..............................

Tuesday, October 14, 2008

ယနေ့ စစ်တပ်… ဘာတွေဖြစ်နေသလဲ (၂၇)

လွန်ခဲ့သော တပတ်က ကျနော်တင်ပြခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများ တပ်စစ်လာရောက်ချိန် လက်အောက်ခံ စစ်ကျောင်း၊ တပ်များမှ အကြီးအကဲများ အရာရှိများ ထွန့်ထွန့်လူး၊ ပြာယာခတ်မျှ အလုပ်ရှုပ်ပြ၊ ကြောက်ပြ နေရ ကြောင်းများ မှတ်မိပါသေးလား ခင်ဗျား…။

ယခုတပတ်တွင်လည်း ကျနော့်ကိုယ်တွေ့ဖြစ်သော ကာကွယ်ရေး ၀န်ကြီးဌာန စစ်ထောက်ချုပ် ဗိုလ်ချုပ်… စစ်တက္ကသိုလ်သို့ လာရောက် တပ်စစ်ဆေးချိန် အဖြစ်အပျက်လေးများကိုလည်း စဉ်းစားသုံးသပ်ပေးကြ ပါအုံးခင်ဗျား။

အဘယ်ကြောင့် ဤအုပ်ချုပ်ရေးစနစ် တည်တံ့နေသည်။ အဘယ်သူတို့က တရားခံ ဖြစ်သည် စသည့်တို့ကို အရိပ် အမြွက်မျှ တွေးမိနိုင်စေမည်ဟု ထင်မြင်မိပါသည်။

ပခုံးတွင် ရွှေကြယ်ပွင့်ကြီးများ လက်ပြင်ပခုံးသား အပြည့်မျှ တပ်ဆင်ထားသည့် စစ်ဗိုလ်ချုပ်ဆိုက်ရောက် မလာ သေးမီမှ စလိုက်၏။

အသွင်၊ အပြင်၊ အထင်အရာ ယုတ်နိမ့် အောက်ကျသည်ဟု ပင် ဆက်စပ် ထင်မြင်နိုင်သည့် အပြုအမူ၊ အသုံး အဆောင်၊ အခင်းအကျင်း ဘာဆိုဘာမျှ (ဘာတခုကိုမှ သူတို့ စတင်ခြေချရာ သူတို့သွားလာရာ လမ်းအနီး၊ အိမ်အနီးတွင် လူလေလူလွင့် စုတ်စုတ်ပြတ်ပြတ်၊ ဆင်းဆင်းရဲရဲ ပုံစံမျှ မရှိစေရ၊ ယုတ်စွအဆုံး ခွေးတကောင်၊ ကြောင်တမြီးမျှပင် သူတို့မြင်သာသော လမ်းကြောင်းနား မသီစေရပေ) မရှိစေ၊ မမြင်စေရဘဲ တန်ဖိုးကြီးပေ့ လူတကာ အားကျစဖွယ် ဖြစ်ရပေ့ဆိုသည့် အသုံးအဆောင်တို့ကို ရသည့် နည်းဖြင့် ငှားရမ်း ပြင်ဆင် ခင်းကျင်း ထားရသည်။

ကျနော်က တပ်မတော်ကို အကောင်းမြင် ၀ါဒဖြင့် ကြည့်သူဖြစ်ပြီး၊ တပ်မတော် မရှိလျှင် မြန်မာနိုင်ငံလည်း မရှိနိုင်ဟု ယုံကြည်ထားသူ ဖြစ်ရာ ယနေ့ တပ်မတော်ကို ကောင်းမွန် မှန်ကန်သည့် သမိုင်းကြောင်းပေါ်သို့ ဆွဲတင် ခေါ်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ရသော ရဲစွမ်း သတ္တိရှိသည့် အရာရှိ စစ်ဗိုလ်မျိုးချစ်တို့ အမူအသွင်အပြင် အချို့ဖြင့် ဤကြိုဆိုပွဲကြီး၏ တခန်းရပ် ဇာတ်ရုပ်ကို သရုပ်ဖေါ်ကြည့်လိုက်၏။

စစ်တပ်တွင်း လက်ရှိ အမှုအထမ်းနေသူ စစ်အရာရှိ၊ စစ်သည်တော် ရဲဘော်တိုင်းသည် ယနေ့ စစ်အာဏာရှင် စနစ်ဖြင့် တသွေး၊ တသံ၊ တမိန့်၊ ငါပြောသလို လုပ်၊ ငါလုပ်သလို လိုက်လုပ်ရင် သေဒဏ်ဟူသည့် တချက်လွတ် စစ်အမိန့်ဖြင့် နိုင်လိုမင်းထက် အုပ်ချုပ်နေမှုများကို ကြည်ဖြူစွာ နာခံသူချည်း မဟုတ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ တိုင်းပြည်နှင့် တပ်မတော်ကို နှစ်နှစ်ကာကာ မြတ်နိုး၍ စစ်တပ်တွင်း ၀င်ရောက်ကာ စစ်မှုတာဝန် ထမ်းဆောင်နေသူ မျိုးချစ်များလည်း မြောက်များစွာ ရှိသေးကြောင်း တင်ပြခဲ့ပြီးဖြစ်၏။

ပြီးခဲ့သော တပတ်က ကျနော်တင်ပြခဲ့သည့် ဗိုလ်ကြီးစောမောင်လို ထီမထင် ဘာမထီ ရဲရင့်သော စစ်သည်တော် စိတ်ထားနှင့် စစ်သားကောင်းများ၊ ယနေ့ စစ်အသိုင်းအ၀ိုင်း၏ တဖက်သက် အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်မြို့သောကြောင့် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသကဲ့သို့ သည်းညည်းခံ နေနေရသူ တပ်မတော်မှ နှုတ်ထွက်ခွင့် မရ၊ စစ်ကျွန်ဘ၀ဖြင့် မကျေမချမ်း တာဝန်ထမ်းနေရသူ ဗိုလ်ကြီး မဇိုင်းလ် ကဲ့သို့ မျိုးချစ် စစ်ဗိုလ် များ၊ စသည်တို့လည်း ထိုသို့သော အထက်အရာရှိ စစ်ဗိုလ်ချုပ်ကို တင်ကြို နှုတ်ဆက်ကြိုဆိုပွဲတွင် မဖြစ်မနေ တက်ကြရသည်။ စစ်ကျောင်းရှိ အရာရှိအားလုံး မဖြစ်မနေ တက်ကြရသည့် ပွဲဖြစ်၏။

ထိုအထဲတွင် စစ်တက္ကသိုလ် စာပေဌာနမှ နည်းပြ ဗိုလ်မှူးကြီးများလည်း ပါ၏။ ကျနော်တို့၏ ဆရာဖြစ်သူ ထို စာပေနည်းပြ ဗိုလ်မှူးကြီး အားလုံးနီးပါးကို ကျနော် အလွန်လေးစားပါ၏။ သူတို့အားလုံးနီးပါးသည် ကိုယ်ကျင့် စာရိတ္တ အားဖြင့် နိမ့်ကျသူ တဦးမျှ ကျနော် မတွေ့ဖူးပေ။

ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းနေသော်လည်း ရိုးသားမှု မာန်မာန အပြည့်ဖြင့် ဖြစ်၏။ ရရှိသော လခ၊ ရိက္ခာက ယနေ့ခေတ် ကုန်ဈေးနှုန်းဖြင့် ဘယ်လိုမှ ဖူလုံလောက်ငှအောင် မဖြစ်နိုင်သောကြောင့် သူတို့လည်း အပိုဝင်ငွေ ရှာကြရသည်။ လေ့ကျင့်ရေးဆိုဒ်မှ အရာရှိအချို့ကဲ့သို့ ဗိုလ်လောင်းများ ရိက္ခာကို ခိုးရောင်းပြီး ဆိုင်ကယ် ၀ယ်စီးသူများလိုလည်း သူတို့ မလုပ်၊ ဗိုလ်လောင်းများအတွက် ရသင့်ရထိုက်သော စစ်ဝတ်ကို ထုတ်မပေးဘဲ အဟောင်း အမြင်းများကိုသာ အစားထိုး ထုတ်ပေးကာ အသစ်များကို ရောင်းစားသူ တပ်မတော် အရာရှိတို့ကဲ့သို့ လည်း ငွေမရှာ။

နေအိမ်တွင်းတွင်ပင် ဇနီးမယားနှင့် အိမ်သူအိမ်သားများ စုပေါင်း၍ ဘိန်းမုန့် ဖုတ်ရောင်းသူ စစ်ဗိုလ်မှူးများ ကိုလည်း ကျနော်တွေ့ခဲ့ဖူးပါသည်။ အိမ်တွင်းမှာပင် ရေခဲထုပ် ထုပ်၍ ရေခဲပုံးလေးများဖြင့် အိမ်ပြင် လမ်းသွား လမ်းလာများကို ရောင်းချခြင်း၊ ဖောက်သည် ရေခဲချောင်းရောင်းသူ လူငယ်လေးတို့ကို ရောင်းချခြင်း စသည့် ရိုးသားအပြစ်ကင်းသော နည်းလမ်းများဖြင့် အသက်မွေးနေရသူ စစ်ဗိုလ်မှူးကြီးများ ရာထူးမပေး နေရာမပေးဘဲ ချောင်ထိုးခံထားရသူများ ဖြစ်၏။ မတတ်သာ၍သာ စစ်မှုထမ်းနေရသော်လည်း ယနေ့ ခေတ်တပ်မတော်၏ လုပ်ဆောင်နေမှုများအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြသူများ ဖြစ်၏။ ထိုသို့သော ပညာတတ် စစ်ဗိုလ်မှူးကြီး များလည်း ထိုကြိုဆိုပွဲတွင် ပါ၏။

စိတ်ရင်း အခံအားဖြင့် တိုင်းပြည်ပေါ် ချစ်မြတ်နိုးသူ စစ်ဗိုလ် စစ်သားများ၊ စိတ်ရင်းအခံ အားဖြင့်ကို တပ်မတော် စစ်ယူနီဖောင်းဝတ် ရာထူးအာဏာနေရာယူပြီး အခွင့်အရေးနှင့် ငွေးကြေးရှာမည့် စစ်ကုန်သည် စိတ်ထားဖြင့် ကိုယ်ကျိုးစီးပွားရှာစားရန် စစ်တပ်တွင်း ၀င်လာသူ စိတ်ဓါတ် ၀ဲစားဖေါ်လံဖား စစ်ဗိုလ်များ… အမျိုးမျိုး အဖုံဖုံ အားလုံးတို့သည် ထိုသို့သော အထက်အရာရှိကြီး ကြိုဆိုပွဲမျိုးတွင်မှ လူစုံတက်စုံ ဆုံကြုံရလေ့ ရှိ၏။ ကျန် အချိန်များတွင်မူ သူ့တာဝန်၊ ကိုယ်တာဝန်နှင့် ၂၄ နာရီ တာဝန်ရှိသော စစ်သားများ ဖြစ်သောကြောင့် တွေ့ဆုံကြ ရန် မလွယ်ကူကြ….။

သူတို့သည် သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်း သူသိ ထိုအရာရှိတွေ အားလုံးက စစ်ဗိုလ်ချုပ်တွေ မလာခင် ခပ်တည်တည်.. အချင်းချင်း မရောကြ… ဂုဏ်သိက္ခာအားဖြင့် ရိုးသားမှု ရှိခဲ့သူတို့သည် သရက်ပင်ချို ခြေရင်း ဂွေးတောက်မြစ် ချဉ်းနင်းလာသည်ကို မလိုလားသည့် ဟန်ပုံစံဖြင့် ရောထွေးယှက်တင် မနေလိုသည့် ပုံစံ.. တမိဘတည်းမှ မွေးခဲ့သော်လည်း အမူအကျင့်အားဖြင့် ထိန်းမနိုင် သိမ်းမရ၍ အောက်တန်းကျလွန်း၍ လျစ်လှူရှု ထားရသော သားချင်းတို့အပေါ် စိတ်မောဟန်၊ မတတ်သာ၍သာ ဆက်ဆံနေရ ဟန်… စသော ပုံစံတို့ကိုလည်း တွေနိုင်ပေသည်။

ထို လူကောင်းမျိုးချစ်စစ်ဗိုလ်၊ စစ်သားတို့သည် အနေအထိုင် တည်ကြည်ငြိမ်သက်၏။ ဟိုစပ် ဒီပြာ၊ ခါတာတာ လုပ်မနေကြ၊ အေးဆေးငြိမ်သက်စွာ သူနှင့် သက်ဆိုင်သည့် အလုပ်တာဝန် အကြောင်းသာ ပြင်ဆင်၏။ ဗိုလ်ကြီး စောမောင်တို့လို၊ ဗိုလ်ကြီးမဇိုင်းလ် တို့လို ခပ်တည်တည်၊ လုပ်ချင်တာလုပ်မည်၊ ပြုတ်သွားလည်း နားအေးသည် ဆိုသော စစ်သားစိတ်ထား ပိုင်ရှင်တွေက၊ မနေ့ကနှင့် ဒီနေ့ ဘာမှ မထူးခြားသလိုပင် ခါတိုင်း ရက်များလို အသောက်မပျက်၊ အေးဆေး….

သို့သော် ရာထူး၊ နေရာ၊ အာဏာ၊ ငွေကြေး၊ အခွင့်အရေးနှင့် နောင်ရေး ဆရာဘုရင် မင်းဖြစ်လျှင် တပည့်ငါသည် လည်း မင်းတပည့် အချီကြီး အပွကြီး ပွအံ့ဟု အကြံဖြင့် အချိန်အခါကို ကြည့်ပြီး လွန်ကဲစွာ ဖားယားတတ်သူ၊ ကိုယ်ကျင့် သိက္ခာမဲ့ စိတ်ဓာတ်ဝဲစား စစ်ဗိုလ်တွေကတော့ … ဘယ်လိုပုံတွေ ပေါက်နေမှာပါလိမ့်…။

ဟော…. ရောက်လာပါပြီ။ အဆောင်အယောင်၊ အခြွေအရံ၊ အသင်းအပင်း၊ အစုံအလင်ဖြင့် တောက်ပသစ်လွင် သော စည်းစိမ်ခံ ဇိမ်ခံကား နောက်ဆုံးပေါ်ကြီးများ စီးနင်းကာ တသီတတန်းကြီး ရောက်ရှိလာပါပြီ။ ဇိမ်ခံကားတွေ ရှေ့က လုံခြုံရေး စစ်ယာဉ်တွေပေါ်မှာလည်း ရောင်စုံ အလံငယ်လေးတွေက တလွင့်လွင့် …. ဂျပန်ခေတ်တုန်းက လည်း ထိုသို့ရှိခဲ့မည် ထင်၏။

အသင့်စောင့်ဆိုင်း ကြိုဆိုနေသူ ကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးငယ်တစုတို့မှာလည်း ဇီးစေ့ခန့် ရှိသော မျက်နှာငယ် လေးများဖြင့် မျောက်မီးခဲ ကိုင်ထားမိသလို ဦးထုပ်ကို ချွတ်လိုက် တည့်အောင် ပြန်ဆောင်းလိုက်၊ ဘောင်းဘီနှင့် စစ်ခါးပတ်ခေါင်း တည့်မတည့် ငုံ့ကြည့်လိုက်၊ မလုံမလဲနှင့် ကိုယ့်ဖင်ကို ကိုယ်ပွတ်ပြီး ဖင်မှာ ဘာကပ်နေသလဲ လှည့်ကြည့်လိုက်… နေမကျ၊ ထိုင်မကျ၊ ကြွတ…. ကြွတ…..ဖြစ်နေလေပြီ။

သူ့တို့အား အာဏာရှင်ကြီးက မေးလာလျှင် ဖြေဖို့ ဖြစ်နိုင်သမျှသော တင်ကြို လံကြုပ် အဖြေတွေအတွက် တရွရွ ရွတ်ကျင့်နေကြသည်လား၊ ဂုဏ်တော်ကိုးပါး အန္တရာယ်ကင်း ဂါထာတွေကိုပဲ ရွတ်နေကြသည်လား မသိ သူတို့ ပါးစပ်လေးတွေမှာလည်း ဟတ…၊ ဟတ……။

စားရိပ်သာမှ ဗိုလ်လောင်းတို့ ရိက္ခာကို ရောင်းစားပြီး ကိုယ်ပိုင် ဆိုင်ကယ် ၀ယ်စီးထားသော လူလည်များ၊ အကောင်ကြီးကြီး အမြီးရှည်ရှည် လူကြီးသား ဗိုလ်လောင်းများကို အိမ်ပေါ်ခေါ်တင် ကျွေးမွေးပြုစု စောင့်ရှောက် မျက်နှာသာပေးပြီး သူတို့အဖေ စစ်ဗိုလ်ချုပ်တို့၏ မျက်နှာသာပေးခြင်း ခံရပါစေကြောင်း ရွှေရေး ပန်းကန်တက်လို သည့် စိတ်ထားများဖြင့် အကြံကြီးကြီး ကြံထားသူ လူနပ်စစ်ဗိုလ်များ… စသော စိတ်ထားမမှန်သော စစ်ဗိုလ် သူတို့အမူအကျင့် မျက်နှာ အမူအရာများကား ရိုးသားသော စစ်ဗိုလ်များနှင့် လားလားမျှ မဆိုင်…..

ထိုလူလည် လူတတ်၊ လူနပ် စစ်ကုန်သည် စိတ်ထားရှိသူ၊ စစ်ပါးဝပြီး ခေတ်သစ် စစ်ယဉ်ကျေးမှု အသွင်အပြင် များ ကောင်းစွာ နားလည်သူ၊ စစ်ဗိုလ်အများစု၏ မျက်နှာတွေကို ကြည့်လိုက်လျှင် ယုန်သူငယ်လေးများကဲ့သို့ အပြစ်ကင်းကင်း၊ ရိုးသားခြင်း ဟန်ပန်ကို ပြူးကျယ်ကျယ်၊ ကလယ်ကလယ် လုပ်၍ ယခုမှ လူ့ပြည်ရောက် လာသော လူမမယ်လေးလိုများ ဟန်ပန်ကိုလည်း တွေ့နိုင်သည်။ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး၏ မျက်နှာကို မကြည့်ဝံ့ဝံ့ ကြည့်ဝံ့ဝံ့ဖြင့် မရဲတရဲ ခိုးကြည့်နေကြသည့် ဟန်များကိုလည်း တွေ့နိုင်သည်။

သူတို့ ပြစ်ဒဏ် ကြီးကြီးပေးနိုင်မည့် တရားသူကြီးကို အဝေးကပင် ကြောက်လန့် စိုးထိတ်နေရသည့် ခိုးသား တရားခံကဲ့သို့ အားငယ် တုန်လှုပ်နေဟန် ရှိသည့် ချွေးစီးပြန် ဟိုကြည့် သည်ကြည့် မျက်နှာလေးများ၊ အခွင့် ကောင်း နေရာကောင်း၊ ဂွင်ကောင်းကောင်း ရရေး တွေးထားသမျှ၊ ပေးသနားပိုင်ခွင့် ရှိသည့် အာဏာရှင်ကို မျက်နှာလို မျက်နှာရဖြင့်၊ အခြားသူကို ချွန်တွန်းလုပ် ချောက်ချ၊ ထိုနေရာကောင်းကို ကိုယ့်အတွက် ပေးသနားလာ စေဖို့ ဟူသော စိတ်တွင်း အကြံအစည်ဖြင့် ကိုယ်ရည်သွေးကာ ပလူးပလဲ ဆင်---ီ-းခွေးမျှော် လုပ်ပြနေသော ပြာယာခတ် အနားပြာများ၊ …. စသော စသော အမူအရာ ပေါင်းစုံ၊ အပြုအမူပေါင်းစုံ တို့သည် ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ၌ ပြသဘော အကယ်ဒမီ ဆုရ ဇာတ်ကား နမူနာများမှ သရုပ်ဆောင်တို့ အပြုအမူ များထက် သာလွန်နေမည် ဟု ကျနော်ထင်မိ၏။

စစ်ဆေးနေပါပြီ၊ ကျနော်တို့ သင်တန်းသားများကတော့ စာသင်ဆောင်နှင့် အိပ်ဆောင်တွင်းမှ မထွက်ရသော ကြောင့် သူတို့ ရုံးပိုင်းဆိုင်ရာနှင့် စစ်သင်တန်းဆိုင်ရာ ကိစ္စများ၊ ဘာတွေ စစ်မေး၊ ဘာတွေ အပြစ်ပေးသည် ကျနော်မသိ၊ ကျနော် သိသည်မှာ ကျနော်တို့ သင်တန်းသား ဗိုလ်လောင်းများကို (အကယ်ဒမစ်ဆောင် ခေါ်) စာသင်ဆောင်တွင် အဆင်သင့် စောင့်ဆိုင်း ပြင်ဆင်ထားပေးခိုက် ထိုလူကြီး တသိုက်ဆိုသူတို့ ရောက်လာခိုက် လေးကို စွဲစွဲထင်ထင်တွေးမြင် နေမိပါ၏။ ထိုကြောင့် ကျနော်သိသမျှ ဖောက်သည်ချလိုက်၏။

သူတို့ လာစစ်စဉ် တွေ့ရသည့် ဟာသလေးတွေ အသာထား၍ ထိုစဉ်ကာလနှစ်များအတွင်းက ကျနော်တို့ (ဖတ်စ် ယီးယား၊) ပထမနှစ် ဗိုလ်လောင်းများ၏ ၀တ်စား ဆင်ယင်မှု၊ နေထိုင်ရမှုတို့ကို အကျဉ်းမျှ ပြောပါရစေအုံး။

ကျနော်တို့ ဂျူနီယာ သင်တန်းသားများ ရက်သတ္တ တပတ်တွင်မှ ဗုဒ္ဓဟူးနေ့ ၀တ်စုံ (ခေါ်) ချည်ချော စစ်စိမ်း ယူနီးဖောင်း ၀တ်စုံကို ထို ဗုဒ္ဓဟူးနေ့ တနေ့တွင်မှသာ ၀တ်ကြရ၏။ ကျန်သော ရုံးဖွင့်ရက် လေးရက်၊ တွင်ချည်ကြမ်း အိုဂျီ (ခေါ်) ကြမ်းတမ်းလှသည့် ချည်ထည် ၀တ်စုံ ယူနီဖောင်းကို ကော်ထူထူတင် မီးပူခေါက် ရိုးကျအောင် တိုက်၍ ၀တ်ကြရ၏။ ထိုချည်ကြမ်း ၀တ်စုံကို မိမိတို့ ဂျူနီယာများ ဖြစ်သည့် ပထမနှစ်နှင့် ဒုတိယနှစ် တို့သာ ၀တ်ကြရသော်လည်း စီနီယာများမှာမူ ချည်ချော ၀တ်စုံကို စနစ်တကျ ကော်တင် မီးပူတိုက်၍ ၀တ်ကြ၏။ စီနီယာ ဂျူနီယာ အခွင့်အရေး ကွာသည်ကိုးဗျ….။

ချည်ကြမ်းသား ကော်ထောင့်နှင့် လမ်းလျှောက်လျှင် မာကျစ်နေသော ဘောင်းဘီ ၀ါးခြမ်းပြားလို ချပ်ပြား ပေါင်ကြား အချင်းချင်း ပွတ်တိုက်သောကြောင့် တရွှမ်းရွှမ်းနှင့် အသံထွက်၏။ ခြေသလုံးရှေ့ စစ်ဖိနပ်ပေါ်တွင် ချွန်ထွက်နေသော တန်းဒေါက် (ခေါ်) ဘောင်းဘီ ခြေသလုံးသားကို ရှေ့သို့ ဆန့်ထုတ် (ချည်ကြမ်းသား ကော်တင် ဘောင်းဘီ ခြေချင်းဝတ်နားကို မီးပူ၏ထိပ်မှ စောင်းလျော အချွန်ကဲ့သို့ ပုံသွင်းထားသော ခေါက်ရိုးကို သင်္ဘောထိပ်ဦးလို ချွန်မြတောင့်တင်း နေအောင် အထဲမှနေ၍ ဓါတ်မှန် ဖလင်ကော်ပြားကို ခေါက်ချိုးချိုးကာ၊ ထောက်ကူပင့်မ ကော်ကပ် ထားသေး၏။ ထိုဝတ်စုံကို ပြင်ဆင်ရချိန်ပင် နာရီဝက်ခန့် ကြာမည်ထင်၏။) လမ်းလျှောက်သည့်အခါ လူ၏ ဟန်ချက်အတိုင်း ဖိနပ်ထိပ်ဦးနှင့် ထိုဘောင်းဘီခြေသား ထိပ်ချွန် တန်းဒေါက် ချိုးထားသော အချွန်တို့က ရှေ့ပြေးအဖြစ် ပနံရရ မြကနဲ လွကနဲ ရိပ်ကနဲဖြင့် စက်ရုပ် တရုပ်သွားသည့်နှယ် ထောင်တောင်တောင် လွှားကားကား ပုံစံ ဖြစ်သွားတတ်၏။

ထိုကော်တင် ၀တ်စုံ မီးပူ ခေါက်ရိုးဖြင့် ခြေတံဘောင်းဘီးသားတွေကို ဗျက်ကျယ်ကျယ် ၀ါးခြမ်းပြား ကြီးများကဲ့သို့ ဖြစ်အောင် လုပ်ထားပြီး သင်တန်းသားတိုင်းက တန်းဒေါက်ကို မြေပြင်မှ အကွာအဝေးအားဖြင့် တပြေးညီ ဖြစ်နေအောင် တွက်ချက်ချိုးရ လုပ်ရသည်။ ပြီးသော် စစ်ရေးပြ ပုံစံဖြင့် တညီတညာ လမ်းလျှောက်ကြသောအခါ အလွန်ကြည့်၍ လှသော လူစုလူတန်း၊ စနစ်ကျသော စစ်ရေးပြ လမ်းလျှောက်ပုံ ဖြစ်လာတော့၏။

ကျနော်သည်လည်း ထိုစနစ်ကျ လှပသော စစ်ရေးပြ လူတန်းကြီးထဲတွင် ပါဝင်သော စစ်သားတဦး အနေဖြင့် လျှောက်ခဲ့ရ၏။ စိတ်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ စိတ်တွင်းတွင်တော့ ဘရယ်မဟုတ် ကျေနပ်နေခဲ့သော ရက်စွဲတို့ ရှိခဲ့ပါသည်။ ဘာကြောင့်ဆို အသုဘလိုက်ပို့သော ဗရမ်းပတာ လူအုပ်ကြီးက ၀ရုန်းသုန်းကား လမ်းလျှောက်နေကြခြင်းထဲ ပါရသည်ထက်၊ ယခုဤသို့ စစ်အမိန့်ဖြင့် စနစ်တကျ ညီညီညာညာ သွားရ၊ လာရသည်မှာ တမျိုးသော ညီညွတ်ခြင်း၊ စုဝေးခွင့် ရခြင်းမှ လူသားတို့ စိတ်မနောတွင်း စိတ်တွင်းခံစားချက် တခုကို ဖြစ်ပေးစေ၏။ လုံခြုံခြင်း၊ နွေးထွေးခြင်း၊ ခံစားချက် တခုလိုလို ကျေနပ်မှု တခုခုတော့ ပေါ်နေတတ်၏။ ဘယ်လို နာမည်တပ် ခေါ်ဝေါ်နိုင်မည် ဆိုသည်အား ကျနော် ရှင်းမပြတတ်ပါ….။

ရှိစေတော့…..

ထိုချည်ကြမ်းဝတ်စုံ ပေါင်ခြံ ရှတ ရှတကို တပတ်လျှင်လေးရက် ၀တ်ရပြီး ချည်ချော ယူနီဖောင်းကိုမူ ထို ဗုဒ္ဓဟူးနေ့ တနေ့တွင်သာ ၀တ်ခွင့်ရ၏။ ထို စစ်ထောက်ချုပ် လာရောက်စစ်ဆေးသည့် နေ့သည် ဗုဒ္ဓဟူးနေ့ မဟုတ်ပါ။ စားရိပ်သာတွင်လည်း အလွန်တရာမှ စားရခဲသည့် ဟင်း၊ ထမင်းများဖြင့် ကျွေးကြောင်း ပြောခဲ့ပြီး ဖြစ်သည်၊ ယခု ၀တ်ရမည့်ရက် မတိုင်ခင် ထိုအ၀တ်ကို ထုတ်ဝတ်ခိုင်း၏။ ကျနော်တို့ လူလို နေရကြောင်း ၀တ်ကောင်း စားကောင်းနှင့် နေရကြောင်း စစ်ဗိုလ်ချုပ်များအား ပြခြင်းဖြစ်၏။

ဤသည်မှာ ကျနော်တို့ စစ်ဗိုလ်လောင်းများ၏ အပြင်ပန်း ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး လက်တွေ့ အခြေအနေများဖြစ်၏။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့