..............................

Tuesday, October 14, 2008

ယနေ့ စစ်တပ်... ဘာတွေဖြစ်နေသလဲ (၃၀)

ဟုတ်ပါသည်။ တစ်နှစ်လုံး လက်သီးဆုပ်ခဲ့ရသော ဤမြေ၊ အပြေးတက်ခဲ့ရသော ဤလမ်း၊ တစ်နှစ်လုံး လက် ၉၀ ဒီဂရီ လွှဲခဲ့ရသော ဤအဆောင်၏ ဤနေရာ၊ ဤမြေပြင်တို့သည် ကျနော်တို့ သွေးမစို့ ခဲ့ဘူး သော နေရာဟူ၍ ရှိမည်မထင်။ တန်းစီကွင်း၏ ကွန်ဂရစ် ပြင်ကျယ်ကြီး တိတ်ဆိတ်နေပုံကို ကြည့်ရင်း ကျနော်တို့ တစ်နှစ်လုံး အပြစ်ပေး ခံခဲ့ရသည့် ဆူညံပွက်လော ရိုက်နေသောသဏ္ဍာန် ဆိုးဆိုးများကို သတိရမိ၏။ သြော်.. ဒီကွင်း ဒီပြင်မှာ ကျနော်တို့ ချွေးတွေ၊ သွေးတွေ၊ အန်ဖတ်တွေနဲ့ လူးကျခဲ့ရချိန် များကို တသသ သတိရမိသည်။ ထပ်မံ တွေ့ကြုံဖွယ်ရာ မရှိတော့ဟု အောက်မေ့မိပါသည်။ အဘယ့် ကြောင့်ဆိုသော် ဒုတိယနှစ် ဗိုလ်လောင်းဘ၀သည် ပထမနှစ်လောက် မပင်ပန်းကြောင်း ကျနော် လေ့လာ တွေ့ရှိမိ၍ ဖြစ်သည်။

ဒုတိယနှစ်များ တင်ဆောင်သည့် ထရပ်ကားကြီးများ ကျောင်းဝင်းအတွင်းမှ ထွက်ခွာသွားသည်နှင့် ကျနော်တို့ လွတ်လပ်ရေး တစ်ရက်ရခဲ့ချိန် စိတ်ကူးများ ဖြစ်ပါသည်။ ကျနော်တို့ကတော့ နက်ဖြန် နေ့လည်မှ ဤကျောင်းဝင်းအတွင်းမှ ထွက်ခွာရမည်မို့ အချိန်တစ်ရက် ရပါ၏။

ကျောင်းဝင်း တ၀င်းလုံးသည် စိန်ပန်းနီတို့ဖြင့် ရဲရဲနီနေ၏။ နွေကူးကာလမို့ထင်၊ ရာသီဥတုသည် ပူ သယောင် ထင်ရသော်လဲ ဒီလောက်မဟုတ်။ တောင်ပေါ် နွေဥတုအပြင် ရင်ထဲမှ ပျော်ရွှင်မှု အဟုန် ကလည်း မြင့်နေသောကြောင့် ပြင်ပ ကမ္ဘာကို ညစ်ညူးစိတ်ဝင်ရန် လက်ခံခြင်းလဲ ဖြစ်မည်။ “ဥသြ.. ဥသြ” ဟူသော ဥသြ ငှက်ကလေး၏ တွန်သံကို ကြားလေလေ၊ တိတ်ဆိတ်နေသော လေဟာပြင် ကြီးနှယ် ငြိမ်သက်နေသည့် ကျောင်းဝင်းကြီး အတွင်း၌ နေနေရသော တစ်ရက်တာ ဆိုသည့် နေ့ရက် အချိန်ကို မြန်မြန် ကုန်လိုလှလေလေ ဖြစ်နေသည်။

ထောင်မှ ထွက်သောသူ၊ ရှင်လိန်ပြန်သော သူတို့သည် လောကတွင် အပျော်ဆုံးဟု ဆိုသည်။ ထိုအချိန် ထိုလူတို့ ဘယ်လောက်ပျော်သည်ဆိုဆို ကျနော်တို့ အပျော်ကို မှီနိုင်မည် မထင်ဟု ဆိုဝံ့ပါသည်။

မွေးကင်းစမှ ၁၈ နှစ်တိုင် မခွဲမကွာ၊ ရင်အုပ်မကွာ နေခဲ့ရသော မိဘမောင်ဘွား ဆွေမျိုးသားချင်း များနှင့် ရုတ်ချည်းဗြုန်းစား ခွဲခွာ နေခဲ့ရသည်မှာလည်း တစ်နှစ်ပြည့်တော့မည်မို့ ပြန်တွေ့ရမည်ကို တွေး၍ ပျော်သော အပျော်က တစ်မျိုး၊ ပြင်ပအရပ်သား လောက မြန်မာပြည်သူများ အကြား လူပြော များသော ပင်ပန်းဆင်းရဲ ခက်ခဲ ကြမ်းတမ်းလှသည့် စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည် ဟူသော မိမိကိုယ်ကို ကျေနပ်ဂုဏ်ယူပြီး မိဘမောင်ဘွားများ အကြား ၀င့်ကြွားစွာ ကျော်ဖြတ်နိုင်ခဲ့မည် ဟူသော ငယ်မာန်ငယ်သွေး အလျှံက တဖုံ (စားမေးပွဲကျ သူများသည် ကျနော်တို့လောက် မပျော်ကြောင်း တွေ့ရှိရပါသည်။ မတတ်နိုင်ပါ။ ဘယ်သူမပြု မိမိမှုသာဖြစ်ပါသည်) တင့်တယ်သပ်ရပ်စွာ ၀တ်ဆင်ရသော ဗိုလ်လောင်း ဆပ်ပြင်ထွက် ၀တ်စုံ၏ ရွှေကြယ်သီးနှင် ပခုံး ဒေါက်ဖြူဖြူ၊ ခါးပတ် ကြေးတံဆိပ်ကြီးနှင့် ပြောင်လက်စွာ တိုက်ချွတ်ထားသော ရှူးဖိနပ်ကိုစီး (စီနီယာ ထံမှ ငှားထားသော) ဘက်ကယ်ရီ ဦးထုပ် အနီကြီးကိုဆောင်း၍ သူငယ်ချင်း ဆွေမျိုးတွေဆီ လျှောက် လည်မည်၊ ၀င့်ကြွားမည်၊ ဓာတ်ပုံရိုက်မည် ဆိုသော (ဗမာပီပီ) ကြွားဝါမည့် အတွေးလေး တွေနှင့် ပျော်သည့် အပျော်ကတသွယ်၊ ပျော်လိုက်သည့်အပျော်၊ မြူးလိုက်သည့် ကြည့်နူးမှု၊ တွေးလိုက်သည့် အတွေး။ ထိုညက တညလုံး အိပ်မပျော်ပါ။ ရထားစီး ချိန်တွင် တညလုံး စီးရမည်ဖြစ်၍ ထိုအချိန်ကျမှ အိပ်မည်ဟု အားခဲရင်း ရင်ထဲ စီးဆင်းနေသည့် အပျော်မြစ်ကို ပီတိသဲသောင်ဖြင့် ကာရံ၍ စီးလိုရာစီး စိတ်ကူး ပျော်ရွှင်ခဲ့ရပါသည်။

နောက်နေ့နံနက် ကျောင်းကြီးမှခွာပြီး ပြင်ဦးလွင်ဘူတာသို့ ဦးတည် ထွက်ခွာသောအခါ တစ်နှစ်တာ ပင်ပန်း ဆင်းရဲခံရသော ကျောင်းတော်ကြီးအား တလတာ ခွဲခွာရတော့မည် ဟူသော အကြည့်ဖြင့် ကြည့်၍ သံပြိုင်တေးများ သီဆိုရင်ကြူး (များသောအားဖြင့် စစ်သီချင်းများသာ ရကြပါသည်။ တစ်နှစ် လုံးလည်း စစ်သီချင်းပဲ ဆိုခဲ့ရသောကြောင့် ယောင်ပြီး သီချင်း ညဉ်းလျှင်ပင် စစ်သီချင်းသာထွက်၏) ၍ စစ်ကားများဖြင့် ပြင်ဦးလွင် ဘူတာသို့ ရောက်လာကြပါသည်။ ဤတွင်ပင် ဗိုလ်လောင်းတို့၏ လူငယ် ဘ၀ ပျော်ရွှင်မှုက ပေါက်ကွဲကာ မူလဇာတိသို့ ပြန်ဝင်လာကြပါပြီ။ တစ်နှစ်လုံး ခိုးဝှက်၍ စိတ်ကျေနပ် အောင် နေခဲ့ရသမျှ အခုမှ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတော့သည်ကိုး။

ဘူတာများ ပတ်ဝန်းကျင်ရှိ အရက်ဆိုင်များ အလွန် ရောင်းကောင်းပါသည်။ အကြောက်တရား ကြီးစိုးမှု အောက်တွင် နေရသူတို့ ထိန်းသိမ်းမည့်သူ မရှိ၊ ကြောက်ရမည့်သူ မရှိတော့သော လွတ်လပ်ချိန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်ဟု ထိုစဉ်က ကျနော် မတွေးခဲ့မိပါ။ ရထားတွဲပေါ်တွင် စကားတွေ ဗလွတ်ရွတ်တိုက် ပြောကြသည်။ အရက်တွေ နင်းကန် သောက်ကြသည်။ အအေးပိုင်းက ဆင်းလာပြီး အပူပိုင်း ဒေသပေါ်တွင် မောင်းနှင်နေသည့် ပူပြင်းသော ရထားတွဲ ထဲတွင် ပူလောင် သွေးဆူစေသော အရက်ပြင်းများကို သောက်၍ လူထုထံ၊ အဆင့်အတန်းရှိသူတို့ ရှုတ်ချ အထင်သေး စဖွယ် အပြုအမူများဖြင့် နေမ၀င်မချင်း ကျနော်တို့ သောင်းကျန်း လာကြပါသည်။ ဗိုလ်လောင်းများ သီးသန့် စီးနင်းရသော ရထားတွဲ တတွဲဖြစ်၍သာ တော်သေး၏။ အခြားခရီးသည်တို့ သိပ်ပြီးရိပ်မိ သိရှိပုံ မပေါ်ပါ။ ဘူတာတခု ဖြတ်သွားတိုင်း မိန်းမပျိုတို့ကို စကြ နောက်ကြ၏။ ဂုဏ်သိက္ခာမဲ့သော စကားလုံး များဖြင့် နောက်ပြောင်ကြ၏။ မူးယစ်မှုဖြင့် ရန်တွေဖြစ် အချင်းချင်းစကားများ ထိုးကြိတ်ကြ၏။ အချို့ ကတော့ ငြိမ်သက်အေးဆေးစွာ လိုက်ပါလာ၏။ ကျနော်ကတော့ လွတ်လွတ်လပ်လပ် ပျော်တတ်သူ ဖြစ်ပေရာ အရက်သောက်သော ပိုင်းတွင် ကျနော်လဲပါ၏။ သို့သော် ရုပ်ရင်းကြမ်းတမ်းစွာ ပျော်ကြခြင်း ကိုကား အားမပေး။ မူးအောင်သောက်၍ မူးလာသောအခါ ခရီးဆောင်အိပ်များ တင်သော ဦးခေါင်း ထက်ရှိ စင်မြင့်ပေါ် တက်အိပ်၍ မြင်းတစ်ကောင်နှယ် ခါရမ်းနေသော ရထားကြမ်းပြင်ပေါ်သို့ ပြုတ်မကျစေရန် ပတ်ထားသော ခါးပတ်ကိုချွတ်၊ စင်ပေါ်ရှိတန်းကို လျို၍ ခါးကို ပြန်ပတ်ကာ အိပ်လိုက်လာခဲ့၏။ ရထားဘယ်လောက် ခုန်ခုန် ဘယ်လောက် ရမ်းခါခါ ကျနော်ပြုတ် မကျပါ။ ဤမျှအထိ မူးယစ်ပါး နပ်စွာ သောက်စား ပျော်ရွှင်ခဲ့ဖူးပါသည်။

တွဲအတွင်းမှာတော့ ကြောင်မရှိခိုက် သောင်းကျန်းသော ကြွက်များကဲ့သို့ အနည်းနည်း အဖုံဖုံစိတ်ကို ထွက်ပေါက် ပေးနေပုံများမှာ ထိုခေတ် ဗမာလမ်းသရဲကို ပေတေ ဆိုးသွမ်းသမျှသည် ဗိုလ်လောင်း များကို မှီလိမ့်မည် မထင်ပါ။

သြော်.... နောင်တခေတ်၏ အောင်စစ်သည်ဆိုသော အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်များကို တိုင်းပြည်အတွက် အလွန်အားထားရသော လူကြီးလူကောင်း ပီသသည့် တည်ကြည် မြင့်မြတ်သော စိတ်ထားရှိသည့် တော်တည့်ဖြောင့်မှန် သဘောထားကြီးသော ဗီဇ အမြစ်တွယ်သည့်၊ အိနြေ္ဒ သိက္ခာ ပြည့်ဝစွာဖြင့် တည်ငြိမ် အေးဆေးသော အမျိုးကောင်းသားတို့၏ အကျင့် စရိုက်များကို စနစ်တကျ ပုံသွင်း လေ့ကျင့်ပေးလိုက်ခြင်း မရှိပဲ၊ အထက်အရာရှိနှင့် စီနီယာ တို့ကိုသာ ဖိန့်ဖိန့်တုန် ကြောက်ပြီး သူတို့ရှိခိုက် စည်းကမ်းလိုက်နာ၊ ကွယ်ရာ ထင်သလိုစိုင်းနိုင်ခြင်း ကိုသာ လေ့ကျင့်ပေးလိုက်၏။ အမိန့် ဟူသမျှသာ မလွဲမသွေနာခံ၊ ဖီဆန်ရန် စိုးစဉ်းမျှမကြံနှင့်၊ အာဏာရှင် အငယ်စားတို့၏ လုပ်ပိုင်ခွင့် မျိုးပေးကာ မြူဆွယ်၍ စစ်တပ် ကောင်းစားရေး၊ အထက်အောက် အမိန့် နာခံရေးကိုသာ ဦးတည် ပုံသွင်း ခံခဲ့ရသော ကျနော်တို့သည် ကိုယ်ပိုင် လွတ်လပ်ခွင့်ရသော ဤအချိန်များတွင် ဤသို့ ၀ရုန်း သုဉ်းကား (စိတ်ပျက်ဖွယ် ကောင်းလောက်အောင်) ပျော်ရွှင် မြူးတူးကြသည်မှာ မဆန်းပါ။

မြန်မာ့ လူနေမှုစရိုက်ကိုကလဲ အခြေခံ ဤသဘောမျှသာ ဖြစ်ပါသည်။ ထိန်းချုပ် မြိုသိပ်သင့်သော အချိန်ကာလများတွင် မြိုသိပ်ကြိတ်မှိတ်နေတတ်၊ သည်းခံတတ်ပြီး ထိန်းချုပ်မဲ့ကာလ အခွင့်အခါ ကြုံဆုံလာတတ်သောအခါ မီးကုန်ယမ်းကုန် စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်း၊ နောင်တရခြင်းတို့ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်တတ်သော စရိုက် အစဉ်အလာများ၏ ကူးစက်မှုကို ခံယူ ထားကြရသည့် လူငယ်များ လည်း ဖြစ်ပေသည်ကိုး။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့