..............................

Wednesday, October 15, 2008

အပစ်ရပ်အဖွဲ့များအကြား လမ်းခွဲကွဲပြားမှုအရိပ်အယောင်များတွေ့ရ

ဗုဒ္ဓဟူးနေ့၊ 15 အောက်တိုဘာလ 2008

နအဖစစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များ ‘လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန်’ / ပြုပြင် ပြောင်းလဲရန်/ ပြန်လည်ဖွဲ့စည်းရန် အမျိုးမျိုး ဖိအားပေး ခံလာရသည့်နောက်ပိုင်း အင်အားကြီးမားသော အချို့အပစ်ရပ်အဖွဲ့များ အတွင်း- ပုတီး (ဂျိုးဖြူ) လိုင်းနှင့် ဓါးမြောင် (လင်းယုန်) လိုင်း ဂိုဏ်းခွဲ ကွဲပြားမှုများ တွေ့ရှိရသည်ဟု သျှမ်းပြည်အတွင်းပိုင်း ဆို့စ် အသီးသီးက တညီတညွတ်တည်း အတည်ပြု ကြသည်။

လူသူလက်နက် ဘဏ္ဍာရေးအင်အားအတောင့်တင်းဆုံးဟု သတ်မှတ်ခံရသည့် ၀ ပြည် သွေးစည်းရေး တပ်မတော် UWSA အတွင်း၌ စီးပွါးရေးအားသန်- ဝေ့ရှော်ကန်း အုပ်စုနှင့် စစ်ရေးအားသန် ပေါက်ယူချန် အုပ်စုဟူ၍ အက်ကြောင်း အက်ရာ အရိပ်အယောင်များ တွေ့မြင်ရကြောင်း အထောက်အထားများရှိသည်ဟု ဆို၏။

သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်ထိန်းချုပ်ထားသည့် တပ်ရင်း တပ်မဟာ အများစု အပေါ် ဦးစီးကွပ်ကဲသော ဝေ့ရှော်ကန်းအုပ်စုနှင့် စီးပွါးရေးအားသန်ကြသူ တရုပ်/ တရုပ်စပ်တပ်မှူးများ အနေနှင့် ပန်ဆန်းဌာနချုပ် ခေါင်းဆောင် အများစု၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဟု စက်တင်ဘာ လလယ်က လက်နက် အပ်ရေးမအပ်ရေး မိုင်းဆတ် ၀မ့်ဟုန့် အစည်းအဝေး၌ တြိဂံတိုင်း စစ်ဌာနချုပ်အား အကြောင်းပြန် ကြားခဲ့၏။ သို့သော် လည်း မိမိတို့၏ စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုကို ၎င်းတို့ပို၍ အလေးထား ဦးစားပေးဖို့ အလားအလာများကြောင်း အကဲခတ် များ သုံးသပ်ကြသည်။

“ ဗမာစစ်တပ်က သူတို့ကိုဝယ်ဖို့ ကမ်းလှမ်းတယ်။ စီးပွါးရေး ပါမစ်အများကြီးနဲ့ သူတို့ကို ပုံအပ်မယ်လို့ လေသံပစ် မက်လုံးပေး ထားတယ်”- ဟု UWSA အရာရှိအချို့နှင့် ၀င်ဆန့်သည့် မိုင်းတုံဒေသခံ ကုန်သည် တစ်ဦးက ရှင်းပြ၏။

“ဧကထောင်သောင်းချီ နှစ်ရှည်သီးနှံပင်စိုက်ပျိုးရေးထဲ ရင်းနှီးမြှုပ်နှံထားတဲ့ သူ့တို့ရဲ့ စီးပွါးရေး နစ်နာမှုကို ဗမာအာဏာ ပိုင်တွေက ပါမစ်တွေနဲ့ လျော်ကြေးသဘောမျိုး ပေးမဲ့ ကမ်းလှမ်းချက်ကို သူတို့ လက်ခံမယ် ထင်တယ်။ သူတို့လက်နက် ဆက်ကိုင်ခွင့် ရှိမယ်ဆိုရင် ဗမာစစ်တပ် တိုက်ရိုက်ကွပ်ကဲမှုအောက် ဌာနေ ပြည်သူ့စစ်ဖြစ်ဖြစ် ၊ ဒေသခံကာကွယ်ရေး ဖြစ်ဖြစ် သူတို့ သဘောတူဖို့များတယ်” ဟုလည်း ကောက်ချက်ချ ကြသည်။


တပ်မဟာ ၁၇၁ စစ်ဒေသမှူး ဝေ့ရှော်ကန်း
(ဓါတ်ပုံ သျှမ်းသံတော်ဆင့်)


အမှန်မှာ ဝေ့ Wei အုပ်စုသည် ယခင် KMT တရုပ်ဖြူအကြွင်းအကျန်အရာရှိအချို့နှင့် အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြ၏။ ကူမင်တန် တရုပ်ဖြူတို့သည် တရုပ် ကွန်မြူနစ်ပါတီ၏ လိုက်လံ တိုက်ခိုက်မောင်းထုတ်မှုကြောင့် ၁၉၄၉ နှစ်နှောင်းပိုင်း မော်စီတုံးတို့ အောင်ပွဲ ကြေငြာခဲ့ပြီးနောက် ယူနန်ပြည်နယ်အတွင်းမှ ကစဥ့်ကလျား စစ်ရှုံး ထွက်ပြေးခဲ့ကြ၏။ အများစု မှာသျှမ်းပြည်နှင့် လောနိုင်ငံအတွင်း ၀င်ရောက် ခြေကုပ်တပ်စွဲခဲ့ကြပြီး နောက်ပိုင်းကျမှ ထိုင်းနိုင်ငံအတွင်း အတည်တကျ အခြေချ လာခဲ့ကြသည်။

ဝပါတီနှင့်တပ်မတော်အတွင်း ထောက်ခံမှုအရဆုံး (ကျမ္မာရေးချို့တဲ့သူ) လက်ရှိခေါင်းဆောင် ပေါက်ယူချန် Bao You Xiang ၏ ဘက် တော်သား စစ်ဘက်ခေါင်းဆောင်အချို့နှင့် ဆွေမျိုးအရာရှိ အချို့ကမူ ဗမာစစ်တပ်နှင့် နောက်ဆုံးခန်း ရင်ဆိုင်ယှဉ်ပြိုင်ရန်အတွက် စစ်ရေးပြင် ဆင်မှုများ ပြုလုပ်လျက် ရှိသည်ဟုဆို၏။

“အခြေအနေတင်းမာရှုပ်ထွေးလာရင် အဘကြီး ပေါက် ကတော့အနားယူမယ်ထင်တယ်။ ဒါပေမဲ့ မြောက်ပိုင်းနယ် မြေဒေသကို ဦးဆောင် ချုပ်ကိုင်ထားတဲ့ ပေါက် ရဲ့တူ တာ့လုန့်က အတော့်ကို တက်ကြွ လှုပ်ရှား ကြိုးစားနေတယ်။ ပေါက်က သူ့တူအပေါ် အများကြီး မျှော်လင့်ချက် ထားပုံရတယ်” ဟု အတွင်းသိ ဆို့စ် တစ်ဦးက ထောက်ပြသည်။

အောက်တိုဘာလဆန်းပိုင်းမှစ၍ ပန်ဆန်းဌာနချုပ်၏ တပ်ရင်းမှူးအထက်အရာရှိများ စစ်ရေး၊ နိုင်ငံရေး မွမ်းမံ သင်တန်း သို့ ဒေသ အသီးသီးမှ အရာရှိ ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည့် အထဲတွင် (နမ့်တစ်အခြေစိုက်) မိုင်းမော၊ ပန်ဝိုင်၊ ခွန်းမာ စစ်ဒေသတပ်မှူး ကြီး တာ့လုန့်၏ အနီးကပ် နောက်လိုက် ၂၀ ခန့်လည်း တက်ရောက်လျက် ရှိသည်ဟု ဆိုသည်။


UWSA ဥက္ကဌ ပေါက်ယူချန်
(ဓါတ်ပုံ သျှမ်းသံတော်ဆင့်)

UWSP/ UWSA ဥက္ကဌကြီးပေါက်ယူချန်နည်းတူ ပန်ဆန်းမြောက်ဘက် တရုပ်နယ်စပ်အနီး ပေါက် မိသားစု မွေးရပ်မြေ ခွန်းမာဇာတိ၊ မိုင်းမော ဒေသစစ်ရေးတာဝန်ခံနှင့် နမ့်တစ်အုပ်ချုပ်ရေးမှူးတာ့လုန့် (၄၁ နှစ်) က “တာ့ထန်းတစ်နှစ် ကျော် ထောင်ထွက်လာ ကတည်းက သူနဲ့မတွေ့ရသေးဘူး” ဟုဆို၏။ အသက် ၅၀ ကျော် တာ့ထန်းခေါ် တရုပ်နာမည် ဝေ့ဆိုက်ထန်သည် ယခင်မိုင်းဆတ် - တာချီလိတ်အကြား မိုင်းယွမ်းဂွင် အုပ်ချုပ်ရေးမှူးနှင့် ၂၅၁၈ တပ်မဟာမှူးဖြစ်ခဲ့၏။ တိုက်ခိုက်ရေးတွင် ထူးချွန်သူအဖြစ် လူသိများပြီး SSA တောင်ပိုင်းအား ရန်သူအဖြစ်သဘောထား၍တိုက်ခိုက်ရန် စောင်ခြင်းကိုလက်မခံသူ ဝေ့ရှော်ကန်း၏ ပြိုင်ဘက် ဖြစ်ခဲ့ဖူး၏။

လွန်ခဲ့သည့် ၇ - ၈ နှစ်ခန့်က ယွမ်ငွေ/ဒေါ်လာအတု ပြုလုပ်မှု၊ SSA-S နှင့် လျှို့ဝှက်ဆက်သွယ်မှု တို့ဖြင့် ပန်ဆန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ခံရပြီး ထောင်ဒဏ် နှစ်ရှည်ကျခံခဲ့ရ၏။ ၂၀၀၇ နှစ်ဦးပိုင်း၌ ပြန်လွတ်ပေးပြီး ၎င်းအား မိုင်းမော ပန်ဝိုင်ဘက် ရွှေ့ပြောင်း နေထိုင်စေခဲ့သည်။ “ တာ့ထန်းက တာ့လုန့်ရဲ့ စစ်ဘက်အကြံပေး အကြီးအကဲ ဖြစ်နေတယ်လို့ ခန့်မှန်းရတယ်” ဟုအကဲခတ်များ ပြောဆို ကြသည်။

လွန်ခဲ့သည့်လပိုင်းကတည်းက အထူးဒေသ ၃ အပစ်ရပ်မြောက်ပိုင်း SSA-N နှင့် အထူးဒေသ ၄ NDAA မိုင်းလား တပ်ဖွဲ့များလည်း အပစ်ရပ် SSA-N တပ်ဖွဲ့နည်းတူ နအဖစစ်အာဏာပိုင်များ၏ ဖိအားပေး အကြပ်ကိုင်မှု မကြာခဏ ခံနေရသည်ဟု ကြားသိရ၏။

လားရှိုးအခြေစိုက် ရမခတိုင်းမှူးဗိုလ်မှူးချုပ်အောင်သန်းထွဋ်က ဆိုင်ကျော့ဌာနချုပ်ရှိ အပစ်ရပ်သျှမ်းတပ် SSA ထိပ်ပိုင်းခေါင်းဆောင် များအား အလယ်အလတ်အရာရှိများ လက်ထဲအာဏာလွှဲပေး၊ နိုင်ငံရေးပါတီထောင်၊ ပြီးလျှင် ရွေးကောက်ပွဲဝင်၊ စသဖြင့် တိုက်တွန်း အားပေးခဲ့၏။ SSA တပ်ဖွဲ့ကိုလည်း အခြေခံဥပဒေသစ် ပြဌာန်းချက် နှင့်အညီ အသွင်ပြောင်းရန်၊ ပြန်လည်ဖွဲ့စည်းရန်၊ လက်နက်ကိုင် လမ်းစဉ် စွန့်လွတ်ရန်လည်း ကျောသပ်ဖိအား ပေးခဲ့၏။ ထိုကိစ္စနှင့် စပ်လျဉ်း၍ အပစ်ရပ် သျှမ်းတပ်၏ ရှေ့ရေး ကံကြမ္မာမည်သို့ ဆက် စခန်းသွားသင့်သည်ကို လနှင့်ချီ ဗဟို အစည်းအဝေး ကျင်းပခဲ့ကြသော်လည်း တိကျရေရာသော ဆုံးဖြတ်ချက် များ ချမှတ်နိုင်ခဲ့ကြောင်း မကြားမိပေ။

“ ၂၀၁၀ မတိုင်မီတော့ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်နိုင်ချေရှိတယ်။ နအဖရဲ့ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ချက်တွေ ထွက်မလာမချင်း ကျနော် ပထမဦးဆုံး ကြိတင်ခန့်မှန်းချက် ဟောကိန်း ထုတ်သူ မဖြစ်ချင်ဘူးလေ”- ဟု နှစ်ရှည်လများ နယ်စပ်အရေး လေ့လာသူ တစ်ဦး က ဆို၏။

နအဖလမ်းပြမြေပုံအဆင့် ၅ အရ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ၂၀၀၈ နှစ်ကုန်ပိုင်း တွင် ထုတ်ပြန်ဖွယ် ရှိသည်ဟု ခန့်မှန်းရ၏။ တချိန်တည်းမှာပင် နအဖ လက်ပါးစေ အလိုတော်ရိများမူကား နေပြည်တော်၏ လမ်းညွှန်ချက်အတိုင်း မေလ ဆန္ဒခံယူပွဲအပြီး စစ်ဗိုလ် တမတ်သား ဖွဲ့စည်းပုံ အတည်ပြုကြောင်း ထုတ်ပြန်ချိန်နှင့် အပြိုင် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများအတွက် (တဖက်သတ် အထက်စီး လက်ဝါးကြီးအုပ်) စည်းရုံးလာခဲ့ကြပြီဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

...

0 comments:

အပေါ်သို့