..............................

Wednesday, October 15, 2008

ယနေ့ စစ်တပ်… ဘာတွေ ဖြစ်နေသလဲ (၁၂)

တဖန် မီးရထားစီးခြင်း ဆိုသော ပြင်ပမှ အရပ်သားတို့ မြင်လျှင် ပြုံးချင်စဖွယ်ဖြစ်သည့် အပြစ်ပေးနည်း တမျိုးအကြောင်း ရှုပါအုံး။ မီးရထား စီးရန် အနေအထား အသင့် ဟူသော နှုတ်အမိန့်ရသည်နှင့် တပြိုင်နက် အတွဲလိုက်၊ အတန်းလိုက် ၁၀ ယောက်တန်းမှ ၁၅ ယောက်တန်းခန့် တန်းစီထားရာ အနေအထားမှ နေ၍ ချက်ချင်းထိုင်ချကာ ဘေးလှည့်၍ ရှေ့လူ၏ ပခုံးကို နောက်လူမှ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၊ အားလုံးဆောင့် ကြောင် ထိုင်ကာ အတွဲ၊ အတန်းမပြုအောင် တရွေ့ရွေ့ ဖားခုန် ခုန်ရခြင်း မျိုးကို ခေါ်၏။ မီးရထားစီးခြင်း ဆိုသော နာမည်ကသာ သာယာခံစားစီးချင်း စဖွယ်၊ တကယ်လိုက် လုပ်ရသူတွေအတွက်တော့ တကယ့်ကို မလွယ်ပါ။ တဦးချင်း ဖါးခုန် ခုန်ခိုင်းလျှင် မိမိပင်ပန်းလွန်း၍ ဆက်လက်မခုန်နိုင်တော့သည့်အခါတွင် ခေတ္တမျှ ရပ်နားပြီး နာကျင်သည့် ဒဏ်အနည်းငယ်ဖြေသာသည့် တိုင်အောင် ဒူးခေါင်းကို အနားပေးခြင်းဖြင့် သက်သာရာ သက်သာကြောင်း လုပ်ယူ၍ ရသေး၏။ ယခုကဲ့သို့ အတွဲလိုက် မီးရထားစီးရသောအခါ၊ အပါးခို၍ မရတော့ပေ။ ညောင်းညာလွန်း၍ ရှေ့လူပုခုံးကို ဆုပ်ကိုင် ခုန်နေခြင်းကို အမှတ်တမဲ့ လက်လွှတ်လိုက်မိပါက နာပြီသာမှတ်၊ ထိုထက်ဆိုးသည့် သာဆိုးတွေ ရောက်လာလိမ့်မည်။ မည်မျှ ဒူးခေါင်းတို့ နာကျင်နေပါစေ။ အံကြိတ်၍ အမိန့် အတိုင်း လိုက်မှီအောင် ခုန်ရ၏။

ဤသို့ မီးရထားကြီး ပျော်ပျော်စီးကာ အပြစ်ပေးခံရခြင်း ကာလအတွင်းတွင် မိမိတို့ အချင်းချင်းကြိတ်ဝိုင်း အသံတိုးတိုးဖြင့် စကားများ၊ ရန်ဖြစ်နေကြရခြင်းလည်း ရှိသေး၏။ အဘယ်ကြောင့် ဆိုသော် အချို့သော ပထမနှစ် ဗိုလ်လောင်းတို့သည် နာကျင် ပင်ပန်းလွန်းသောကြောင့် အနားယူလိုသော်လည်း အတွဲပြုတ်ပါက စတင်၍ လက်အတွဲပြုတ်သူကို ပြင်းထန်စွာ အပြစ်ပေးလေ့ရှိသော ပြစ်ဒဏ်ကိုကြောက်၍ လက်ကို မပြုတ်ရဲ၊ ထို့ကြောင့် ဖာသိဖာသာ အမူအရာဖြင့် မိမိသက်သာရာရစေကြောင်း၊ အကြံကုန်၊ ဂဍုန် ငပိချက်ဆိုသည့်အတိုင်း မိမိဆုပ် ကိုင်ထားသည့် ရှေ့လူ၏ ပုံခုံးကို အားကိုးတကြီးဖြင့် မှီတွယ် အားပြုကာ ဆွဲခိုလိုက်ခုန်ခြင်းဖြင့် သူစိုက် ထုတ်နေရသော အင်အားကုန် ဖါးခုန်ခြင်း အားအင်ကို သက်သာအောင် မှီတွယ် အပါးခိုကာ၊ ခုန်လာတတ် ကြတော့ခြင်း ဖြစ်သည်။ စဉ်းစားကြည့်ပါ၊ ရှေ့လူမှာလည်း သူ့ကိုယ်ခန္ဓာကို မနိုင်မနင်းဖြင့် အားယူကာ ပင်ပန်းကြီး စွာဖြင့် တဆင့်ချင်း လှမ်းခုန်နေရခိုက်တွင် မိမိကို နောက်မှ တွဲခိုစီးကာ ရေသာခိုသော လူပျင်း ကိုယ်ချင်းမစာ ကိုယ်သက်သာဖို့ တစ်ခုသာ ကြည့်သော သူနှင့် တွဲလျှက်သောကျလျှင်ဖြင့် အမယ်မင်း အဖြစ်ဆိုးလှချည်ရဲ့ ဟု ဇာတ်ထဲက မင်းသားကို ဆွဲဆွဲငင်ငင် အော်ချင်စိတ်ပေါက် ဒေါသတွေ အလိပ်လိုက်၊ အလိပ်လိုက် ထွက်နေရတော့၏။

သို့တိုင်အောင် (ထောင်ဝါဒါထက် ဆိုးသော) ငရဲသားဝါဒါ စီနီယာက ဘေးမှာ၊ သိမ်းငှက်တို့၏ မျက်လုံးဖြင့် သားကောင် ရှာနေသည်မို့ အမူအရာကိုလည်း မပျက်ရဲ။ နောက်ကလူ ဆွဲခိုထားသော လက်ပုခုံး ဆုပ်အား သူအလိုလိုပြုတ်ထွက်သွားအောင်၊ အငြိမ့်ချည်လှုပ်သလိုပင်၊ ကျနော်တို့၏ ပုခုံးကြီးတွေကို မသိမသာရော၊ သိသိသာသာပါ လှုပ်ခါကာ နောက်က ခိုစီးလိုက်နေသူ ကိုငပျင်းပြုတ်ထွက် ကျန်ခဲ့အောင် လုပ်ရသည်လည်း ရှိ၏။ ထိုသို့ ပုံခုံးသားကို ဆုပ်ကိုင်မှု အားမနိုင်တော့အောင် ကူလီကူမာ ဉာဏ်မျိုးစုံဖြင့် တွန့်ချည်၊ ရှုံ့ချည် လုပ်နေတာတောင် ရအောင် မှီတွဲ ခိုစီးသူ လူတော် သူငယ်ချင်းများလည်း ရှိ၏။ (သူတို့ ချစ်သူတွေတော့ ဘယ်လိုနေမည် မစဉ်းစားတတ်)။ ဤမျှမာကျော ခိုင်မာအောင် ဘယ်လိုနည်းဖြင့် လက်ဆုပ်အား စွမ်းရည်ကို လေ့ကျင့်ယူထားခဲ့ကြသည် မသိနိုင်ပါ။ ကျနော်လည်း တခါတရံ လက်ဆုပ်ကိုင်မြဲလွန်းသော လူပျင်းထဲ ပါပါသွားတတ်ပါသည်။

ထိုအခါ ရှေ့နောက် နှစ်ကိုယ်ချင်းသာ ကြားနိုင်သော ရန်ပွဲလေးတွေကလည်း စောင့်ကြည့်နေသူ စီနီယာ မမြင်အောင် ကြိတ်ဖြစ်ကြသေးသည်။ (ဟေ့ကောင် ကိုယ်ချင်းစားလေကွာ၊ နှမပေး။ ဇွတ်ကြီး ဆွဲခိုစီး မနေနဲ့ကွ) စသည်ဖြင့် တိုးတိုး၊ တိုးတိုး ရန်ဖြစ်ဆဲဆို မာန်မဲကြသေးသည်။ ဒါကို စီနီယာ တွေ့သွားလျှင် နှစ်ယောက်စလုံး နာဖို့ပြင်ပေတော့။ အပြစ်ပေး ခံရချိန်ကြာလာသည်နှင့်အမျှ ကျနော်တို့ ဒူးခေါင်းတွေထဲ မီးဖိုကြီးတွေ လာထည့်ဖို့ထားသလား ထင်မှတ်ရအောင် ဒူးခေါင်းခြင်ဆီသို့ ပူလောင် ဆူပွက်ခမ်းခြောက်သည့် အာရုံ ခံစားရခိုင်။ ထွက်လိုက်သည့်ချွေးမှာလည်း ကျောတပြင်လုံး စိုစိုရွဲ၍။ ဤသို့ ရှုပ်ထွေး၊ ဆူညံ၊ လူဟန်၊ အသံတွေကြားထဲ ဥသြသံ ဆွဲအော်ခိုင်းသူ စီနီယာဆိုး တချို့က အောင်ခိုင်းသည့် ဘော်…ဘူး…ဘော် ဟူသည့် မီးရထား ဥသြသံမျိုးကို အားလုံးက သံပြိုင်အော်ရသေးသည်။ ထိုသို့ အော်ရခိုင်သည် ပျော်ရွှင်၍ အော်ခြင်းလား၊ ငိုချင်စွာ အော်ခြင်းလား၊ ကျနော်တို့သာ သိခဲ့သော ခံစားချက်လေးများ ဖြစ်ပါသည်။ မည်သို့ဆိုစေ မီးရထားကြီး ပျော်ပျော်စီးခြင်းသည် ခရော (Israel Crawl) ခေါ် တွားသွားခြင်း အပြစ်ပေးခံရပုံ ထက်တော့ ပိုမိုပင်ပန်း ဆင်းရဲ သည်မှာ သေချာပါသည်။

ရိုလီလှိမ့်ခြင်း () ဗိုလ်လောင်း အားလုံး တတန်းတည်း အိပ်လှဲလျက်မှ၊ ငှက်ပျောပင် လှိမ့်သကဲ့သို့ မိမိကိုယ်ကို ကွန်ကရစ် ကွင်းပြင် မြေပေါ်လှိမ့်ရသည့် အပြစ်ပေးခံရ နည်းတမျိုး။ ထိုအချိန်တွင်းတွင် မိမိ၏ လက်ဝါးနှစ်ဖက်ကို ပေါင်ခြံအတွင်း ထည့်သွား၍ မိမိကိုယ်ခန္ဓာကို ငှက်ပျောတုံးသဖွယ် သဘောထားကာ ကိုယ့်ဟန်ချက်ဖြင့် ကိုယ်မြေပေါ်တွင် အရှိန်ဖြင့် လှိမ့်ခြင်း ပုံစံဖြစ်သည်။ တခါလှိမ့်လျင် အကွာအဝေး အနည်းဆုံ ကိုက် (၁၀၀) ခန့်ထိ တောက်လျောက် လှိမ့်ရသည်။ စီနီယာထံက ရပ်ဆိုသော အမိန့်ရလျှင် လှိမ့်နေရာမှ ချက်ချင်း မတ်တပ်ထရပ်၍ “သတိ ဆွဲမတ်တပ်ရပ်ရခြင်း၊ အပြစ်ပေးခံရသော ပုံစံဖြစ်သည်။ ထိုအခါတွင် လှိမ့်လူထားသော လည်ပတ်မှု ဟန်ချက် အရှိန်မကုန် သေးသောကြောင့် ချက်ချင်း မတ်တပ်ရပ်သော ထိုသူသည် အရှိန်မွှတ်မွှတ် လည်ပြီးသော ဂျင်လုံး အရှိန်ကုန်ခါနီး၊ ရပ်တံ့လဲကျခါနီး ယိမ်းထိုးခါယမ်း နေသကဲ့သို့ မိမိကိုယ်ကို ဟန်ချက် မထိမ်းနိုင်ဘဲ ဘေးမှ ရပ်ကြည့်သူ ရယ်ချင်စဖွယ် ဟိုလည် ဒီယိမ်း ကိုယ့်ကိုကိုယ် မထိမ်းနိုင်အောင် မူးဝေနောက်ကျိသော စိတ်အာရုံ ဖြင့် လည်တည်ဘူတည်၊ ဖြစ်ကျန်နေခဲ့ရသော အပြစ်ပေးခံရခြင်း နည်းတမျိုးဖြစ်၏။ လှဲအိပ်လျှက်သား လူများစွာ တို့သည် စီနီယာ၏ ဘေးမှ စောင့်ကြည့်ကြပ်မတ်မှုဖြင့် မိမိ၏ လှိမ့်နေသော အရှိန်ကို မလျော့အောင်၊ မြန်သည် ထက်မြန်အောင် လှိမ့်ရ၏။ သက်သာရာ သက်သာကြောင်း လီဆယ်သည့် အနေနှင့် အရှိန်နှေးကွေးစွာ လှိမ့်ရန် ကြိုးစားမိသောသူသည် ဘေးမှ လမ်းလျှောက် လိုက်ပါလာသော စီနီယာ၏ ရေတိုင်ကီ တွန်းသကဲ့သို့ ၀င်ရောက် တွန်းလှိမ့်ကာ အရှိန်တင်ပေးခြင်းကို ဆင်းရဲပင်ပန်းမူးဝေခြင်း မြင့်မားစွာဖြင့် ခံစားရပေအုံးမည်။ အပြစ်ပေး ခံခဲ့ရသူမှာ အလွန့်အလွန်မူးဝေသည့် အာရုံခံစားရပြီး အစာအိမ်တွင်းရှိ အစာသစ်၊ အစာဟောင်း၊ အစိမ်းရည်များ အန်ထွက်သည်အထိ ဆိုးရွားစွာ ခံစားရသည်။ ကွင်းပြင်တလျောက်လုံးတွင်လည်း ရောင်စုံ အမျိုးမျိုးရှိသော အံဖတ် အပုံများက ဟိုနား၊ ဒီမှာ။ ထိုအစာမဟောင်း၊ တဟောင်းများကို စားသောက်ရန် ပျံဝဲနေသော ရွှေကျီးကန်း တို့ကလည်း စားနေကျမို့ မည်သူ့ကိုမှ မကြောက်၊ အတင်းဝင်ရောက် ထိုးသုတ်နေကြပုံမှာ သုသာန် တစပြင်မှ သူသေတို့အား မကြောက်သော ဠင်းတ တို့၏ အလားဖြစ်နေ၏။ ဤသည်မှာ အံ့သြထိတ်လန့်ဖွယ် အပြစ်ပေးခြင်း တစ်မျိုးဖြစ်သော ရိုလီလှိမ်းခြင်း အပြစ်ပေးခံရနည်းမှ မြင်ကွင်း တမျိုးဖြစ်သည်။

လာပြန်ပါပြီ၊ နောက်တစ်မျိုး… တစွေ့ခုန် ဟု ခေါ်သော အပြစ်ပေးနည်း (တရုတ်သိုင်းကားထဲမှ တရုတ်သရဲ ကဲ့သို့ လက်နှစ်ဘက် ရှေ့မှာ ဆန့်တန်းထား၍ ခုန်ဆွ၊ ခုန်ဆွခုန်းသွားရခြင်း) ရှာရှာဖွေဖွေ ဘယ်သူတွေ စတင်တီထွင် ခဲ့သည် မသိပါ။ စစ်တက္ကသိုလ်တွင် ကြံကြံဖန်ဖန် ပုံစံအမျိုးမျိုးရှိ၍ အပြင်လူတွေ မြင်လျှင် အလိုလို ဟာသဖြစ်နေ မည့် ပုံစံများစွာရှိသည်။ ယခု ကျနော်တို့ အားလုံးကို တစွေ့ခုန် အနေအထား အသင့်ဟူသော အမိန့်ရသည်နှင့် အားလုံးသော ကျနော်တို့သည် တရုတ် သရဲများကဲ့သို့ မတ်တပ်ရပ်လျက်မှ လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်တန်း၍၊ သရဲကြီးများကဲ့သို့ မလှုပ်မရှက် ငြိမ်သက်နေကြရသည်။ လှုပ်ခွင့်မရှိ၊ လုံးဝ မလှုပ်ရပေ။ ခုန်ဆိုသော အမိန့်ရမှ ရှေ့သို့ တစ်ခါခုန် ရသည်၊ လက်နှစ်ဘက်ကို အောက်သို့ မကျရ၊ အတွဲလိုက်၊ အတန်းလိုက်ဖြစ်ရာ ခုန်ဆိုသော အချိန်တွင် မခုန်ဘဲ ကျန်ခဲ့၍ မဖြစ်၊ နာသွားမည်မှတ်၊ အဝေးက လှမ်းကြည့်နေမည် ဆိုလျှင် တန်းစီးကွင်း အတွင်းမှ တညီတညာ၊ ခုန်ခုန်သွားနေသော တရုတ်သရဲအတု ကျနော်တို့၏ မြင်ကွင်းသည် အဆန်းတကြယ်၊ တညီတညာမို့ အံအားသင့်စဖွယ်ပင် ဖြစ်နေမည်လား မသိပါ။ ကျနော်တို့အားလုံးမှာတော့ ချွေးတလုံးလုံး ကျောပြင်၊ ဦးခေါင်းထက်မှာလည်း ဖုန်အလိမ်းလိမ်း၊ အံဖတ်တွေလား ဘာမှန်းမသိသော ပေတူးတူးတွေက အပြည့်။ အာအနံ့ နံပါသည်ဟု မပြောတတ်အောင် အနံ့နှင့် ပတ်သက်ပြီး ဂန္ဓာရုံ၊ အာရုံခံစားမှုတွေလည်း ပျောက်ဆုံးနေပေပြီ။ ဒီလို ဘ၀မျိုးကို ဖြတ်သန်းခဲ့ရသူ ကျနော်တို့မှာ အနာဂတ်၏ လူကြီး၊ လူကောင်း သားကောင်း ရတနာတွေ ကျိမ်းသေဖြစ်လာလိမ့်မည်ဟု မည်သူဆိုဝံ့ပါသနည်း။

ဟောဒီမှာ လာပြန်ပါပြီ။ ပျိုတို့မောင်ရဲ့ အဆန်းတမျိုး၊ သူ့နာမည်က မုန့်ကြိုးလိမ် ဟု ခေါ်သည်။ နာမည်က ဆော့စရာလိုလို၊ မုန့်လိုလိုပါ။ သူလည်းပဲ သက်တောင့်သက်သာခံစားနိုင်စွမ်း လုံးဝ မရှိသော အပြစ်ပေးနည်း တခုဖြစ်၏။ သူ့ပုံစံမှာ လူစင်စစ် မတ်တပ်ရပ်လျက်ပုံစံမှ မတ်တပ်ခြေစုံရပ်၍ ဘယ်ဘက်လက်ကို ပခုံးရှေ့ တည့်တည့် ဆန့်ထုတ်ကာ လက်ညှိုးထိုးထားရသည်။ ညာဘက်လက်ကို ဘယ်ချိုင်းအောက်မှ လျှို၍ ဘယ်ဘက် နားရွက်ကို ဆုပ်ကိုင်ထားရ၏။ ခြေစုံရပ် ကိုယ်ခန္ဓာကို ရဟတ်ယဉ်ပန်ကာ ၀န်းရိုးသဖွယ်ထား၍၊ ဆန့်တန်းထား သော ဘယ်ဘက်လက်ကို ပန်ကာဒလက် သဖွယ် ပုံစံထားကာ ကိုယ်ခန္ဓာတစ်ခုလုံးကို ရွေ့လျားလှည့်ပတ်ရ သည်။ လည်ပတ်မှု အရှိန်နည်း၍ မရပါ။ မိမိကိုယ်ကိုသက်သာစေရန်၊ မမူးစေရန် အရှိန်မပါစေအောင် ထိန်း၍ လှည့်သော လူပါးကို၊ အနီးကပ်စောင့်ကြည့်နေသည့် စီနီယာ တစ်ဦးဦးမှ ၀င်ရောက် ကိုင်တွယ်၍ အိုးထိမ်း စက်လှည့်သကဲ့သို့ အရှိန်ကူ တွန်းထိုး ၀င်ကူလှည့်တတ်သည်။ ထိုအခါမှ ချားရဟတ် အမြန်စီးလွန်သကဲ့သို့ အလွန်အင်မတန် မူးဝေစေခြင်း ခံစားရသည်။ ဦးနှောက်တွေ ချာချာလည်သည့် သွေးလှည့်ပတ်မှု မူးယစ်ေ၀၀ါးခြင်း ဝေဒနာဒဏ် ခံစားရသည်။ ရပ်ဆိုသည့် အမိန့်ရသည့်အခါ ချက်ချင်း မရပ်နိုင်တော့ပေ။ မိမိကသာ ရပ်လိုက်သော်လည်း ကိုယ်ခန္ဓာကမရပ်၊ အီနားရှား အရှိန်ဖြင့် ဆက်လည်နေကာ နောက်ဆုံး အရှိန်သေသွားသောအခါမှ ရောက်ရာနေရာ၌ပင် ခွေခွေလေး လဲနေတော့၏။ ဤသို့ ကြိမ်ဖန်များစွာ လုပ်ရသည့် အပြစ်ပေးခြင်းမျိုးများအပြင် အခြားရက်စက် ပြင်းထန်သော အပြစ်ပေးခြင်း မျိုးများလည်း ရှိသေးသည်။

အထက်ပါ အမျိုးမျိုးသော ပြစ်ဒဏ်ပေးခြင်းကို ကောင်းစွာလိုက်မလုပ်သော၊ လိုက်မလုပ်နိုင်သော ပထမနှစ် ဂျူနီယာ ဗိုလ်လောင်းများအား ဘောင်ပေါ်တင်ခြင်းဟုခေါ်သော အငြိမ်သက်ဆုံး အပြင်းထန်ဆုံး၊ ပြစ်ဒဏ်ကို ပေးပြန်လေသည်။ ကြည့်ကြပါအုံးစို့….။

ကျွန်တော်တို့ ဗိုလ်လောင်းများ တန်းစီးကွင်း၏ ပတ်ပတ်လည်တွင် လူ့ပုခုံးနီးပါး ခန့်မြင့်သည့် မြေတားအုတ်၊ အလှကွက်ဖေါ်ထားသည် အုတ်နံရံကြီးများ ရှိ၏။ ၎င်း၏အတွင်း၊ အပြင်ကို ပန်းအလှပင်များ၊ အလှမြက်ခင်းများ ဖြင့်၊ စိုက်ပျိုးအလှဆင်ထား၏။ ဘောင်ပေါ်တင်ခြင်းဆိုသည့် အပြစ်ပေးနည်းမှာ ကွင်းပြောင် ကွန်ကရစ် တလင်းအတွင်း ပုံစံအမျိုးမျိုးဖြင့် အသီးသီး အပြစ်ပေးခံရသူများ အနက်မှ ဒေါင့် မကျိုးသူ၊ ကလန်တန်တန် လုပ်သူ၊ စီနီယာမှ အလိုမကျသူများကို ရွေးထုတ်ပြီး၊ သီးခြားခေါ်ထုတ်ကာ ဘောင်ပေါ်တင် ဟု အမိန့်ပေးခိုင်းစေ တော့သည်။ ထိုသို့ ခေါ်ထုတ်ခံလိုက်ရသည်နှင့် တပြိုင်နက် ထို (Specialized) ခေါ် အထူးခေါ်ထုတ် ရွေးချယ်ခံရ သူ ဂျူနီယာ ဗိုလ်လောင်းသည် မည်မျှပင်ပန်းမူးဝေနေသည်ဖြစ်စေ၊ ကိုယ့်ကိုကိုယ် ဟန်ချက်ပင် မထိန်းနိုင် လောက် အောင် ယိမ်းထိုးနေသည် ဖြစ်စေ၊ အမိန့်နာခံရန် မပျက်ကွက်ရပေ။ ဒယီးဒယိုင်ဖြင့် နှုတ်မိန့်အတိုင်း အနီးစပ်ဆုံး နေရာရှိ အုတ်ဘောင်ပေါ်သို့ မိမိ၏ ခြေဖ၀ါး နှစ်ဘက်ကို လှမ်းတင်၍ မြေသား ကြမ်းပြင်ပေါ်တွင် လက်နှစ်ဘက်ကို ထောက်ကာ စောက်ထိုး အုန်းပင်စိုက်ပုံစံ အနေအထားဖြင့် မလှုပ်မယှက် နေနေရ၏။ ယင်းသို့သော ပုံစံကို ဘောင်ပေါ်တင်ခြင်း ဟု ခေါ်သည်။ အမြင့် (၅)ပေခန့်ရှိသော အုတ်ဘောင်ပေါ်သို့ မိမိ၏ ခြေဖမိုးနှစ်ဘက်ကို လှမ်းတင်၍၊ လက်ဖ၀ါးနှစ်ဘက်ကို မြေပြင်ပေါ် ထောက်ကာ ကင်းမြီးကောက်သဖွယ် တောင့်ခံရခြင်း၊ (၅) ပေ အမြင့်ပေါ် ခြေတင်၍ မြေပြင်လက်ထောက် ထားရခြင်းဖြစ်၍ ကိုယ်ခန္ဓာသည် ဒေါင်လိုက် မဟုတ်ဘဲ၊ တစောင်း အနေအထား ၇၀ ဒီဂရီခန့် စောင်းနေ၍ အချိန်ကြာမြင့် လာသည်နှင့်အမျှ ပင်မ ခါးရိုးသည် ဆန့်တန်း မထားနိုင်တော့ဘဲ အလွန်အင်မတန် နာကျင်ကွေးညွှတ် လာတတ်သည်။ ထိုသို့သော ကင်းမြီးကောက် အနေအထားအတိုင်း အနည်းဆုံး အချိန်မိနစ် ၃၀ ခန့်မှ အများဆုံး ၂ နာရီခန့်အထိ ကြာတတ်သည်။ စာဖတ်သူ သာ ကိုယ်စားတွေးတော ခံစားကြည့်ပါတော့။ သဘာဝနှင့် ဆန့်ကျင်၍ လက်ဖ၀ါးပေါ် တကိုယ်လုံး အားပြု ထောက်ထားရပြီး။ ပူပြင်းသော နေရောက်အောက်ဖြစ်သောကြောင့် တကိုယ်လုံးမှ စီးကျလာသော ချွေးတို့သည် အင်္ကျီ၊ ဘောင်းဘီတို့မှပင် ထပ်မစုပ်နိုင်တော့ဘဲ နှာသီးဖျားထိတိုင် ရေတလျှောက် စီးသကဲ့သို့ စီးဆင်းလာသော ချွေးငန်ကျိကျိ၏ အရသာကိုလည်း မမေ့ရက်နိုင်အောင် ခံစားရသည်။ ငြိမ်သက်စွာ နေရသည် မှန်သော်လည်း ခံစားရသည်မှာ ကိုယ်ခန္ဓာအဖို့ အလွန်အင်မတန် ပင်ပန်းလှပေသည်။ စိတ်ဆင်းရဲခြင်း ဝေဒနာ ဒုက္ခ အလွန်ကြီး မားလှပေသည်။

ယင်းအဆင့်ထိ ခံစားရသော ပြစ်ဒဏ်ပေးခြင်းသည်၊ ရက်စက်မှု အစွမ်းမကုန်သေးပါ၊ သူ့ထက် ပြင်းထန်သော ပြစ်ဒဏ်တွေ ကျန်ရှိပါသေးသည်။ ကင်းမြီးကောက်ထောက်၍ လက်ဖ၀ါးနှစ်ဖက် မြေပြင်ပေး အပြားလိုက်ချ တွန်းထားရခြင်းသည် မထောင်းတာ လှသော်လည်း၊ သဘာဝ လက်ဖ၀ါးကို အပြားလိုက် ချထား ထောက်၍ ခံနိုင်ရည် ရှိသေးသည်။ လိုက်ပါလုပ်ဆောင်နိုင်သည့် အနေအထားတွင် ရှိသေးသည်။

စီနီယာ၏ မြင်ပြင်းအကတ်ဆုံး ဒေါင့်မကျိုးဆုံးသူတို့မှာ ဘောင်ပေါ်တင်လျှက် အနေအထားမှ လက်သီးထောက် ထားရန် ခိုင်းစေခံရခြင်းနှင့် အဆိုးဝါးဆုံး ပြစ်ဒဏ်တစ်ခုဖြစ်သည့် ရွှေတဆုပ် ဆိုသည့် ပုံစံကို ထပ်မံရရှိပေတော့ သည်။

ဘောင်အမြင့်ပေါ် တင်ထားရသည့် ခြေနှစ်ဖက်က အပေါ်မှာ၊ မိမိလက်နှစ်ဖက်က ခြေထောက်အစား ကြမ်းပြင်မှာ ထောက်လျှက် အနေအထား၊ ဘယ်လိုမှ ကြာရှည် မခံစားနိုင်သည့် ဤအချိန်တွင် လက်ဖ၀ါးဖြင့် အပြားလိုက် ချထောက်ထားရာမှ လက်သီးနှစ်ဖက်ဖြင့် ကြမ်းပြင်ကို ထောက်ရန် ခိုင်းစေခံရသောအခါ နဂိုကမှ ချိနဲ့ အားကို စပြုနေသော ကိုယ်ခန္ဓာကို ပိုမိုပင်ပန်းဆင်းရဲစေမည်မှာ အထူးပြောဖွယ် မရှိ။ ကြမ်းပြင်မှာ ကျောက်စရစ်ခဲတွေ၊ ဗြုပ်တွေ မညီမညာနဲ့ဆိုလျှင် မပြောလိုပြီ၊ ထိုလက်သီးထိပ်လေးသည် တစ်ပတ်ခန့်အထိ ကွေး၊ ဆုပ်၍ ရကောင်း တော့မည် မဟုတ်ပေ။

ခြေထောက်ကို မိုးမျှော်ထားကာ၊ လက်နှစ်ဘက်ဖြင့် အားပြု ထောက်ထားရ၍ သွေးလှည့်ပတ်မှု ပြောင်းပြန်ဖြစ် ကာ၊ မျက်နှာကြီးက ထူးအမ်းဖောင်းတင်းနေပြီး လက်ဖျံသွေးကြောများက ကြွတက်ကာ လက်နှင့် အပေါ်ပိုင်း တလျှောက် အပြင်းထန်ဆုံး ကြွက်သားများ နာကျင်ခံစားနေရချိန်ဝယ် လက်ဝါးဖြန့် အားပြုထောက်ထား ရပ်တည်ရမည့်အစား လက်သီးဆုပ်၍ အရိုးဖြင့် ထောက်ရပြန်ပြီဆိုပါက မည်သို့ခံစားရမည်နည်း။

တကိုယ်လုံး၏ အလေးချိန်ကို လက်ဆစ်ထိပ်ရိုးလေး ရှစ်ခုပေါ်တွင်သာ စုပြုံတင်ထား အားပြုရသောအခါ နာကျင်မှု ဝေဒနာသည် အဆုံးမရှိတော့၊ အရိုးထိပ်နှင့် ထိတွေ့ရာ အောက်ခံမြေပြင်သည် သဲနှုန်းစသော ပျော့သော မြေပြင်ဆိုက ခံရသက်သာနိုင်သော်လည်း ကျောက်စရစ်ခဲတော၊ ကွန်ကရစ် ကြမ်းကြမ်းတို့ပေါ်တွင် လက်သီးဆုပ်ဖြင့် ထောက်ရသောအခါ ဝေဒနာသည် အဆုံးမဲ့၊ အံကြိတ်၍ ခံပြင်းသော ဝေဒနာတို့ကြောင့် ကျဆင်းလာသော မျက်ရည်သည် ချွေးနဲ့ရောနှော ကျဆင်းနေပေပြီ။

အပြစ်ပေးခံရသော ပွဲတိုင်းလိုလိုပင် ကျနော်သည် အမြင့်ဆုံးသော အပြစ်ပေးခံရမှု ရာထူးများထိ အဆင်မြင့်မြင့် အောင်မြင်စွာ လှမ်းဆွတ်ရယူနိုင်သည် ချည်းပင်၊ ဤမျှထိ ဒေါင့်မကျိုးသူဖြစ်၏။ စီနီယာတို့၏ မြင်ပြင်ကတ်ခြင်းကို ခံရသူဖြစ်၏။ အပွင့်လင်းဆုံး ၀န်ခံရလျှင် ကျနော်သည် အဓမ္မမှုကို မကျေနပ်၍သာ စီနီယာဆိုသည်ကို ထီမထင်၊ စိတ်မထင်တိုင်း ဂရုမစိုက်သလိုနေခဲ့သော်လည်း၊ ပြစ်ဒဏ်ပေးခံရသည့်အခါ နာကျင်ခံစားရမှု ဝေဒနာ ပြင်းထန်လွန်း၍ လူမသိအောင် အံကြိတ်ငိုခဲ့ရသည့် ပွဲတွေ ရှိခဲ့ဖူးပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့