိ၏။ ထို့ကြောင့် မမျှော်..............။

ပုဇွန်တောင် သံလျှက်စွန်းမှ မွေးဖွားကြီးပြင်းလာသူ ကျနော် သူငယ်ချင်း မျိုးနိုင်အတွက် ပြင်းပြသော စိတ်မကောင်းခြင်း ခံစားရ၏။

ဂျပန်ခေတ် စစ်တက္ကသိုလ်လို စည်းကမ်း စိတ်ဓာတ်၊ ခံယူချက် လေ့ကျင့် ပေးခြင်းမျိုးရှိ၏ဟု လူပုံ အလယ် ကြွားဝါချင်ယုံဖြင့်၊ ဤသို့ လူပုံအလယ် အရှက်ခွဲ အနိုင်ကျင့် ခြင်းမျိုး မလုပ်သင့်ဟု ကျနော် ယုံကြည်သည်။ စည်းကမ်း စိတ်ဓာတ် အရာတွင် စံနမူနာပြနိုင်သည့် စစ်သင်တန်းသား ဖြစ်စေလိုသော လေ့ကျင့် သင်ကြားပေးခြင်းမျိုး ကျနော်တို့ကို ရရှိစေလိုလျှင် နည်းပြလုပ်သူတို့ ကိုယ်တိုင် စံနမူနာပြ နေထိုင် ကျင့်ကြံပြခြင်းဖြင့် ကျနော်တို့ အတုယူ လေ့ကျင့်မည် မုချဖြစ်၏။

ယခု ဗိုလ်လောင်း မျိုးနိုင်အား အနိုင်ကျင့် ပါးရိုက်လိုက်သော စစ်ဗိုလ်ကြီးသည် ဗိုလ်လောင်း သင်တန်းသားတို့၏ ချဉ်ခြင်း (ချစ်ခြင်း မဟုတ်)၊ စက်ဆုပ် ရွံရှာခြင်းကို ရာနှုန်းပြည့် ပိုင်ဆိုင်ထားသူ ငပဲ့ကြီး ဖြစ်၏။ စစ်တက္ကသိုလ်တွင် အကျင့်တန်သူ၊ ကောက်ကျစ်သူ၊ ယုတ်မာသူ၊ အာဏာပြ အနိုင်ကျင့်တတ်သူ၊ လူမုန်းများသူတို့ကို ငပဲ့ဟု ခေါ်၏။ ထိုသူသည် ငပဲ့ အရာရှိ ဖြစ်၏။ သူ၏ နေပုံ ထိုင်ပုံ၊ ပြုမူပုံတို့မှာ အရာရှိကောင်း တဦး၏ အသွင်မူဟန်တို့နှင့် လားလားမျှ မဆိုင်၊ သင်တန်းသား ဗိုလ်လောင်းတို့အား ကျားချောင်းချောင်း၍ အမြဲလိုလို ဒုက္ခပေး အနိုင်ကျင့်ရန်သာ တာဝန်ယူထားသူ ကိုယ်ကျင့်စာရိတ္တ စံနှုန်း၊ အင်မတန် နိမ့်ကျသူ စစ်ဗိုလ်တဦးအဖြစ် ကျနော်တို့ စိတ်တွင်း လက်ခံ ထား၏။

ယခု ထိုငပဲ့က လူပုံအလယ် ခန့်ထယ်စွာ ပါးရိုက်တော်မူ ပြလိုက်ခြင်းသည် နောင်တခေတ်၏ ခေါင်းဆောင် ဖြစ်လာမည့် လူငယ် မျိုးဆက်သစ်တို့အား စည်းကမ်း၊ စိတ်ဓာတ်၊ ခံယူချက်၊ အတွေး အခေါ်နေရာတွင် ကောင်းမွန်သည့် ဦးတည်ချက်ဖြင့် သွန်သင်ပြသ ဆိုဆုံးမရာ ရောက်ခဲ့သည်ဟု မထင်...

ငါပြောသလိုလုပ်.. ငါလုပ်သလို မလုပ်နဲ့ဟူသည့် ဒီကနေ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှု စနစ်ကို ထင်ဟပ်ပုံဖေါ်၊ ရိုက်သွင်း မောင်းနှင် လေ့ကျင့်ပေးလိုက်သလို ဖြစ်သည်ဟုသာ ထင်မိ၏။ အထက်အရာရှိ ခေါင်းဆောင်ဟူသည် ကိုယ်တိုင် စံနမူနာပြ နေစရာမလို၊ ရာထူး အာဏာရှိသရွေ့ လက်အောက်ငယ်သား တို့ကို အနိုင်ကျင့်ဖိစီး နှိပ်စက်ခွင့်ရှိသည့် အာဏာပိုင်သာ သူသာဖြစ်သည်ဟု ပုံသွင်း လေ့ကျင့်ပေးရာ မရောက်ပေဘူးလား ...။ ကျနော်တွေးမိသော ဖြစ်ရပ်တချို့မှ ဆက်စပ် တွေးမိသမျှကို ယခုအပတ်အတွက် တင်ပြပေးလိုက်ပါ၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့