..............................

Tuesday, October 14, 2008

ယနေ့ စစ်တပ်... ဘာတွေ ဖြစ်နေသလဲ (၂၉)

ယခုတစ်ပတ်အတွက် စစ်တက္ကသိုလ်၏ ကျောင်းဆင်းပွဲ ကာလအကြောင်းများကို တင်ပြပါမည်။ ဤကဲ့ သို့သော စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်းဘ၀၏ အဓိက အကြောင်းများကို ပြောပြရ ခြင်းမှာ မြန်မာ့တပ်မတော်၏ စစ်သည်အရာရှိများကို မွေးထုတ်ပြုပြင်ရာ၌ ဘယ်လို ဘယ်ပုံ အစပျိုးခဲ့သည်။ ဘယ်လိုအခြေခံ ပဏ္ဍာက်ရိုက်သည်၊ ဘယ်လိုပုံစံမျိုး ရိုက်သွင်းလေ့ကျင့်ပေးနေသည်၊ အထက်အောက် အုပ်ချုပ်မှု အသားသေစေရန် စီနီယာ၊ ဂျူနီယာ ဘယ်လိုအဆင့်အတန်း ခွဲထားသည်၊ အမိန့်နာခံမှု ရှိစေရန် ဘယ်သို့ ဘယ်ပုံ ထိန်းချုပ်ထားသည်ဆိုသော အချက်များကို စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တိုင်းရင်းသား ပြည်သူများ နားလည်စာနာတတ်စေရန် ရိုးသားစွာ ဖော်ပြခြင်းသာ ဖြစ်ပါ၏။ စစ်တပ်အသိုင်းအ၀ိုင်းနှင့် နှံ့စပ် ကျွမ်းဝင်သူများ အတွက်တော့ ကျွန်တော် ပြောပြသမျှသည် ဆန်းမည် မဟုတ်ပါ။

ကျနော်ဆိုလိုရင်းမှာ ဆယ်တန်းအောင်ပြီးကာစ စစ်တက္ကသိုလ်သို့ ချက်ချင်း ဗြုန်းစားရောက်ရှိ သွားသူ အရပ်သားဘ၀မှ စစ်သားဘ၀သို့ ပြောင်းလဲခံရသည့် ကျနော့်ဘ၀အား ထိုစဉ်က ခံစားချက်အတိုင်း အပွင့်လင်းဆုံး တွေးတော ရေးသားခြင်းသာ ဖြစ်ပါသည်။ စီနီယာဘ၀ ကျနော် ရောက်လာချိန် ခံစား တွေးတောချက်များနှင့် အရာရှိငယ်ဘ၀ ဖြတ်သန်းရပုံ၊ တွေ့ကြုံရပုံများ အပေါ် ရှုမြင်သုံးသပ်ချက်၊ ဆင့်ကဲ ပြောင်းလဲလာပုံများကို နောက်ပိုင်းတွင် ရေးသားဖော်ပြပါမည်။

ကျောင်းဆင်းပွဲ ကာလတွင်ကား မကြာခင် ဒုတိယနှစ် စီနီယာ ဖြစ်လာတော့မည်ကို တွေး၍ ပျော်ရွှင် ကြပါသည်။ စီနီယာဟု အခေါ်ခံရသော်လည်း ဇိမ်ရှိရှိ နေနိုင်သော စီနီယာ မဟုတ်သေးပါ။ ပထမနှစ် ဗိုလ်လောင်းများ အပေါ်တွင်သာ သြဇာရှိရှိ အနိုင်ကျင့်နိုင်ပြီး တတိယနှစ် စီနီယာနှင့် စတုတ္ထနှစ် စီနီယာကိုတော့ ဖိန့်ဖိန့်တုန်အောင် ကြောက်နေရဦးမည် ဖြစ်ပါသည်။

မိမိပထမနှစ် သင်တန်းသားဘ၀ (၁၁)လ အတွင်း ခံစားခဲ့သမျှ ထဲမှ ကောင်းသော အလေ့အကျင့်၊ ကောင်းသော သင်ကြားပြသမှုကို ယူ၍ မကောင်းသောထုံးစံ၊ တရားမ၀င် သင်ကြားပြသမှုကို မယူရန်၊ မလိုက်နာရန် ကျနော် ဆုံးဖြတ်ထားခဲ့ပါသည်။ ကိုယ့်ကို ထိုးကြိတ်သည်ကို မခံချင်သလို တပါးသူတို့ ကလဲ ထိုးကြိတ်ခြင်းကို ခံလိုကြမည် မဟုတ်ပါ။ ကျနော် ကိုယ်ချင်းစာနာ စိတ်ဖြင့် မထိုးကြိတ်ခဲ့ပါ။

(ယုံချင်ယုံ၊ မယုံချင်နေ။ ကျနော်အထိုးခံခဲ့ရပုံ တစ်ခုကို ပြောပြပါမည်။ ဘုရင့်နောင်တပ်ခွဲမှ ဒုတိယနှစ် ဗိုလ်လောင်းတစ်ဦးထံ အပြစ်ပေးခံရန် ကျနော် ရောက်ရှိသွားရသော အချိန်ကဖြစ်ပါသည်။ ထိုအချိန်က ဘုရင့်နောင် တပ်ခွဲနှင့် ကျနော်တို့ အောင်ဇေယျ တပ်ခွဲတို့မှာ အားကစားပြိုင်ပွဲ တစ်ခု၌ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြရာ ဘုရင့်နောင်တပ်ခွဲ ရှုံးခဲ့သဖြင့် ကျနော်တို့ အောင်ဇေယျ တပ်ခွဲအပေါ် စိတ်နာ မုန်းတီး နေသော အချိန်ဖြစ်မည် ထင်ပါသည်။ ကျနော်၏ ပထမနှစ် အောင်ဇေယျ တပ်ခွဲတံဆိပ် အ၀ါရောင် အပိုင်းအတွင်း အဖြူရောင် တတုံးပါ လက်မောင်းတံဆိပ်ကို မြင်သည်နှင့် ကျနော်အားဝိုင်းဝန်းအပြစ်ရှာ ထိုးကြိတ်ကြပါသည်။ လေးယောက်က တစ်ယောက် သောသူအား ထိုးကြိတ်သည်ကို လက်နှစ်ဘက် ဘေးမှာကပ် (သတိဆွဲ၍) အထိုးခံရပါသည်။

၎င်းတို့အိပ်ယာမှာ ခြေချင်းဆိုင်ကုတင် တဘက်ကို (၁၀)လုံးခန့်ရှိရာ အစွန်းဆုံး တစ်ဖက်ကုတင်မှ စ အထိုးခံရ၍ တချက်ထိုးလိုက်၊ နောက်သို့ ယက်ကန်ကန်ဖြင့် တလှမ်းရွေ့သွားလိုက်၊ နောက်တ ချက်ထိုးလိုက်၊ နောက်သို့ ရွေ့သွားလိုက်၊ တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်း ထိုးကြိတ် ခြင်းကို ခံရသည်မှာ ၁၀ လုံးမြောက် ကုတင်၏ အစွန်းဆုံးရောက်ပြီး နောက်ဆုတ်စရာမရှိ နံရံနှင့် ကျောချင်းကပ်၍ ခွေကျသွားသော အခါတွင်မှ ထိုးကြိတ်ခံရခြင်း ရပ်စဲပါတော့သည်။ ထိုအချိန်မှ စ၍ (၃)ရက်ခန့်အထိ အသက်ကိုပင် ၀၀ရှူ၍ မရအောင် ရင်ဘတ်ကြွက်သားများ နာနေခဲ့သည်ကို လည်းကောင်း၊ ရေချိုးစဉ် ရင်ဘတ်ကို ဆပ်ပြာ မတိုက်ရဲသည်အထိ နာနေခဲ့သည်ကို လည်းကောင်း၊ ယနေ့ထိ မမေ့သေးပါ။ ထိုင်လိုက်လျှင် ရှေ့သို့ ငုံ့၍ မရအောင် နာနေခဲ့သော ရင်ဘတ်မှာ အညိုအမဲ များဖြင့် တစ်ပတ်ခန့် မပျောက်ပါ။

ကျနော့်ကဲ့သို့ တရားမ၀င် ပြစ်ဒဏ်ပေးခံရသူ မြောက်များစွာရှိပါသည်။ ထိုသူတို့သည်လည်း စီနီယာ ဖြစ်လာသောအခါ ကိုယ်မကြိုက်ခဲ့သော အလုပ် ကိုယ်အာဏာရလာသော အခါ မလုပ်ပါ ဆိုသော ကိုယ်ချင်းစာနာစိတ် လူတိုင်းတွင် ပါလာနိုင်ပါသည်လား။ လက်ငါးချောင်းသည် တလက်တည်းမှ ထွက်ပေါ် နေသော်လည်း အတိုအရှည်၊ အတုတ်အခိုင် မညီသကဲ့သို့ပင်။ အချို့ကတော့ ပေဖြစ်တုန်းခံ၊ တူဖြစ်တုန်းနှံမည် ဆိုပြီး ကြိမ်းဝါးနေသူတွေ ရှိပါသည်။ ကိုယ့်မြင်း ကိုယ်စိုင်းပြီး၊ ကိုယ့်လမ်း ကိုယ်လျှောက်ကာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး နေသူများဖြစ်သဖြင့် ကျနော် တား၍မရပါ။ ကျနော်တို့ စီနီယာ ဖြစ်လာသောအခါ ပထမနှစ်က ခံခဲ့ရသည့် တရားမ၀င် နည်းများဖြင့် အပြစ်ပေးခြင်း ပြုကြသည့် ရဲဘော်ရဲဘက် သူငယ်ချင်းများကို တွေ့ရသော်လည်း အပြစ်ပြောရန် မတတ်နိုင်ခဲ့ပါ။ ထိုသို့သော အပြစ်ပေး ရက်စက်သည့် စီနီယာတို့သည် အာဏာ ဇောင်းထက်ကြပါသည်။ ထိုသူတို့ကို မြင်သော ပထမနှစ် ဗိုလ်လောင်းတို့သည် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသည်။ ကျနော်ကဲ့သို့ ခပ်အေးအေး သမားတို့ ဂရု မစိုက်မိကြပါ။ ယင်းမှာ ကျနော် စီနီယာဒုနှစ်သို့ ရောက်သောအခါ တွေ့ရခြင်း ဖြစ်ပါသည်။ ကျနော်တို့ ဒုတိယနှစ်ရောက်သော အခါတွင်လည်း တခါတရံ ထိုးကြိတ် အပြစ်ပေးခံရဆဲ ဖြစ်ပါသည်။)

ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနားကြီး နီးကပ်လာပါပြီ၊ အကြိတ်အနယ် လေ့ကျင့်ကြ၊ လမ်း လျှောက်ကြ၊ ချွေးတလုံးလုံး၊ ဖုန်တထူထူနှင့် လူတွေလဲ မဲခြောက် ပိန်လှီ နေကြပါသည်။ အချို့ အလှ မက်သူ၊ ငွေတတ်နိုင်သူတွေက နေပူခံ မိတ်ကပ်တွေ၊ အသားအလှဆီတွေ လူးပြီး ကာကွယ်ကြသည်။ အချို့က သနပ်ခါးလူးသည်။ နည်းပြအရာရှိတွေ့လျှင် ထိုသနပ်ခါး လူးထားသူကို အခြားသူများအား ၀ိုင်း၍ နမ်းခိုင်းခြင်းဖြင့် အပြစ်ပေးသဖြင့် သနပ်ခါးလူးသူ နည်းပါသည်။ ဒါတောင် တချို့လူရွတ်တွေက အနမ်းခံပြီး သနပ်ခါးနေ့စဉ် လူးပါသည်။

နောက်ဆုံး ကျင်းပရန် (၁)ရက် အလိုနေ့သည် Final Rehearsal Day ဖြစ်ပါသည်။ ၀တ်စုံပြည့်ဖြင့် နောက်ဆုံး လေ့ကျင့်ရပြီး တကယ် အစစ်အမှန်ကဲ့သို့ ရုပ်မြင် ကင်မရာများဖြင့် ရိုက်ကူးခြင်း ပြုလုပ် ပါသည်။ ဗိုလ်လောင်းမိဘ တော်တော်များများလဲ ရောက်နေကြပါပြီ။

ကျနော်တို့ ပထမနှစ် ဗိုလ်လောင်းများမှာ တခါမျှ မ၀တ်ဖူးသော အဖြူရောင် ဗိုလ်လောင်း ကျောင်းဆင်း ၀တ်စုံများဖြင့် ၀င့်ကြွားကြွား ရှိနေပါသည်။ တစ်ရက်နားပြီး နောက်ရက်ဆိုလျှင် ကျောင်းဆင်းပွဲ အခမ်း အနားကြီး စပါတော့မည်။ တစ်နှစ်တာ ကွဲနေရသော မိဘ၊ ညီအစ်ကို မောင်နှမများဖြင့် ပြန်လည် တွေ့ဆုံရတော့မည်မို့ အလွန်ပျော်နေကြပါသည်။

ထိုရက်ပိုင်းအတွင်း ကျောင်းဝင်းအတွင်း ခင်းကျင်းရောင်းချနေသော စားသောက် ဈေးတန်းများအကြား လျှောက်သွားခြင်း၊ ၀ယ်စားခြင်း၊ လမ်းသလားခြင်းနှင့် ဗိုလ်လောင်း ကျောင်းဆင်း မိသားစုဝင် တနယ်တည်းသွားများကို ဧည့်ခံစကားပြောခြင်းဖြင့် တစ်နှစ်လုံးမပြောခဲ့ရသော စကားကိုဝအောင် ပြောရပါသည်။ ထိုနေ့ထိုရက်အထိ လက်သီးဆုပ်နေရခြင်း စည်းကမ်းကို လိုက်နာရပါသည်။ သို့သော (၉၀)ဒီဂရီ လက်တွဲစရာ မလိုတော့ပါ။ တိုက်ပုံကြယ်သီးကိုလဲ အပြည့် တပ်စရာမလိုတော့ပါ။ ဒုတိယနှစ် ဗိုလ်လောင်းတစ်ဦး၏ အခွင့်အရေးကို ရရှိပါပြီ။

ခွင့်ပြုဖို့အတွက်လဲ အထူးတထွေ ပြင်ဆင်ရန် မလိုသေးပါ။ သဘက်ခါမနက် ကျောင်းဆင်းပွဲ အခမ်း အနားပြီးလျှင် ညစာစားပွဲတို့၊ စတိတ်ရှိုးတို့နှင့် တညလုံးပြင်ဆင် ပျော်ရွှင်ရဦးမည်။ (၁၀) ရက်နေ့ သည်လဲ ပျော်ရွှင်စရာ၊ (၁၁)ရက်နေ့ဆိုလျှင် ကျောင်းဆင်းအရာရှိတို့ သင်တန်းဆင်း ပြန်ကြမည်။ မန္တလေးရှိ ဘူတာကြီးမှတဆင့် မြန်မာနိုင်ငံ အရပ်ရပ်သို့ ထွက်ခွာကြမည်။ တစ်ရက်လျှင် အပတ်စဉ် တစ်ခုသာ ပြန်ခွင့် ရကြသည်မို့ ကျနော်တို့ ပထမနှစ်အပြီး ခွင့်ပြန်သူများအဖို့ ၁၄ ရက် မနက်ကျမှ ပြန်ရမည်ဖြစ်ရာ အေးဆေးစွာပင် ပျော်ရွှင်ကြပါ၏။ မိမိအားနှိပ်စက် ညှဉ်းပမ်းခဲ့သူ စီနီယာများအား အငြိုးမထားနိုင်ပဲ သူတို့၏ ဝေယျာဝိစ္စ၊ သိမ်းဆည်း ဖွယ်ရာများကို ၀ိုင်းဝန်း သိမ်းဆည်း ပေးရ၏။

ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပါသည်။ ကောင်းကင်ယံ တွင်လဲ လုံခြုံရေး ရဟတ်ယာဉ်က ၀ဲပျံလှည့်ပတ်လျက်၊ ပတ်ဝန်းကျင် တောင်ထွတ်အနှံ့တွင်လဲ လက်နက်ကိုင် လုံခြုံရေး စစ်သားများအပြည့်၊ ဗိုလ်လောင်းမိဘနှင့် မိသားစုဝင်များကိုပင် လုံခြုံရေး အရ ဆိုပြီး စစ်ဆေးခြင်း၊ ခန္ဓာကိုယ်အနှံ့ ရှာဖွေခြင်း ပြုလုပ်ကြောင်း ကြားရသည်။ အဘယ်ကြောင့် ဤလူ တစ်ယောက်အတွက် ဤမျှ လုံခြုံရေး စိုးရိမ်ရလဲ မသိပါ။

ဧည့်သည် ပရိတ်သတ်များရှေ့မှောက်သို့ ဗိုလ်လောင်း ကျောင်းဆင်းတပ်ခွဲနှင့် နောက်ရံ တပ်ခွဲများ အဖြစ် ကျနော်တို့ ဂျူနီယာတပ်ခွဲများ အစီအရီဖြင့် စစ်ပုံစံတကျ အစုအတန်းလိုက် ချီတက်လာပုံမှာ စစ်သီချင်းသံများ ဟိန်းလျက် မြင်သူများ အားကျဖွယ်ပင်၊ သည်လိုပုံတွေကို သတင်းစာထဲမှာ တွေ့ခဲ့ရ၍ အားကျပြီး ကျနော်စစ်တပ်ထဲ ၀င်ခဲ့ပါသည်။ ပထမနှစ်ကိုတော့ အီစလန်ဝေအောင် ကိုယ်ရောစိတ်ပါ ပင်ပန်းဆင်းရဲစွာ ဖြတ်ကျော်ခဲ့ရပြီ။ ငွေကြေးလဲများစွာ ကုန်ကျခဲ့ရပြီ။ စာပေဆို၍လဲ အနည်းငယ်၊ စစ်ပညာဆို၍လဲ ဘာမှ ဟုတ်တိပတ်တိမဟုတ်။ တစ်ခုတော့ အဖိုးတန် အသိတရား တစ်ခုကျန်သည်။ ယင်းမှာ အချိန်၏ တန်ဖိုးကို သိလာခြင်းပင်ဖြစ်သည်။ နာရီတိုင်း မိနစ်တိုင်းတွင် တန်ဖိုးရှိသော အခြင်းအရာများကို ဘာပြီးလျှင် ဘာလုပ်မည်ဆိုသော စိတ်ကူး အကြံအစည်သည် အလိုလို ပေါ်ထင် လာသော အလေ့အကျင့်ကောင်း တစ်ခုသာ စိတ်ထဲ စွဲမြဲနေခဲ့ပါသည်။

နေရောင်ခြည်၏ ၀င်းဝင်းပပ မအေးမနွေး အချိန်တွင် ကျနော်တို့ ဗိုလ်လောင်းအားလုံး ကာကွယ်ရေး ဦးစီးချုပ်ကို စောင့်ကြသည်။ အဆင်သင့် နေရာယူပြီး ၎င်းအလာကို စောင့်သည်ကပင် (၁၅) မိနစ်မက ကြာပါသည်။ ပြီးလျှင် လမ်းလျှောက် (အမြန်၊ အနှေး) ပြုလုပ်ခြင်းကို စိတ်ထင့်ထင့်နှင့် လုပ်ရဦးမည်။ ယင်းနောက် မိန့်ခွန်းက မည်မျှကြာဦးမည် မသိပါ။

မကြာမီပင် ရှေ့ပြေးယာဉ်တန်းများ၊ လုံခြုံရေး လက်နက်ကိုင်များဖြင့် အဆောင်အယောင် ထည်ဝါ တောက်ပ လွန်းသော ယာဉ်တန်းကြီး ၀င်လာပါပြီ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေ ဆင်းလာပါပြီ။ ကျနော့်အတွက်တော့ တခါမျှ မမြင်ဖူး၍ အသေအချာ လိုက်ကြည့်မိပါသည်။ တုန်တုန် ယင်ယင်ဖြင့် လမ်းလျှောက်လာဟန်၊ ပြောပုံဆိုပုံတို့ကို ကြည့်၍ ဇရာထောင်းနေပြီ ဖြစ်သော်လဲ ဘာကြောင့် ပင်စင်မယူသလဲ ဟူ၍ ကျနော်ဦးစွာ တွေးနေမိသည်။ စစ်ယာဉ်တန်းကြီး၏ ခမ်းနားထည်ဝါ တောက်ပမှုမှာ မပြောပြတတ်အောင်ပေ။ စစ်ရေးပြကွင်း၏ ပွဲကြည့်စင်မြင့် အတွင်းမှ ပရိသတ်အားလုံး၊ ရှိသမျှ သက်ရှိအားလုံး မတ်တပ် ရပ်ပေးကြရသည်။ မည်သူမျှ ထိုင်မနေပါ။

ဦးစီးချုပ် မိန့်ခွန်းမှာ တိုင်းပြည်သို့ ပြောလိုသော ၀ါဒဖြန့် အချက်အလက်များသာ ဖြစ်၏။ နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် တပ်မတော်က မည်သို့မည်ပုံ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေကြောင်းနှင့် တပ်မတော် တောင့်တင်းခိုင်မာရန် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်ကြရ မည် ဖြစ်ကြောင်းများကို တခမ်းတနား နားစည်အိမျှ ကြားရ၏။ ထိုစဉ်က ထိုမိန့်ခွန်းပါ အချက်အလက် များကို တကယ်လက်တွေ့ ဘ၀တွင် ကြုံဆုံရမည့် အနာဂတ်များအဖြစ် ကျနော် ယုံကြည် ခဲ့ဖူးပါသည်။ ဟုတ်ပါသည်။ လက်တွေ့တကယ် စစ်မြေပြင်နှင့် စစ်တန်းလျားတို့ကို မမြင်ဘူး၊ မရောက်ဘူးသော သင်တန်းသား ဗိုလ်လောင်းတစ်ဦး အနေဖြင့် ကျနော်တို့ စိတ်ကူး ယဉ်ခဲ့ကြ ဖူးပါသည်။

ခွင့်ပြုကြပါပြီ။ တစ်နှစ်တာ ဖြတ်သန်းခဲ့ရသော ကြမ်းကြုတ် ကြပ်တည်းလှသည့် စစ်တက္ကသိုလ် ကြီးတွင် ခွင့်ပြန်ရန် နောက်ဆုံးကျန်ခဲ့သည့် ကျနော်တို့ အပတ်စဉ် တစ်ခုတည်းသာ ကျန်ခဲ့သည့် ရက်တွင် လွတ်လပ်စွာ ပျော်ရွှင် မြူးတူးနေကြပါသည်။ စီနီယာများ မရှိတော့ ပျော်လွန်းလို့ဆိုပြီး ဗိုလ်လောင်း အိပ်ဆောင်များကြားနှင့် တန်းစီးကွင်းကြားသို့ လန်ကွတ်တီနှင့် လျှောက်ပြေး အော်ဟစ် မြူးတူးနေသော ဗိုလ်လောင်းတစ်ချို့ တကယ်ပင် ရှိခဲ့ပါသည်။ အချို့က တန်းစီးကွင်း ထိပ်ရှိ စစ်သည် ရုပ်ထုကြီးရှေ့တွင် ပုံစံအမျိုးမျိုး မင်းသားစတိုင်နှင့် ဓာတ်ပုံရိုက်ကြပါသည်။ လက်ဝါးဖြန့်၍ လက်ကားယား ခြေကားယား လျှောက်ရသည်ကိုပင် သဘောခွေ့နေ ကြပါသည်။

ဆက်လက်ဖေါ်ပြမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစားတပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့