..............................

Wednesday, October 15, 2008

ယနေ့ စစ်တပ်.... ဘာတွေဖြစ်နေသလဲ (၂၃)

ကျနော်တို့ ပထမနှစ် ဗိုလ်လောင်း သင်တန်းသား ဘ၀က တွေ့ကြုံခဲ့ရသော အဖြစ် အပျက်များကို အသက် အရွယ် အိုမင်း ရင့်ရော်သွားသည့်တိုင် မေ့နိုင်မည် မဟုတ်ဟု ထင်သည်။

ဟုတ်၏။ ဘယ်တော့မှ မမေ့နိုင်ပါ။

နုပျိုသော ဘ၀မှ ကြမ်းတမ်းသော အတွေ့အကြုံ၊ စိုးထိတ်ကြောက်လန့်ရမှု အချိန်ရက်စွဲတို့ ရှည်ကြာလာသည်နှင့်အမျှ၊ လူငယ် ကျနော်တို့သည် ချွေးတရွှဲရွှဲ၊ မောတဟိုက်ဟိုက် အချိန်များကို ထမင်းစား ရေသောက်လောက်နှင့် ထင်မြင် ခံစားလာရတော၏။ ပေါ့ပျက်ပျက် တွေးဆ ခံယူလာကြ တော့၏။ အရေထူလာပြီဟု ပြောနိုင်ပေမည်...။

မဲမဲမြင်ရာ လူဟူသမျှအား ကြောက်ရွံ့ခန့်ညား ရိုသေနေရမှု ကာလရှည်ကြာ လာသည်နှင့်အမျှ အရပ်သူ အရပ်သား မည်သူ့ကိုမှ (မှတ်ချက်။ ။စစ်တက္ကသိုလ် အရာရှိ စီနီယာမှ လွဲ၍) တယ်ပြီး လူမထင်ချင်တော့၊ စာရင်း မသွင်းချင်၊ မခန့်ချင်တော့၊ ကိုယ့်ကိုကိုယ် ဘာကောင်၊ ညာကောင်ရယ်လို့ ထင်ခြင်းကြောင့်တော့ မဟုတ်။

ကြောက်ရ၊ စိုးထိတ်ရ၊ အားငယ်ရသော ရက်စွဲတို့ အလွန် တာရှည်လာသောအခါ ထုံမှိုင်း၊ ထူပိန်း သွားတတ်သော လူတို့သဘော သဘာဝအရ ကြောက်ရကောင်းမှန်း၊ လန့်ရကောင်းမှန်း မသိသလို လို ဖြစ်လာသည်ဟု ဆိုနိုင်သလို...။ ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် အပြစ်ပေး အထိုး အကြိတ်ခံရဖန် များလွန်းသဖြင့် ကြောက်ရ လန့်ရမည် အဆင့်တို့ကို အလိုလို ခွဲပိုင်းဝေဖန် ကြောက်လန့်တတ်မှု ဖြစ်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။

ယခု တပတ်တော့ ပညာသင်ကာလအတွင်း သူ့နှစ်အလိုက် မဖြစ်မနေ ပြိုင်ရသော အားကစားပြိုင်ပွဲ များရှိ၏။ ပထမနှစ်မှ ဖိုင်နယ်ယီးယားအထိ ဆိုင်ရာ၊ ဆိုင်ရာ တပ်ခွဲလိုက် အားကစားပြိုင်ပွဲ များကို အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ကြရ၏။ ခိုကပ် ရှောင်လွဲ ပုန်းအောင်းနေ၍ မရချေ။ နောက်ဆုံး ပြိုင်ပွဲသို့ ၀င်ရောက် မပြိုင်ချင်လျှင် ဆေးရုံသွားတက်.. ရောဂါမရှိလျှင်လည်း မရှိ ရှိယောင်ဆောင်... နှာခေါင်းထဲက လေထွက်၊ အရိုးထဲက ယားယံစသော လံကြုပ် ရောဂါတို့ဖြင့် ဂယ်ရှာ ဟန်ပြ ရှောင်ကြ ရှားကြ၊ သို့မှသာ မဟာ အားကစားပြိုင်ပွဲကြီးများမှ လွတ်ကင်းနိုင် ပေမည်။ သို့မဟုတ်က လာထား ချည်.. ချွေး၊ သွေး၊ အချိန်... ...

အားကစားဆိုမှဖြင့် ချွေးမထွက် မမောမပန်း၊ မပင်ပန်း၊ မညောင်းမညာ၊ သက်သက်သာသာ ဘယ်ရှိ လိမ့်မည်နည်း။ ဘာမဟုတ်သည့် စစ်တုရင်ပြိုင်ပွဲလို တချိန်လုံး ထိုင်နေရသည့် အားကစား ပြိုင်ပွဲလို မျိုးတောင်မှ ဖင်ညောင်းအောင် ထိုင်နေရသေးသည်ပဲ။

ကျနော်တို့ ပထမနှစ် စတုတ္ထနှစ် အထိသော ဗိုလ်လောင်းအားလုံး ၀င်ရောက် ယှဉ်ပြိုင်ရသည့် အားကစား ပြိုင်ပွဲများမှာ ဘောလုံး၊ လက်ဝှေ့၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ လှံစွပ်ထိုး စသော အုပ်စု၊ တဦးချင်းအလိုက် သီးခြားအနိုင်ယူ ယှဉ်ပြိုင်ရသည့် ပွဲမျိုးများ ဖြစ်၏။

သီးသန့် အပတ်စဉ်အလိုက် ပြိုင်ရသော ပွဲမျိုးမှာ ကျနော်တို့ ပထမနှစ်များအတွက် နယ်ကျော် ပြေးပွဲ ဆိုသည့် တောတောင်ကျော်ဖြတ် အပြေးပြိုင်ပွဲ၊ ဒုတိယနှစ် ဗိုလ်လောင်းများ အတွက်မူ ဂျွမ်းဘားပြိုင်ပွဲ၊ တတိယနှစ်များအတွက် ရေကူးပြိုင်ပွဲ၊ စတုတ္ထနှစ်များ အတွက်မူ (အဆော့လ်ထ်) Assault (ခေါ်) ချေမှုန်းရေးပြိုင်ပွဲ စသည်ဖြင့် အသီးသီးရှိ၏။ ပြိုင်ပွဲအားလုံးကတော့ ပင်ပန်းကြမ်းတမ်းကြသည်ပင်၊ အသက် ၂၀ ၀န်းကျင် သန်စွမ်းမှု အကောင်းဆုံး၊ အထက်ဆုံးအရွယ် လူငယ်များမို့သာ အားကြိုး မာန်တက် လုပ်နိုင်၊ ဆော့ကစား နိုင်၊ ပြိုင်နိုင်ကြခြင်း ဖြစ်၏။

နယ်ကျော် ပြေးပွဲဆိုသည့် ကျနော်တို့ ခေါ် စတေဘယ်လ်ရှစ်ပြိုင်ပွဲသည် ကျနော်တို့ ပထမနှစ် များ သက်လုံကောင်းသော၊ အမောလုံသော အပြေးစံချိန် ပိုင်ရှင်များဖြစ်အောင် လေ့ကျင့်ပေးသော ပြိုင်ပွဲ တမျိုးဖြစ်၏။ နယ်ကျော်ပြေးပွဲဟု ဆိုသည့်အတိုင်း နယ်ဒေသများ တောင်ကုန်း၊ တောင်စောင်းများ၊ သစ်တောအုပ်များ ချောင်းခြောက်ငယ်များကို အမောတကော ဖြတ်ကျော် ပြေးရခြင်းဖြစ်၏။ တကယ် ပြိုင်ပွဲဝင်ရမည့် အချိန်ကာလတွင် နာရီပိုင်းမျှသာ အချိန်ကြာမည့် ထိုပြိုင်ပွဲလေး တခုသည် ကျနော် တို့ကို လပေါင်းများစွာ၊ နာရီပေါင်းများစွာ အတော်ကြာကြာ ဒုက္ခပေးနေသော လေ့ကျင့်မှု များကို လုပ်နေရစေခဲ့၏။ တတိ တတိနှင့် လေ့ကျင့်မှုမှ ခံနိုင်ရည် သက်လုံတိုးတက် ကောင်းမွန်မှု မြင့်မား လာအောင် ကြိုးစား နေစေခဲ့ပေသည်။

ယခင် အပတ်များက ကျနော်တင်ပြခဲ့သည့် ပီတီကွင်းမှ အပြေးတက် အပြန် အမောတကော အချိန်များ အတွင်း လုပ်ရသော ရေချိုးခန်းတွင် ရေမချိုးမှီ၊ အသည်းအသန် အလုအယက် လေ့ကျင့်ရသည့် ဖားခုန်၊ လေထီးခုန်၊ ဘယ်ရီ (ဗိုက်သားလေ့ကျင့်ခန်း) ရိုက်ခြင်း စသော ကြိုင်တင် လေ့ကျင့်မှုများသည် ဘေဘီဘိုက်တာ ကလေးကစားစရာ အဆင့်များသာ ရှိသေး၏။ တကယ်တမ်း ကျနော်တို့ စိုးထိတ် ကြောက်ရွံ့ ပင်ပန်းကြီးစွာ ခံစားရသည်မှာ ထို စတေဘယ်လ်ရှစ် နယ်ကျော် ပြေးပွဲအတွက် တင်ကြို အပြေးကျင့်ရသော လေ့ကျင့်မှု ကာလများကို ဖြစ်၏။

မိမိတို့ တကယ်တန်း အပြေးပြိုင်ပွဲဝင်ရမည့် ရွာစဉ်တလျောက် ထိုအပြေးပြိုင်ရမည့် လမ်းကြော အတိုင်း၊ တပ်ခွဲလိုက် စီနီယာများ ဦးစီးပြီး သောကြာလို နေ့မျိုးနှင့် ကြားကာလ ရက်များတွင် အပြိုင် အဆိုင်လေ့ကျင့်ကြ၏။ ပြိုင်ပွဲအစစ် မဟုတ်သေးသော်လည်း စီနီယာများ ဦးစီးပြီး တကယ့် ပြိုင်ပွဲတွင် ၀င်ပြိုင်နေကြသည့်နှယ် အချက်ပေး တာလွှတ်ပြီး ၀င်ချိန်၊ ထွက်ချိန်ကို စီနီယာများက ကြပ်မတ်ကာ စောင့်ကြည့်စစ်ဆေး၏။

အပြေးကျင့်ရာ လမ်းတလျောက်တွင်လည်း စီနီယာများက အကဲခတ် စောင့်ကြည့် တွန်းအားပေးလျှက် မောင်းနှင်လျှက် ရှိ၏။ မောလွန်း၍ ရင်ဘတ်အောင့်၍၊ ချွေးထွက်လွန်လွန်း သွား၍၊ မျက်လုံးတွေပြာ ဦးခေါင်းတွေ မူးမိုက်လာ၍၊ ဆက်မပြေးနိုင်တော့၍ ဆိုပြီး၊ မနားရ။ မထိုင်ရ၊ လမ်းလျှောက်သွား၍ မရ၊ ခြေပစ်၊ လက်ပစ်၊ ယိမ်းထိုး၊ ယိုင်နဲ့၊ စစ်ရှုံး သုံ့ပန်းနှယ်၊ ရွဲ ဘလဲ၊ လျှာတစ်လစ် ဆိုက်ပြနေ၍ မရ၊ သေကောင်ပေါင်းလဲ ဟန်ဖြင့် ရှယ်ကိုင် မှေးဖျော့နေ၍ မရချေ....။

တခေါ်လောက်သာသာ အကွာအဝေးတိုင်းတွင် စီနီယာများက အသင့်စောင့်နေ၏။ အပြေးကျင့်နေ ကြသော ကျနော်တို့ ပထမနှစ်များသည် သူတို့စိတ်အထင် ဇွဲနဲ့ဘဲနှင့် အားမာန်နှင့် မပြေးဘဲ ဖြော့တော့ တော့၊ နွဲ့တဲ့တဲ့၊ လူပျင်းတွေလို ကနွဲ့ကလျ လှုပ်လီလှုပ်လဲ့ သွားမပြေးမိလိုက်နှင့်... ထို ပထမနှစ် ဗိုလ်လောင်းမှာ အခြားသော သာမာန်အပြေးကျင့် သူများထက် ပိုနာ၊ ပိုပင်ပန်းမည် မှတ်ပေတော့...။

အပြေးကျင့်ရန် စတင် တာမလွတ်ခင် ကပင် ကျနော်တို့အား ၀မ်တိမ်အဖြစ် လစ်မစ်အချိန် ကန့်သတ် ချက် ပေးလိုက်ပြီး ဖြစ်သည်။ စတင် တာလွတ်ချိန် ဘယ်အချိန်မှစ၍ ဘယ်နာရီအမှီ ပန်းဝင်အောင် ပြေးရမည်။ ပန်းမ၀င်နိုင်သူ နောက်ကျသော ဘယ်နှစ်ယောက် အုတ်ခဲပက် (အုတ်ခဲထည့်ထားသော ကျောပိုးအိတ်)နှင့် သတင်း ပို့ရမည်ဆိုသော အမိန့်က တင်ကြိုထုတ်ပြန် ထားပြီး ဖြစ်၏။ ထိုည မအိပ် ရတော့အောင် ခေါ်ကြိတ်၊ ခေါ်အုပ်မည့် သူတွေကလည်း အသင့်၊ ဒီလို အပြေးကျင့်ယုံ လေ့ကျင့်ခန်း အတွင်း သူများနည်းတူ မပြေးနိုင်ယုံမျှဖြင့် ကိုယ့်ကိုယ်ပိုင် အိပ်ချိန်ထဲက ပေးရမည်ကို ကြောက်စိုး ထိတ်ကြ၏။
ထိုမျှမက ပြေးကျင့်နေစဉ် လမ်းတလျှောက်က စီနီယာများ အလိုမကျ ဖြော့ဖြော့ ဟန်ပန်၊ အားမာန် မပါ၊ နှေးကွေးစွာ ပြေးမိပါကလည်း ရောက်လာနိုင်မည့် သတင်းပို့ ခေါ်ခံ အပြစ်ပေး ခြင်းက အသင့် စောင့်နေ၏။ ထိုကြောင့် အံကြိတ် ဇွဲတင် ပြေးနိုင်အောင် ကြိုးစားရ၏။ မဖျော့ရဲ၊ မလျှော့ရဲ။ အပါး မခိုရဲ၊ လိုက်ပြေးနိုင်အောင် ကြိုးစားရင်း သက်လုံတို့ အရပ်သားဘ၀နှင့် ဘာမှ မဆိုင်တော့ လောက်အောင် အမောခံ၊ အပင်ပန်း ခံနိုင်ရည် တက်လာ၏။

အဆိုးဆုံးမှာ စိတ်လိုက်မာန်ပါ အားမလို အားမရ ဖြစ်တတ်သော စီနီယာအချို့တို့က ကျနော်တို့ အပြေးလေ့ကျင့်စဉ် လမ်းတလျှောက်ရှိ အလွန်မောဟိုက်တတ်သော တောင်ကုန်း အတက်တို့၊ ချောင်း အကူး၊ မြောင်းအကူး စသော နေရာတို့တွင် သူတို့က တင်ကြိုရောက်နှင့် စောင့်စားရောက် နှင့်ကာ ဆွဲခေါ်ပြေးတက် လေ့ကျင့် ပေးတတ်ခြင်းပင် ဖြစ်၏။ သူတို့ကို တွေ့ရသော အချိန်တွင် ကျနော်တို့သည် အလွန် အင်မတန်မှကို ပင်ပန်းမောဟိုက် လှိုက်ဖို၊ အားအင် ကုန်နေတတ်သော အချိန်များ ဖြစ်ကြ၏။ လှုပ်လီ လှုပ်တဲ့ ခပ်နွဲ့နွဲ့ အပြေးမောင်တို့ သူ့အနားရောက်ချိန် အားမလို အားမရ၊ သူတို့ ခံစားရပြီ ဆိုသည်နှင့် ထိုမောပန်းဟောဟိုက် နေသူသည် မသက်သာတော့ပေ...။

ထိုစီနီယာတို့သည် သူတို့တွင် ပတ်ထားသော ခါးပတ်ကိုချွတ်.. စီနီယာနှစ်ယောက် တဘက် တချက်စီ ရံကာ သေလုမျောပါး ပုံစံဖြင့် ပြေးနေသူ၏ ခါးမှ ခါးပတ်ကို သူတို့ ခါးပတ်ဖြင့် တွယ်ချိတ် ချည်နှောင်ကာ ရှေ့ကုန်းအတက်၊ တောင်အတက်မှ ဆွဲပြေးပါတော့သည်၊ နဂို မောဟိုက် ပင်ပန်း ချိနဲ့ နေ၍ လှုပ်လဲ့လဲ့ ပြေးနေရ သူကို ဤသို့ ခါးပတ်ဖြင့် ဆွဲယူပြေးသောအခါ လူကတော့ ခါးမှဖြတ် အဆွဲခံ နေရသည်မို့ ပြေးလိုက်နေသလို ဖြစ်နေသော်လည်း၊ ခြေထောက်တို့မူ မသယ်နိုင်၊ မလှမ်းနိုင်၊ မရွေ့ နိုင်တော့၊ ရင်ဘတ်အတွင်းက ဖားဖိုနှယ် ဖေါင်းပိန်၊ မောဟိုက် အသက်ရှူ ပြင်းဟိုက် တုန်မှုကလည်း ကြောက်ခမန်း လိလိ၊ ဆွဲသူကလည်း နောက်လှည့် မကြည့် တရွတ်တိုက် ဆွဲပြေးလျှက်...။ ဒါကို စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ ဆိုသည့် အနိုင်မခံ အရှုံးမပေး ဟူသည့် ဂုဏ်ယူဖွယ် စိတ်ဓာတ်အဖြစ် ကျနော်တို့ ယုံကြည်ခဲ့ဖူးပါသည်။ သို့သော်....။

မခံနိုင်၊ မပြေးနိုင်၊ ဆက်မလုပ်နိုင်၊ မတတ်နိုင်တော့ကြောင်းလည်း ပြောခွင့်မရှိ၊ အော်လည်း မအော်ရဲ၊ ဟိုက်လွန်းသည်မို့ အော်လည်း မအော်နိုင်၊ မိမိကို နောက်လှည့် မကြည့်ဘဲ အတင်း ဆွဲပြေးနေသူ တို့သည် မိမိတို့ အလွန် ကြောက်လန့်ရသည့် အထက် စီနီယာများ ဖြစ်ကြပေသည်။ သူတို့ ဘာလုပ် လုပ် အငယ်ဂျူနီယာ စစ်ဗိုလ်လောင်းတို့က အံကြိတ်ခံရယုံမှ တပါး အခြား မရှိ ပေ...။

ဤသို့ ဤနှယ် ဖြင့်ပင် နယ်ကျော် ပြေးပွဲအတွက် ပြိုင်ပွဲမ၀င်ခင် အစမ်းလေ့ကျင့်သည့် ထိုပုံစံမျိုး တွင်းတွင်ပင် ပြေးရင်း အမောဆို့လွန် နှလုံးသွေးရပ် အသက်ထွက်သွားသူ တို့ ကျနော်တို့ မြန်မာပြည် စစ်တက္ကသိုလ် တွင်းတွင် တကယ် ရှိခဲ့ဖူးပါ၏။ စစ်တပ်၏ ဆောင်ပုဒ်ကိုက ချွေးထွက်များမှ သွေးထွက် နည်းမည်ဆိုပြီး ထိုသေသွားသော သူတို့သည် စစ်တပ်၏ အင်မတန် ကောင်းမွန်သော အမိန့်နာခံမှု ဆိုသည်ကို စံနမူနာ ပြလုပ်ဆောင်ရင်း သက်ဆုံးတိုင် တာဝန်ကျေသွား၏ ဘာညာဖြင့် ၀ါဒဖြန့်သော စကားလုံးတို့ ကြားခဲ့ရ၏။

ပြောပြလျှင် ယုံချင်မှ ယုံပေမည်။
ထိုသို့ အသက်ထွက် ဆုံးပါးသွားသူ လူငယ်တို့ကို တိုင်းပြည်အတွက် အသက်စွန့်သွားသည်ဟု ပြောနိုင် ပါမည်လား။ နည်းစနစ်မကျသော အုပ်ချုပ်လေ့ကျင့်မှု လျော့ရဲအားနည်း ချက်ကြောင့် ဖြစ်ပွားခဲ့ရသော ဆုံးရှုံး နစ်နာမှုကြီးများဟု ဆိုနိုင်မည်လား။

တဖက်သက် အမိန့်ပေး အုပ်ချုပ်ခွင့်ရှိသော စစ်တပ်တွင်း အထက်စီနီယာ၊ အထက်အရာရှိ လုပ်သူ၏ အပြုအမူ မှန်သမျှသည် အမှန်ဆိုသော (အာဏာရှင်စနစ် တည်ဆောက်ရေး အခြေခံ အုတ်မြစ်) ဇွတ်အတင်း သွတ်သွင်း လေ့ကျင့်မှုများကြောင့် တန်းဖိုးမဖြတ်နိုင်သော သားကောင်း လူငယ်တို့ အသက် စတေးခဲ့ကြရသည်ဟု ဆိုနိုင်မည်လား...။ အချို့ကတော့ ပြောကြပေမည်၊ ဤ သင်တန်းသည် စစ်သင်တန်းဖြစ်၏။ မိုးကြိုးငှက်ငယ် ဂျော်ရကွီးလေးများ မိတ်ကပ်လူး လေ့ကျင့် ပေးရာ နေရာမဟုတ် သောကြောင့် အသက်သေသေ၊ အရိုးကြေကြေ၊ အရေခန်းခန်း လေ့ကျင့် မောင်းနှင်ပေးရမည်မှာ အမှန်ဟု သုံးသပ်ကြပေမည်။ စီနီယာ အချို့ကလည်း စစ်တက္ကသိုလ်၏ အသက်သည် အမိန့်နာခံမှု ကောင်းသည့် စစ်အရာရှိများ ဖြစ်လာစေရန်ဖြစ်ရာ အမိန့်ဟူသမျှ နာခံသူသည် ကောင်းမြတ်သော စိတ်ဓာတ် အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်သည်ဟုဆို၏။

ကျနော်တော့ မထင်... ယနေ့ စစ်တပ်၏ အကြီးမှူး စစ်ဗိုလ်ချုပ်တို့သည် နိုင်ငံကိုလည်း သူတို့ အုပ်ချုပ်နေသည်၊ စစ်တပ်ကလည်း သူတို့ စေလိုရာက နေရသော အခိုင်းခံ ဘ၀.. ပြည်သူနှင့် တပ်မတော် တသားတည်းဖြစ်အောင် ရင်းနှီးချစ်ခင်မှု ရှိနေခဲ့လျှင် ပြဿနာမရှိ၊ ယခုကား စစ်ခေါင်းဆောင်ကြီးများ.. ကျနော့် စစ်တက္ကသိုလ်ဆင်း စီနီယာကြီးများမှ၊ အချို့မှာ ရာထူးနှင့် အာဏာ အတွက် ဂုဏ်၊ ကိုယ်ကျင့် စာရိတ္တ၊ ငယ်သားတို့ ဘ၀အမှန်ကို ကျောခိုင်း မသိကျိုးကျွံပြု စွန့်ပစ်နေကြ သူများအဖြစ် မြင်တွေ့ ကြုံဆုံနေရသောအခါ သူတို့ပြောခဲ့သော စစ်သားကောင်း စိတ်ဓါတ်သည် အာဏာရှင်တို့ လိုရာခိုင်း ခံနိုင်ရေးအတွက် သက်ရှိ ကျေးကျွန်များပမာ သဘောထား လုပ်ဆောင်နိုင် စေမှု အပေါ် စကားလုံး လှလှလေးများဖြင့် ဖုံးအုပ်ဖလှယ် ထားခြင်းသာဖြစ်ကြောင်း တွေ့လာရ၏။

အမိန့် နာခံမှု ကောင်းမွန်သော ပြည်သူ့စစ်သားဟု ပါးပါးနပ်နပ် အလိမ်ခံနေရသည့် မိမိတို့ ဘ၀ကို စောကြောတွေးတော မိလာတော့၏။ မည်သို့ ဆိုစေ.. ထိုသို့ စနစ်၏ အစတေးခံ ဘ၀အောက် နည်းအမျိုးမျိုးတို့ဖြင့် ပေးဆပ်စွန့်လွှတ် စတေး ခံကာ အသက်ဆုံးရှုံး သွားနေသူတို့ ကျနော်တို့ တိုင်းပြည်မှာ ယခုထိတိုင် ရှိနေဆဲပင်၊ ထိုစနစ် ရှိနေ သမျှလည်း ဆုံးရှုံးမှုတို့ ရှိနေအုံးမည် ဖြစ်၏။

မလိုလားအပ်သော စွမ်းအား အရင်းအမြစ်များ တန်ဖိုးမဲ့ ဖြစ်နေကြရခြင်း၏ အဓိက အရင်းအမြစ် ကတော့ အုပ်ချုပ် စီမံခန့်ခွဲ ကြပ်မတ်မှု အားနည်းလျော့ရဲ ညံ့ဖျင်းခြင်းနှင့် တယူသန် အာဏာ တည်ရေး တဇွတ်ထိုး တချက်လွတ် အမိန့်များကြောင့် မဆုံးရှုံးသင့်သော အသက်တို့၊ ရုပ်ဝတ္တုတို့ တန်ဖိုးမဲ့စွာ ဆုံးရှုံး သွားနေကြရခြင်း ဖြစ်၏။ အပြစ်မဲ့ တိုင်းရင်းသားများလည်း ပေးဆပ်ရ၏။ ပြည်သူ့ရင်နှစ် သားချစ် စစ်သားတို့လည်း ရင်းနှီးသေကြေ နေကြရ၏။

မကောင်း.. ကျနော်တို့ မျိုးဆက်သစ်တို့ အနာဂတ်အတွက် မကောင်းပေ....။
ဒီတပတ် ကျနော်တို့ စစ်တက္ကသိုလ်မှ အပြေးလေ့ကျင့်ခန်းများမှ အပြင်းအထန် လေ့ကျင့်ပေးခံ ရခြင်း အကြောင်းများ မှတဆင့် အထက် စီနီယာ၊ အထက်အရာရှိ လုပ်သူ ပေးသမျှ၊ ခိုင်းသမျှ၊ အသက်နှင့် လဲ၍ နာခံရမည်ဟု ရိုက်သွင်း လေ့ကျင့်ပေးနေသော ယနေ့ စစ်တပ်၏ အဓိက ရည်ရွယ်ချက်ကို စဉ်းစားတွေးတော စိတ်ကူးနယ်ချဲ့မိပြန်၏။

အသက်ဆုံးသွားသူ သူငယ်ချင်း ဗိုလ်လောင်းလေးတို့ အကြောင်းမှတဆင့် မိမိတို့ကို အဓိကထား ပုံသွင်း လေ့ကျင့် ပေးနေခြင်း၏ အကြောင်း အရင်းအမြစ် နောက်ကို ဇာချဲ့ ကောက်ကြောင်း လိုက်မိ ရာမှ တိုင်းပြည် တပြည်လုံး၊ တမျိုးသားလုံး အရေးနှင့် ဆက်စပ်တွေးမိ၊ ဆင်ခြင်မိလာပြန် ၏။

မြန်မာနိုင်ငံသားတို့အထဲမှ အထူးသဖြင့် သင်စ၊ အတုယူစ၊ ကိုယ့်စိတ်ကို ကိုယ်ဆောက်တည် ပုံသွင်းစ (ကျနော်တို့လို ၂၀ ကျော် အသက်) လူငယ်တို့ ဤအရွယ်မှာ ပုံသွင်းကောင်းသည့် အိုးလုပ်ရွံ့မြေ ပမာ ဖြစ်ရာ ကောင်းမွန်မှန်ကန်သော ပုံသွင်းလေ့ကျင့် ပေးခံရခြင်းကို ရရှိခဲ့လျှင် ပြဿနာမရှိ၊ ယခုကား ဤသို့မဟုတ်ပေ...။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့