..............................

Thursday, October 16, 2008

နိုင်ငံရေးအမှုများ၏ တရားလို ရဲမှူး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်

2008-10-15

သတင်းတပ်ဖွဲ့က ရဲမှူးတဦး အောက်တိုဘာ ၉ရက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။ ရဲမှူး ဦးရဲညွန့်ဟာ စက်တင်ဘာ သံဃာ့ အရေးအခင်းမှာ ဖမ်းဆီးထားသူတွေရဲ့ အမှုပေါင်း များစွာအပြင် ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ အမှု၂၁ မှုအနက် ၇ မှု၊ ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ အယ်ဒီတာ ကိုဇော်သက်ထွေးတို့ရဲ့ အမှုတွေမှာလည်း တရားလိုအဖြစ်နဲ့ တရားစွဲဆိုရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဦးရဲညွန့်ဟာ နေအိမ်မှာ ကိုယ့်ကိုယ်ကို ဓားနဲ့ သေကြောင်းကြံစည်တာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ရောက်ရှိနေပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ် ဆိုပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေ RFA က သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

ရဲမှူး ဦးရဲညွန့်ဟာ အခုလို ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို ဖမ်းဆီးရာမှာ ကိုယ်တိုင်ပါဝင်ပြီး အမှုပေါင်းများစွာမှာ တရားလိုအဖြစ် ဆောင်ရွက်နေရတာတဲ့ အပေါ် တော်တော်လေးကို စိတ်ပျက်နေတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါအပြင် အဖမ်းခံနေရသူတွေရဲ့ မိသားစုတချို့နဲ့လည်း ရင်းနှီးပြီး မိမိဟာ အထက်က တာဝန်ပေးချက်အရ လုပ်ဆောင်နေရတာ ဖြစ်ကြောင်း မကြာခဏ တောင်းပန်စကား ပြောတယ်လို့လည်း ဦးရဲညွန့်နဲ့ စကားပြောဆိုခဲ့ဘူးသူ အဖမ်းဆီးခံ မိသားစုတွေက RFA ကို ပြောပြကြပါတယ်။

ဥိင်္းရဲညွန့် အနေနဲ့ နေ့စဉ်လို အင်းစိန်ထောင် တရားရုံးမှာ ရှိနေပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အမှုချိန်းကိုတော့ လာရောက်နိုင်ခြင်း မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတပ်ဖွဲ့က ဦးရဲညွန့် နေထိုင်မကောင်းတဲ့ အကြောင်း တရားသူကြီးထံ ခွင့်ပန်ခဲ့ပါတယ်။ ဦးရဲညွန့် တာဝန်ယူထားတဲ့ အမှုတွေ နေရာမှာ အောက်တိုဘာ ၁၃ရက် ပြီးခဲ့တဲ့ တနင်္လာနေ့က စလို့ ဒုရဲမှူး ဦးသန်းစိုးက အစားထိုး ဝင်ရောက် တာဝန်ယူခဲ့ကြောင်း သိရှိရပါတယ်။

ref: RFA News

0 comments:

အပေါ်သို့