..............................

Wednesday, October 15, 2008

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၂)

စစ်တက္ကသိုလ်သို့ မတက်ရောက်မှီ ပြင်ပအရပ်သားဘ၀မှ စတင်၍ ကျနော်တို့အရွယ် လူငယ်တွေဘယ်လို ခံစား တွေ့ကြုံမှုများဖြင့် မိမိတို့ ဘ၀ကို ရှင်သန်နိုင်အောင်၊ ရပ်တည်ခွင့် ရအောင် ကြုံရာ၊ ဆုံရာ ၊ နီးစပ်ရာတို့မှ တဆင့် ဖြစ်သလို ကြိုးပမ်းခဲ့ကြရသည်ကို အစပြု ဖေါ်ပြ ပါရစေ။......

(ဒဿမတန်း) ခေါ် (၁၀) တန်းအောင်မြင်ပြီးသူ အသက်(၁၉) ကျနော်သည် တက္ကသိုလ် ပညာ ရေးကို ဆက်လက်ဆည်းပူး လေ့လာ သင်ကြားနိုင်ရန်အတွက် မြန်မာ့ ပညာရေးစနစ်ကို လေ့လာ သောအခါ ဖွင့်ချည်၊ ပိတ်ချည်ဖြင့် ကလေးဆော့ကစားသလို ပညာသင်ကြား နေရရှာသော ကောလိပ်များ၊ တက္ကသိုလ်များ၏ မရေရာသော အခြေနေကိုကြည့်၍ စိတ်ပျက်မိ၏။

မြန်မာ နိုင်ငံသား ဖြစ်ရသော ကိုယ့်ဘ၀ကို အားမရဖြစ်မိ၏။ ကျောင်းဖွင့်ချိန်တက်၊ ကျောင်းပိတ် လိုက်လျှင်နား၊ စာမေးပွဲမှာ မဖြေနိုင်လျှင် ခိုးချ၊ စာမေးပွဲ ကြီးကြပ်သူတို့ကလည်း မသိယောင် ဆောင်၊ စာသင်ချိန် စာမသင်ရရှာသော ကျောင်းသား၊ ယခုလို စာမေးပွဲမှာ စာခိုးမချရင် ဘယ် အောင်လိမ့်မလဲဟူသည့် တလွဲစေတနာလား၊ ရေရှည်အနာဂတ် ကြိုတင်မတွက်ချက်တတ်မှုများ လားတော့ မသိပါ။ အမှန်စင်စစ် အကြောင်းရင်းမှန် ဖြစ်သည့် မြန်မာ မျိုးဆက်သစ် လူငယ်ထု တစ်ရပ်လုံး၏ အနာဂတ် တိုင်းပြည်အတွက် အရေးအကြီးဆုံး ခွန်အားဖြစ်သော ကိုယ် ကျင့်စာရိတ္တနှင့် ဆင်ခြင်တုံတရား၊ မိမိကိုယ်ကို အားကိုး ယုံကြည်သည့် လူငယ့်အားမာန်တို့ကို ရိုက်ချိုးဖျက်ဆီိးရေး ပြုလုပ်ပြီး လူငယ်တွေ လူညွန့်တုံးအောင် စနစ်တကျ အကွက်ချ ဖျက်ဆီးရေး မဟာဗျူဟာအဖြစ် စစ်အာဏာရှင်တို့ စီမံခဲ့ကြသည်ကို မသိခဲ့ကြလေရော့သလား၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများက ရေရှည်စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက် ခဲ့သည်ကို ပညာတတ်သော ပညာရေးဋ္ဌာနမှ ဆရာ၊ ဆရာမကြီးများ မသိခဲ့လေရော့သလား။ သို့မဟုတ် သိလျှက်နှင့် အလိုတူ အလိုပါ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ခဲ့ကြလေသလားမသိပါ။

အမှန်စင်စစ် ထိုအချိန်က ကျနော်လည်း ထိုသို့သော ပညာရေး စနစ်တကျ ဖျက်ဆီးခံနေရသည် ဆိုသည်ကို မသိ။ အလွယ်တကူအောင်မြင်နိုင်သော ပညာရေးစနစ်ကိုပင် လူငယ်များအတွက် သက်တောင့် သက်သာ ရှိလှပါပေ့ဟု အပေါစားအတွေးအခေါ်ဖြင့် ကျေနပ်နှစ်သက်ခဲ့ ဖူးပါသည်။ သို့ပါသော်လည်း ထိုအချိန် ထိုကာလအထိ ကျနော်တို့ကို စာသင်သော ဆရာအများစုသည် စာ မေးပွဲ၌ စာခိုးချခြင်းကို ပြင်းထန်စွာရှုံ့ချကန့်ကွက် သူများဖြစ်ခဲ့သည်။ ဆရာတိုင်းက ဤအပေါစား ပညာရေး စနစ်ဆိုးကို အလွယ်တကူ လိုက်လျော အကောင်အထည် ဖေါ်ပေးခဲ့ကြသည် မဟုတ်ပေ။ နောင် တဖြည်းဖြည်း ပညာရေးဝန်ထမ်းများ စားဝတ်နေရေးကျပ်တည်းမှု မြင့်မားလာ သည်မှ စကာ ထိုသို့သော ပညာရေးဖြင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသော ဆရာ မပီသသည့် ပညာရေး ၀န်ထမ်း များမှိုလို ပေါက်လာတော့ခြင်း ဖြစ်သည်။
ထိုပညာရေးစံလွဲမှု စနစ်ကစပြီး ပြောင်းလဲ ဖြစ်ပေါ်လာသော လူသားအရင်းအမြစ် ဆုံးရှုံးနစ်နာရမှု တို့ကို အရှိအတိုင်း ရှုမြင်သုံးသပ်ပါမည်။ လွန်တာရှိလျှင် ခွင့်လွတ်နားလည် ပေးစေလို၏။
ယနေ့ မြန်မာပြည်၏ အချို့သော လူလတ်ပိုင်းအရွယ်အတော်များများတွင် မိမိကိုယ် မိမိ ယုံကြည် အားကိုးမှု စိတ်ဓါတ်၊ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ခြင်း၊ စာရိတ္တ အခြေခံစံနှုန်း အပေါ် တန်ဖိုးထား ဂုဏ်ယူသော စိတ်ဓါတ်လျော့ကျလာသည်ကို သိရှိမိလာ၏။

မိမိတိုင်းပြည် မိမိလူမျိုး၊ မိမိ ဘာသာနှင့် မိမိအနာဂတ် အရေး ကြိုတင်မျော်မြင် တွက်ဆသော အတွေးအခေါ်တို့ အတော်ပင် အားနည်းချို့ယွင်းလာနေသည်ကို ၀မ်းနည်းစဖွယ် တွေ့မြင်နေရ၏။ ထိုအကြောင်းရင်း၏ အဓိက လက်သည်တရားခံတို့မှာ ထိုလူငယ်တို့ ကျောင်းသားဘ၀၊ ပညာသင်ကြားစဉ် ငယ်ရွယ်နုနယ်စဉ် ကာလက ရင်ဆိုင်ဖြတ်သန်းခဲ့ရသော လူစွမ်းလူစ မြင့်မား ရေးထက် လူညွန့်တုံးစေသည့် အလွတ်ကျက်ဖြေ၊ စာမေးပွဲ ခန်းမှပြန်အထွက် ဦးနှောက်ထဲ ဘာမှ မကျန်တော့သည့် ပညာရေး စနစ်နှင့် တုပနည်းယူနိုင်မှု နည်းပါးသော အကြောင်းအရာများသာ သင်ကြားတွေးခေါ် ခဲ့ကြရ၍ဖြစ်သည် ဆိုခြင်းအား မည်သူမျှ မငြင်းနိုင်ပေ။

လူငယ်ထု၏ အထွေထွေ စာရိတ္တ ညံ့ဖျင်းကျဆင်းရခြင်း၏ အဓိက အရင်းအမြစ်မှာ ကိုယ်စွမ်း ကိုယ်စရှိစရာမလို၊ ရေသာခို အချောင်လိုက်နိုင်သော စိတ်ဓါတ်များ မွေးမြူခွင့်ပေးခဲ့သော ကျောင်း ပညာသင်ကြားရေး (ကျောင်းအားလုံးတော့ မဟုတ်ပါ ) စနစ်မှ တာဝန်မဲ့ ပညာရေးဝန်ထမ်း အချို့၏ အမှားသရုပ်ပြ သင်ကြားပေးခဲ့သော လုပ်ရပ်များက အခြေခံဖြစ်ပြီး၊ မိဘဆွေမျိုး သားချင်း နှင့် အုပ်ထိန်းသူတို့၏ ကိုယ်တိုင်လည်း မိမိတို့ဘ၀ အနာဂတ်နှင့် နိုင်ငံ့အရေး ကြိုတင် မတွက်ဆ တတ်မှု၊ မသွန်သင်မှု၊ ကိုယ်တိုင်ကိုယ်ကျ မသိနားမလည်မှုများကြောင့် အရာရာကို လေ့လာ သင်ယူနေသူ လူငယ်တို့ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ မဖြစ်လာနိုင်ခဲ့ ခြင်းဖြစ် သည်။ မိဘအုပ်ထိန်းသူများက ထိုအခြေခံ အကြောင်းရင်း တို့ကို သိနားလည်ခဲ့ပါသော်လည်း စံနမူနာပြအဖြစ် အမှန်တရား ဘက်မှရဲရဲရင့်ရင့် ထောက်ခံသော အတွေးအခေါ်၊ လုပ်ရပ်များ လုပ်ဆောင် ပြသနိုင်ခြင်း ကင်းမဲ့အောင် စနစ်တကျဖန်တီးထားသော ကြောက်မက်ဖွယ် စစ်အုပ် ချုပ်ရေး စီမံချက်များကြောင့် ဆိုသောဆင်ခြေဖြင့် သတ္တိရှိရှိ မလုပ်ရဲ မတွေးရဲ၊ မြိုသိပ်ဆဲဆို နေနေခဲ့ကြသော လူလတ်ပိုင်း၊ လူကြီးပိုင်း အချို့၏ ရဲရင့်မှု အားနည်းခြင်း စံနမူနာတွေကလည်း ရေနစ်သူ ၀ါးကူထိုး သလို လူငယ်တွေ အတွေး အမြင်ပိတ်ဆို့စေခဲ့သည်။ ခံယူချက်များ လမ်းလွဲမှု အပေါ် ပံ့ပိုးအားပေး ကူညီခဲ့ကြသလို ဖြစ်စေခဲ့သူများဖြစ်သည်။ မျိုးရိုးနှင့်ချီ၍ ယခင်က မရှိခဲ့ဘူး သေးသည့် အရာရာကို ကြောက်တတ်သော၊ မြိုသိပ်ကြိတ်မှိတ် ခံစားတတ်သော စိတ်ကို ပံ့ပိုး မွေးမြူစေ ခဲ့သလိုဖြစ်ခဲ့ရ၏။

အလွယ်နည်းဖြင့် မိမိတို့ဘ၀ကို တန်ဖိုးမထားစွာ ရင်ဆိုင်ရန်၊ နားလည်မှု လွဲမှားစွာ ခံယူ ဆောက်တည် သွားနိုင်ဖို့ ကူညီပံ့ပိုး နည်းလမ်းပြသလို ဖြစ်နေသည့်နေ့စဉ်ဘ၀ အခြေအနေ များစွာတို့ကို ရင်ဆိုင် နေကြရခြင်းကလည်း လူငယ်ထု၏ စိတ်ဓါတ် ခံယူချက်တို့ နိမ့်ကျလျော့ပါး စေသည့် အခြေခံကျသော အကြောင်းရင်း တစ်ခုဖြစ်သည်။ မိမိတို့ဘ၀ အနာဂတ်ကို မိမိတို့ ဘာသာ အဆုံးအဖြတ်ပေး လမ်းထွင် ဖေါက်လုပ်နိုင်ရေး လမ်းကြောင်း ခွန်အားပြုမည့် ဘ၀ သင်ခန်းစာ သင်ကြားရေး အခြေအနေ များအပေါ် စနစ်တကျ၊ အကွက်ချ လုပ်ဆောင်ဖျက်ဆီး လမ်းလွဲခံရမှုများ၊ သင်ခန်းစာ စံနှုန်း အတုအယောင် များဖြင့် ဆွဲဆောင် သင်ကြား နည်းယူမှားကာ အမှားသရုပ်ပြ သင်ကြားခြင်းများစွာ နေ့စဉ် သင်မြင် နေခဲ့ကြရခြင်း တို့ကလည်း မိမိတို့၏ မြန်မာပြည်သား လူ့ဘ၀ ရသကို ထင်မြင်ပေါ်လွင်မှု၊ ခံစားအားတင်းမှု ဆုတ်ယုတ်စေခဲ့သည်။ သင်ကြား နည်းယူမှု၊ အမှန်တရားကို မမြင်သာ မမြင်ရဲအောင်၊ အမှန်အတိုင်း လုပ်ဆောင် ကြိုးပမ်း သူ နည်းပါးအောင် ဖန်တီးထားသော စစ်အာဏာပိုင် ထောက်လှမ်းရေး စက်ဝန်း ယန္တရား၏ ကိုယ့်လူမျိုး အချင်းချင်းပင် ပွင့်လင်းယုံကြည်ရန် ခက်ခဲအောင် ၀ါဒဖြန့် စောင့်ကြည့် ထောက်လှမ်း နေသည့် ဖက်ဆစ်ကင်ပေတိုင် စစ်ပုလိပ်ဆန်ဆန် ကြီးစိုးအုပ်ချုပ်ရေး စနစ်ဆိုးကလည်း လူငယ်တို့ အနာဂတ်ကို တတိတိ တိုက်စား ဖြိုဖျက်နေ၏။

ဒီကြားထဲ တရားမ၀င် ခိုးသွင်းလာသည်ဆိုသော လိင်ဆက်ဆံရေး၊ ညစ်ညမ်းမှု ဇာတ်လမ်း ရုပ်ရှင်များ နေရာတကာတွင် ဗြောင်ကျကျ ပြသ၍ လူတိုင်း အလွယ်တကူ ကြည့်ရှုနိုင်အောင် ဥပဒေမဲ့၊ ဖြစ်ချင်ရာဖြစ်၊ ပြချင်ရာပြပိုင်ခွင့် ပြုထားသည့် အခြေအနေကလည်း အရွယ်မရောက် သေးသူ လူငယ်တို့ကို လမ်းမှားသို့ စောစီးစွာ တွန်းပို့ပေးနေကြပြန်၏။ ထိုသို့သော လူငယ်ထု အကျင့်စာရိတ္တပျက်ပြား ချို့တဲ့ရေး အထောက်အကူပြုသည့်ယဉ်ကျေးမှု ထိုးဖေါက် ၀င်ရောက်လာ မှုများကိုမူ အာဏာပိုင်တို့က မသိကျိုးကျွန်ပြုနေကြသည်။ ဆင်းရဲချို့တဲ့နေ သည့်မိမိတို့ဘ၀ကို နားမလည်ဘဲ မျိုးဂုဏ် ရိုးဂုဏ်မထောက် မြန်မာ မိန်းမပျိုလေးမျာ ကိုယ်ခန္ဓာရောင်းစားပြီး ဖြတ်လမ်းမှ ငွေကြေးရှာလိုစိတ်ကို ဆွဲဆောင် တွန်းအားပေးမှု အခြေအနေ များစွာကို ဖန်တီးပေး ထားသည်။ မီဒီယာကြော်ငြာများမှ အားကျလုခမန်း မြင်တွေ့နေရသော ခေတ်မှီပစ္စည်း အသုံးဆောင်များကို မအပ်မစပ်ဖြစ်စွာ ရေလိုက်လွဲ မိန်းမောတပ်မက် အားကျမှုဖြင့် သုံးစွဲရယူ ပိုင်ဆိုင် လိုစိတ်ပြင်းပြ လာအောင် ဆွဲဆောင်သည့် ကြော်ငြာများပါ ဇိမ်ခံ၊ အလှကုန်များကို ဘ၀ စတေးပြီး ၀ယ်ယူသုံးစွဲလာကြသည်။

ထို ရင်နင့်ဖွယ် မြန်မာ မိန်းမပျိုများ ပျက်စီးခြင်းလမ်းမှား ရောက်အောင် ဆွဲဆောင် သိမ်းသွင်းနေ သည့် ဥပဒေမဲ့ တွေးဆမျော်မြင်ချက်မဲ့ လုပ်ရပ်များ၊ ဖြစ်စဉ်များကို တားဆီးကာကွယ်ရန် တာဝန် ရှိသူများ ဖြစ်သည့်အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်ကပင် အတွေးနုနု၊ အသွေးနုနု ဖွေးအုအရွယ် ၊ ကိုယ့်သမီးငယ်မျှကို သားသမီးချင်းမှ မစာနာ၊ တကိုယ်စာ ကာမရာဂ လွန်ကျူး ခံစားဖို့အတွက် မတန်တဆ ခိုးဝှက် ချမ်းသာထားသော ခိုးရာပါငွေများဖြင့် မြန်မာ့သားသမီးပျို များကို အခပေးဖျက်ဆီး ခြေတော်တင်ကြသေးသည်။ (ဤ အကြောင်းအရာများ၊ ဖြစ်ရပ်မှန်များ ကို လက်တွေ့ဘ၀နယ်ပယ် ခြေချမိသော ကာလ အတွေ့ အကြုံများ ကဏ္ဍတွင် ထပ်မံဖြည့်စွက် တင်ပြပါအုံးမည်) ဘယ်လောက် ရင်ထုမနာဖြစ်ဖွယ် ဇာတ်တူသားစားခံရသည့်စနစ်ဆိုးကြီး ပါပေ နည်း။ ဘယ်လောက် ရှက်ရွံ့ဖွယ်ကောင်းလှသည့် တတိုင်းတပြည်လုံး၏ ကံခေမှု တွေပါနည်း။


ထိုသို့ မြန်မာ့ သားပျို၊ သမီးပျိုတို့ ရေလိုက်လွဲ လမ်းမှားရောက်အောင် ကူညီပံ့ပိုးပေးနေသော ပြည်ပမှ စီးပွားရေး ထိုးဖေါက် ကျူးကျော်မှုများ၊ အရွယ်မရောက်သေးသူ လူငယ်တို့ ဘူးသီးနုနု အမွှေးသပ်သလို ဖြစ်စေမည့် ဆင်ဆာမဲ့ ညစ်ညမ်း ရုပ်ရှင်၊ ဇာတ်လမ်းများ စသည့်တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွား ယုတ်လျော့ ကျဆင်းနိုင်မည့် အကြောင်းအရာများ ကိုသာ လွတ်လွတ် လပ်လပ် ၀င်ရောက် နေရာယူခွင့် ပေးထားပြီး ကျန်သော ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်များ ဖြစ်ထွန်းပေါ်ပေါက်နိုင်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ သဘောတရားရေး၊ ဒီမို ကရေစီ လူ့အခွင့်အရေး ပညာရပ်၊ အတွေးအခေါ်တို့ကိုမူ ပြည်သူ ပြည်သားတို့နှင့် မဆိုင်သော အနောက်နိုင်ငံသားတို့၏ ဆိုးသွမ်းယုတ်ညံ့သော ယဉ်ကျေးမှုအဖြစ် ထင်မြင်စေရန် ၀ါဒဖြန့်ထားပြီး မြန်မာပြည်တွင်း ပြည်သူ၊ ပြည်သားများကြား စီးမျော လေ့လာနိုင်စွမ်း မရှိစေရန် ပိတ်ဆို့ တားမြစ် ထား၏။

ပြည်တွင်း နွားခြေရာခွက် ရပ်ဝန်း ကျဉ်းကျဉ်းငယ်မှလွဲ၍ ပြင်ပနိုင်ငံတကာ၊ ကမ္ဘ္ဘာ့အခြေအနေ တို့ကို ကင်းကွာအောင်၊ ထိတွေ့ဆက်ဆံမှု နည်းပါးအောင် အာဏာပိုင်တို့က နည်းမျိုးစုံဖြင့် ပိတ်ဆို့ ထား၏။ ပြင်ပကမ္ဘာနှင့် မိမိတို့မြန်မာပြည် လုံးဝသက်ဆိုင်ခြင်းမရှိသလို ခံစားရအောင် နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံနိုင်သည့် အခြေအနေအားလုံးကို သံကန့်လန့်ကာပမာ တင်းကျပ်ထားပြီး သတင်းနည်းပညာ ပိတ်ဆို့ခံထားရသော လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင်း မျက်စိပိတ်၊ နားပိတ်၊ အတွေးအခေါ် ပိတ်ဆို့ပြီး ကျဉ်းမြောင်းသော အသိအာရုံကိုသာ ခံစားသင်ယူနေ ကြရသည်။ ထိုသို့မတရား ဖိနှိပ်၊ အသိဥာဏ် နိမ့်ကျအောင် စနစ်တကျ ပိတ်ဆို့အုပ်ချုပ်မှု စနစ်ဆိုးမှ ထွက်ပေါ်လာသည့် ဖြန့်ထွက် မကောင်းကျိုး၊ ဘေးထွက်ဆိုးကျိုး များကလည်း လက်တွေ့ရင်ဆိုင် နေကြရသူ လူငယ်များ အနေဖြင့် မိမိတို့ ဘ၀အပေါ် နှစ်နှစ်ကာကာ တန်ဖိုးထား ဂုဏ်ယူမှု အားလျော့ ကျဆင်းစေသည့် အဓိက အကြောင်းရင်းတခု ဖြစ်သည်။

ထို့ပြင် ပြည်သူပြည်သား များစွာတို့အတွင်း စိတ်ဓါတ်ခိုင်မာမှု အင်အားကို တန်ဖိုးထားမှု အဓိက အခြေခံဖြစ်သည့် ကိုယ့်ကိုကိုယ် စာရိတ္တကောင်းသည်ထက် ကောင်းအောင် ထိန်းသိမ်းခြင်း စံနှုန်း အဆင့်တန်း လျှော့ကျခြင်းများ မသိမသာမှ သိသိသာသာ ဖြစ်ပေါ်လာခြင်းကို မျိုးချစ် သက်ကြီး ရွယ်အို၊ လူကြီးလူကောင်းတိုင်းက စိုးရိမ်စွာဖြင့် တိုးတိုးတဖုံ၊ ပေါ်တင်တမျိုး စစ်အစိုးရအား အသိပေး တင်ပြကြသော်လည်း ထိုသို့ဖြစ်အောင် တမင်တကာဖန် တီးနေသူ စစ်အာဏာပိုင် များက ၄င်းတို့လုပ်ရပ်များ ပေါ်လွင်လာမည်စိုး၍ ပညာရှင်တို့ အကြံပြုတင်ပြချက်များကို မသိ သလိုနေ၏။ ကျောင်းစာမေးပွဲက အစပြုသော၊ ဘ၀ လောကဓံ ကြံ့ကြံ့ခံခိုင် ရင်ဆိုင်ရေး ယုံကြည်ချက် တည်ဆောက်မှုနှင့် လက်တွေ့ဘ၀ ရင်ဆိုင်ရေး သင်ကြားခြင်းကာလကို စနစ် တကျ ရိုက်ချိုးဖျက်ဆီးခံ လိုက်ရသော ကျောင်းသား အများစုမှာ မိမိတို့ကိုယ်ကို အနာဂတ်၏ မျိုးဆက်သစ်များ အဖြစ်ပင် မယုံရဲတော့အောင် စွမ်းရည်သတ္တိတွေ လျော့ကျကုန်၏။

တကိုယ်ကောင်းသမား စစ်အာဏာပိုင်များမှာ ၄င်းတို့၏ စနစ်ဆိုး သက်ဆိုးရှည်ရေး တခုတည်း အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်တို့၏ ထက်မြက်မှု၊ စည်းလုံးမှုများကို အစဉ်ရိုက်ချိုးဖျက်ဆီး ရန်သာ အားထုတ်နေကြရရာ လူငယ် ကျောင်းသားထု၏ ငယ်ရွယ်စဉ် ဘ၀ နေ့စဉ်ဖြတ်သန်း ရမှုများအား ပေါ့ဆစွာ နေနိုင်ဖို့ ဘောင်သွင်းစီစဉ် ထားခံရသော ပေါ့ဆ သိမ်ဖျင်းသော ပညာရေး စနစ်၏ နှေးကွေးမှုနောက် မသိလိုက် မသိဘာသာ နေရင်း မိမိတို့၏ ပင်ကိုယ် အရည်သွေးများ လျော့ပါးပျောက်ဆုံးကုန်၏။

စာတတ်ဖို့ထက်၊ အတွေးအခေါ် မြင့်မားဖို့ထက်၊ ခံယူချက် မြင့်မားဖို့ထက် စာခိုးချ၍ဘဲ အောင်အောင်၊ ဘယ်လိုနည်းဖြင့် အောင်အောင် ဘွဲ့တစ်ခုခု အမြန်ရပြီး၊ စားဝတ် နေရေးအတွက် ရရာ အလုပ်တစ်ခုခု လုပ်နိုင်ဖို့ကိုသာ တွေးတော စိတ်ကူးလာကြသည်။ မိမိတို့ဘ၀ကို ကြုံရာ လှေဖြင့်၊ တွေ့ရာနည်းဖြင့် ရေစုန်မျောလိုစိတ်များ ဖြစ်ပေါ်လာကာ ဆိုခဲ့ပြီးသော မိမိကိုယ်မိမိ အားကိုယ်း ယုံကြည် စိတ်တို့ ခန်းခြောက် နည်းပါးလာခြင်း ဖြစ်ပေသည်။

မရိုးမသားစိတ်ဓါတ်ဖြင့် အာဏာပိုင်များ ခိုင်းသမျှ လက်ညိုးထောင် ခေါင်းညိတ် လုပ်တတ်သူတို့ သည် ရိုးသားမှု အခြေခံ စိတ်ထားဖြင့် ရိုးရိုးကျင့် မြင့်မြင့်ကြံသူတို့ထက် အစစ အရာရာ သာလွန် ကြီးပွား ချမ်းသာ နိုင်ခွင့် ရှိနေကြသည့် စက်ဆုပ်ဖွယ် အခြေအနေများကြောင့် အကျင့်စာရိတ္တ္တ တန်ဖိုးထက် ငွေကြေး၊ အခွင့်အရေး ရုပ်ဝတ္တုကြွယ်ဝမှုကို မက်မောလာသူတို့သည် ပိရိသေသပ်စွာ၊ ဟန်ဆောင် ကောင်းကောင်းဖြင့် အထက်အာဏာရှိသူကို ဖေါ်လံဖါးကာ လက်အောက်ငယ်သား တို့ကို ဖိနှိပ်လာတတ်ကြခြင်းဖြစ်သည်။ ထိုသူတို့သည် သြဇာအာဏာ ရှိသူများကို အခြားသော အဆင့်တူ သူများထက် ပိုမို ဖါးယားနိုင်မှ အခွင့်အရေး ငွေကြေးတို့ အခြားသူများထက် ပိုရမည် ဖြစ်၍ အထက်ပါ ဆင်ခြေဖြစ်သော အများမိုးခါးရေ သောက်၍ ကိုယ်က မသောက်ချင်လည်း လိုက်သောက်ရသည်ဟု လှီးလွဲ ဟန်ဆောင် သူတော်ကောင်း ယောင်ဆောင် ပြောဆိုတတ်လာ ခြင်းဖြစ်သည်ကို နားလည်စွာ တွေ့ရှိလာရသည်။ အများမိုးခါးရေသောက်လို့ ကိုယ်လိုက်သောက် ရတယ် ဆိုသော တကိုယ်ကောင်းသမားတွေ များလေလေ စစ်ဗိုလ်ချုပ်ကြီးများက ကြိုက်လေလေ ပင်ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် ပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်ရာတွင် ထိုသို့ သော တစ်ကိုယ်ကောင်း သမားများကို တည်ကြက်သဖွယ်၊(ပြောမရ ဆိုမရ၍ လစ်လျူရှု ထားရ သော လူထုကြားမှ လူမိုက်များသဖွယ်)မွေးထားကာ နောက်ကွယ်မှ အခွင့်ရေးများ ပေးထား၏။ အရေးအရာနှင့်ကြုံသောအခါ ထိုသူတို့ကို ဘေးတီးပေးကာ အာဏာရှင်များ လုပ်လိုသည့် အကြမ်း ဖက် လုပ်ရပ်များကို ထိုသူတို့အား မျှားဦးတည်ပေးပြီး ဖါသိဘာသာ နေနေလိုက်တတ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် ပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ကို အကြမ်းဖက် သတ်ဖြတ်ရန် ကြိုးစားစဉ်က ပါဝင်ခဲ့သော လူအုပ်သည် ထိုသို့သော စနစ်တကျ မွေးမြူထားသည့် သစ္စာဖေါက် ပုဆိန်ရိုး တစ်ကိုယ်ကောင်း သမားများဖြစ်ကြောင်း လေ့လာတွေ့ရှိလာရသည်။ အတော်ပင် ကြောက်ရွံ့ဖွယ် ကောင်းသော စစ်အာဏာရှင် စနစ်၏ လုပ်ရပ်များ ဖန်တီးမှုများ ဖြစ်ပေသည်။ ကျနော်တို့လူငယ် ဗိုလ်လောင်းများမှာသာ လွတ်လပ် ပွင့်လင်းသော လူမှုဆက်ဆံရေးနှင့် သတင်းလွတ်လပ်မှု ရှိသော အခြေအနေတွင် နေထိုင်ခဲ့ဖူးပါက ထိုအခြေအနေများကို ကြိုတင် လေ့လာသုံးသပ်မိခဲ့ကြမည် ဖြစ်ပေသည်။ သို့သော် ကျနော်တို့ ကြီးပြင်း လူလားမြောက်ခဲ့ရသော မြန်မာနိုင်ငံ၏ ပြည်တွင်း အခြေအနေတို့သည် အားလုံးကို မျက်စိပိတ်၊ နားပိတ်ထားသော သတင်းအမှောင်ချ ထားခံရသည့် ရပ်ဝန်း ဖြစ်ပေရာ မိမိတို့ အနာဂတ် အရေးနှင့် ပတ်သက်၍ဘာဆိုဘာမှ ကြိုတင်တွေးတော သုံးသပ် ဆင်ခြင်နိုင်စွမ်း မရှိခဲ့ ကြရခြင်းမှာ သဘာဝ ကျပေသည်။

ထိုသို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဘက်စုံ နိမ့်ကျမှုများနှင့်အတူ မိမိတိုင်းပြည်၏ အနာဂတ်သည် မိမိတို့ နှင့်မဆိုင်ဟု ထင်မြင်လာသူ၊ နိုင်ငံ့အရေး၊ နိုင်ငံရေးနှင့် မပတ်သက်ရဲသူ၊ ပြောဆိုဖို့ဝေးစွ၊ တွေးခေါ် နားထောင်မိမှာကို ကြောက်သူ လူငယ်များစွာကို စစ်အာဏာရှင် စနစ်၏ ဘက်ပေါင်းစုံ ကျုံးသွင်း ဖန်တီးမှုများက မွေးထုတ်ပေးလိုက်၏။ ထိုလူငယ်တွေသည် မိမိတို့ကိုကျုံးသွင်း၊ ပုံသွင်း လိုက်သည့် အတိုင်း မိမိတိုင်းပြည်အရေး၊ မိမိနိုင်ငံ၏ အနာဂတ် ရေးသည် မိမိတို့နှင့် မဆိုင်သလို နေနေကြ မည်ဆိုလျှင်၊ နေသွားကြအုံးမည်ဆိုလျှင် မိမိတို့တိုင်းပြည်သည် တိုင်းတပါးသား၊ ကွန်မြူနစ်တိုင်း ပြည်ကြီး တပြည်မှ လူမျိုးခြားနယ်ချဲ့တို့၏ ခေတ်သစ်ရေရှည် စီမံကိန်းဖြင့် မြန်မာပြည် မြေမျက်နှာ ပြင်များ တတိတိ ၀ယ်ယူသိမ်းပိုက်ရေး စီမံချက် မဟာဗျူဟာ အတိုင်း ပညာမဲ့သော၊ မြေယာမဲ့ သော၊ နေစရာမဲ့သော၊ အားကိုးရာမဲ့သော ဘုံကျွန်ဘ၀ဖြင့် ရာသက်ပန် နေသွားကြရတော့မည် ဖြစ်သည်။

ဤ စစ်အာဏာရှင် စနစ်ဆိုးကြီးကို တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး ဖါသိဘာသာ လစ်လျူရှု ခဲ့ကြခြင်း၏ အကျိုးဆက်အဖြစ် မကြာမှီကာလတွင်ပင် ကမ္ဘာပေါ်၌ နယ်ပယ် ဧရိယာ ပြောင်းလဲ ဖြစ်ပေါ်မှု သမိုင်းဖြစ်စဉ်သစ်တို့ ပေါ်ထွက်လာပေတော့မည် ကိုမြင်ယောင်မိ၏။

ယဉ်ကျေးမှု မြင့်မားစွာနေခဲ့ဖူးသော၊ တိုင်းရင်းသား မျိုးနွယ်စု များစွာဖြင့် ပါဝင်ဖွဲ့စည်း တည်ထောင် နေထိုင်ခဲ့သော ရိုးသားယဉ်ကျေးရဲရင့်မှု အစဉ်အလာကောင်းများ ရှိခဲ့ဖူးသူ မြန်မာ လူမျိုးဆိုသည့် ထက်ထက်မြက်မြက် ကြံ့ကြံ့ခိုင်ခိုင်၊ မြန်မြန်မာမာ၊ ကျန်းခံသာသော လူမျိုးစုကြီးများသည် ဤ ဧရာဝတီ၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်တို့ဟူ၍ အမည်ရှိခဲ့သော ယခု အမည်ပြောင်းထားခံရသည့် ဤမြစ်ကြီးများ ဘေးတလျောက်ရှိ ကျယ်ပြန့်သော သဘာဝမြေ မျက်နှာပြင် တောတောင်များ မြို့ကြီးများတွင် နေထိုင်ခဲ့ဖူးကြလေသည်။

အဆိုပါ လူမျိုးတို့သည် အုပ်ချုပ်သူ အာဏာရှင်တို့အား ကြောက်ရွံ့စွာ ဖြင့်သော်လည်းကောင်း၊ သူတို့ကိုးကွယ်သည့် ဘာသာတရားက သည်းခံခွင့်လွှတ်ဖို့ သွန်သင်ထားသည် ဆိုကာ လှီးလွဲ ဆင်ခြေပေး ကြောက်စိတ်လွှမ်း၍ လည်းကောင်း၊ (သတ္တိရှိရှိ ရင်မဆိုင်ရဲမှု နှင့် အမှန်အတိုင်း မဖွင့်ပြောရဲခြင်း ဆိုသည်ကို ဟန်ဆောင် ဖုံးလွှမ်းထားသည့်) သည်းခံခွင့်လွှတ်ခြင်း ဆိုသည်ဖြင့် လည်းကောင်း ရှောင်လွဲရင်း အချိန်တွေ ကုန်လွန်သွားကာ ယခုလို လူမျိုးပျောက်ရသည့် အခြေ အနေ ရောက်ခဲ့ရပေသည်။ သူတို့ကိုးကွယ်ရာ ဘာသာတရားမှ ဟောကြားခဲ့သည့် အတိုင်း အတုံ့ အလှည့်ကံကြမ္မာဆိုသည် မကြာခင် ရောက်လာလိမ့်မည်ဟု ကြွေးကြော်ယုံကြည် စောင့်စားရင်း၊ စောင့်စားရင်း၊ စောင့်စားရင်း ယခုတော့ အသားဝါ၀ါ၊ မျက်စိပေါက်မှေးမှေး၊ မျက်ရစ် မပါသူ လူမျိုးကြီးတမျိုး၏ ၀ါးမြိုသွားခြင်းကို ခံခဲ့ကြရပေသည်ဆိုသော သမိုင်းစာမျက်နှာ သစ်တို့ ပေါ်ထွက် လာပေတော့မည်။ ယဉ်ကျေးမှုမြင့်မားခဲ့သော ရှေးဟောင်းမာယာ လူမျိုးများနည်းတူ ရှေးနှစ် ထောင်ချီကပင် တည်ဆောက်ခဲ့သော အံ့သြလေးစား လောက်သည့် ရှေးဟောင်း ဗိသုကာပညာ ဖြင့် တည်ဆောက်ထားခဲ့သော ဘုရား၊ စေတီပုထိုးတို့ ထိုမြစ်ကမ်းပါး တနေရာတွင် ထည်ဝါ ခန့်ငြားစွာ ရှိခဲ့ဖူးလေ၏။ ထိုမြန်မာလူမျိုးတို့မှာ ကမ္ဘာ့ သမိုင်းတွင်သာ ယခင်က ရှိခဲ့ဖူးပြီး ယခုတော့ အာရှတိုက် မဟာအင်အား ကြီးနိုင်ငံတခု ပိုင်ဆိုင်သိမ်းပိုက်ထားသော လက်အောက်ခံ ပြည်နယ် ငယ် တစ်ခုအတွင်း သွေးခွဲ ဖိနှိပ်အုပ်ချုပ်ခြင်း ခံနေရသော သနားစရာ လူမျိုးစုငယ်လေး တစ်စု ဖြစ်နေခဲ့ပေပြီ ဆိုသော သမိုင်းသစ်တို့ ပေါ်ထွက်လာဖို့ နီးနေပေပြီ။ မြန်မာ လူငယ်ထု ကြပ်ကြပ် ဂရုစိုက်လေ့လာရန် လိုပြီဖြစ်ကြောင်း လူငယ်တဦး ဖြစ်သော ကျနော်ကပင် တင်ပြပါရစေ.......။

ဤနေရာတွင် မျိုးချစ် စာရေးဆရာကြီး တစ်ဦးမှ လူငယ့်ဘ၀တိုးတက် မြင့်မားရေး ရည်ရွယ် ရေးသားထားသည့် လူကြီးလူကောင်းအမည်ရှိ စာအုပ်တအုပ်မှ အဆိုပါ စာရေးဆရာ ကြီး၏ အမှာစာကို ကူးယူဖေါ်ပြခွင့် ပြုပါခင်ဗျာ။ ထိုစာရေး ဆရာကြီးမှာ ယခုတိုင် သက်ရှိထင်ရှား ရှိသေးသော စာရေးဆရာကြီး နတ်မောက် ဘုန်းကျော် ဖြစ်၍မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သော မျိုးချစ်စစ်သားဟောင်းတဦး ဖြစ်ပြီး၊ တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဂျပန်ခေတ် စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိဟောင်း တဦးလည်းဖြစ်သည်။ ဆရာကြီး၏ လူငယ်များကို ပါးသော အမှာစာမှာ..

“အသက်အရွယ် အတော်ထောက်လာသည်နှင့် အညီ ခေတ်အမျိုးမျိုး၊ လူအမျိုးမျိုးကို ကြုံတွေ့ ခဲ့ရဖူးပါပြီ။ စစ်ဖြစ်ရခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်တို့ ကြောင့်သော် လည်းကောင်း၊ တိုင်းပြည် တပြည်၊ လူမျိုးတမျိုး တွေ့ကြုံရသော အပျက်အစီး ဒုက္ခ ဗရပွများသည်၊ မည်မျှပင် ကြီးမားများပြားစေကာမူ တိတိကျကျ၊ ထိထိခိုက်ခိုက် ကြောက်မက်ဖွယ်ရာ စိတ်ပျက် စရာ ကောင်းလှသေးသည် မဟုတ်ပါ။ လူမျိုးတမျိုး၌ ခယ၀ယ မြှောက်ထိုးပင့်ကော် ဖော်လံဖါး စိတ်ဓါတ်၊ ရေသာခို အချောင်သမားစိတ်ဓါတ်၊ ကိုယ်ကျိုးရှာ စိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ် ကင်းမဲ့သည့် စိတ်ဓါတ် စသော စိတ်ဓါတ်ဝဲစားသော ရောဂါ နှင့် မရိုးမသား၊ မဖြောင့်မတ်ခြင်း၊ နိုင်ငံရေးဖြင့် (တစ်ဆွေလုံး တစ်မျိုးလုံး ) ကိုယ်ကျိုးစီးပွား ရှာနေကြခြင်း၊ ကိုယ်ကျင့်သိက္ခာပျက်ပြား သော ရောဂါ.. ထိုရောဂါ နှစ်ခုသည်သာလျှင် အဓိကကြောက်မက်ဖွယ် ကောင်းသော ကိစ္စ ဖြစ်ပါသည်။ အိုးအိမ်တိုက်တာ အဆောက်အဦ ၊ လမ်းတံတား စသည်များ ပျက်စီးသွားလျှင် တမျိုး သားလုံးတွင် ရှိသော ငွေကြေးဘဏ္ဍာ ပစ္စည်း ပစ္စယများဖြင့် ပြန်လည် ပြုပြင်တည်ဆောက်လျှင် ရနိုင်သေး၏။ ငါးနှစ်၊ ဆယ်နှစ် ကြာချင်ကြာပေမည်၊ ကိစ္စမရှိ။ ပြသနာမဟုတ်၊ ပြန်လည်ကောင်းမွန် လာနိုင်ပါသည်။ စိတ်ဓါတ်ဝဲစား နေသော ရောဂါနှင့် ကိုယ်ကျင့်သိက္ခာ ပျက်ပြားနေသောရောဂါ တို့ကို ကုစားရန်မှာ နောင်နှစ်ပေါင်း ငါးဆယ်၊ နှစ်ပေါင်း တစ်ရာကြာသည်အထိ ကြန့်ကြာအောင် အချိန်ယူပြီး၊ ကြိုးစား ပြုပြင် တည်ဆောက်ကြစေကာမူ မူလဒုံရင်း အနေအထားအတိုင်း ပြန်လည်ရရှိရန် ခဲယဉ်းလှ၏။ နိုင်ငံသူ၊ နိုင်ငံသားတို့ တရားလက်လွတ် ဖေါက်ပြန် ပျက်စီးလာ ကြခြင်း၊ ဟိရိသြတ္တပ္ပ ကင်းစွာ ပေါက်လွတ်ပဲစား ပြုမူလာကြခြင်း၊ (ဗြဟ္မစိုရ်တရားကင်းမဲ့ပြီး) တစ်ဦးနှင့် တစ်ဦး ရက်စက် ကြမ်းကြုပ်စွာ ပြုမူတတ်လာ ကြခြင်းကြောင့် ရှေးပဝေသဏီ ကတည်း က ဂုဏ်ရောင်ပြောင်ခဲ့သော ရောမ နိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာမှာ မှေးမှိန်လာခဲ့ရချေ၏။ ”

ဤနေရာတွင် စာပေလွတ်လပ်မှု မရှိသော မြန်မာပြည်တွင်းမှ ထုတ်ဝေခြင်းဖြစ်၍ စာပေ စီစစ်ရေးဟူသော ကင်ပေတိုင်အဖွဲ့မှ ကင်းလွတ်အောင် မိမိတို့ တိုင်းပြည်အစား ရောမဟူသော နိုင်ငံကို အစားထိုးသုံးကာ တိုင်းပြည်နှင့် အနာဂတ်အတွက် မကြောက်မရွံ့ ဝေဖန်ရဲသူ စာရေး ဆရာကြီး ဦးဘုန်းကျော်၏ လူငယ်တို့အပေါ် မှာကြားချက်အား အဓိက အလေးထားကာ ပြုမူတွေးခေါ်သူ လူငယ်တို့ တဖြည်းဖြည်း များပြား လာပြီ ဖြစ်ကြောင်း ဤစာစုမှ နေ၍ တိုင်းပြည်နှင့် ဆရာကြီး အားတင်ပြပါရစေ။

တိုင်းပြည်တစ်ပြည် ပျက်ဆီးချင်လာပြီဆိုလျှင်၊ အဆိုပါရောဂါဆိုး နှစ်ခုပေါ်ထွန်းလာ လေ့ရှိကြောင်း သတိမူကြရန်ဖြစ်သည်။ ထိုရောဂါဆိုးများ မကပ်ငြိစေရန် ကျွန်ုပ်တို့ မည်သို့ ကာကွယ်ကြ မည်နည်း။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်လူရွယ် များထံသို့ ထိုရောဂါဆိုးများ မကူးစက် စေရန် ကာကွယ်ဖို့ အရေးကြီး လာလေပြီ။ တိုင်းနိုင်ငံ တခုကိုဖျက်ဆီးလိုသော် ထိုတိုင်းပြည်ကို ရန်စ စစ်မက်ပြု၍ တိုက်ခိုက်ဖို့ မလိုတော့ပါ။ ထိုတိုင်းပြည်၏ အညွန့်အဖူး လူငယ်အင်၏အားစု၏ ကာယ စွမ်းအား တောင့်တင်းကြံ့ခိုင်ရေး၊ စိတ်ဓါတ်ကြံ့ခိုင်ရေး၊ ကိုယ်ကျင့်စာရိတ္တ သိက္ခာကြံ့ခိုင်ရေး များကို စနစ်တကျ အကွက်ချပြီး (နည်းမျိုးစုံဖြင့်) ဖျက်ဆီးပေးပါ။ မကြာမီ ထိုတိုင်းပြည်၏ မျိုးဆက် အင်အားသစ်များ အညွန့်အတက်မထွက်နိုင်တော့ဘဲ၊ ပျက်သုဉ်းသွားပြီး၊ ထိုတိုင်းပြည်မှာ ဖွတ် ကျောပြာစု၊ ခရု အဆံကျွတ်၊ ချွတ်ခြုံကျ ပြိုလဲပျက်ဆီး သွားရသော ရောက်ရှိသွားရမည်သာဖြစ်၏။ မြေကြီး လက်ခတ် မလွဲပါ။ ကမ္ဘာ့သင်ခန်းစာများ အထင်အရှား ရှိပါသည်။

နောက်တနည်း... လွန်လေပြီးသော တချိန်တုံးက (၁၉၃၆-၁၉၃၈) ဂျာမနီမှ ဟစ်တလာက ဆူဒီတန်နယ်ထဲ သို့ဂျာမန်လူမျိုး ကျား၊ မ နှစ်သန်းခန့် မောင်းနှင် သွင်းထားလိုက်ပြီး ၊ လူမျိုးလိုက် ၀ါးမြိုပစ်သော နည်းလည်း ရှိပေသေးသည်။ မြန်မာတွေ သတိထား သင့်ကြပေပြီ ဟု ဆရာကြီးက ရဲရင့်စွာ လူငယ်တို့ကို ဆုံးမစကားဆိုထား၏။ လူမျိုးလိုက် ၀ါးမြိုခြင်းဖြင့် နိုင်ငံကိုသိမ်းပိုက် ကျွန်ပြု ခြင်းနည်းသည် မသိလိုက် မသိဘာသာ နေတတ်သော မြန်မာတို့အပေါ် အလွယ်တကူ ၀ါးမြို သိမ်းယူနိုင်သည့် အလွန်ကြောက်စရာကောင်းသော သိမ်းပိုက် ကျွန်ပြုနည်း တခုဖြစ်သည်ကို ယနေ့ မြန်မာ လူငယ်တို့ တဖြည်းဖြည်း သတိမူမိ လာကြပေပြီ။ မည်သည့် လူမျိုး တိုင်းတပါးသား တို့က မြန်မာ အမျိုးကောင်း သမီးတို့ကို မယားပြု သွေးနှောကာ လူမျိုးတုံး ၀ါးမြိုနေကြသလဲ ဆိုသည်ကို ကျနော် ရှင်းပြရန် မလိုတော့ပေ။

သူတို့ကွန်မြူနစ် ၀ါဒကို ထောက်ခံသော ရုပ်သေး စစ်အာဏာရှင် အစိုးရကို ထောက်ခံ ပံ့ပိုးပေးပြီး ကိုယ်ပြည်သူချင်း နှိမ်နှင်းသတ်ဖြတ်ရန် လူသတ်လက်နက်များပေးခြင်း၊ ရောင်းချ ခြင်းတို့ကို တဖက်မှပြုလုပ်၊ အခြားတဖက်မှ လူတိုင်း သတိမပြုမိနိုင်ဟု သူတို့ ယုံကြည်သော လူမျိုးလိုက် ၀ါးမြိုရေး နည်းဗျူဟာကို ရဲရဲတင်းတင်း ကျင့်သုံးကာ ကျုးကျော်လာသူတိုင်း တပါးသား လူမျိုးခြား တို့မှာ ဘယ်နိုင်ငံကဟု ပြောစရာပင်မလို။ မြန်မာတိုင်း သိနေကြပြီ၊ မျိုးချစ်စိတ် ရှိသူတိုင်း အံတကြိတ်၊ လက်သီး တဆုပ်ဆုပ်၊ တောက်တခေါက်ခေါက်ဖြင့် မကျေမနပ်ရပ်ကြည့်ခဲ့ရသော ထိုလူမျိုးခြား ယောက်ျားသားတို့နှင့် မြန်မာ့ကညာစင် သမီးပျိုတို့ လူထပ်ပွဲကြီးတွေကို စစ်အာဏာ ပိုင်များက ကိုယ်တိုင်ကိုယ်ကျ တက်ရောက် အားပေး ချီးမြင့်ကာ မိမိတို့တိုင်းရင်းသူ လုံမပျိုတို့အား တိုင်းတပါးသား တို့ထံ ရောင်းချနေသည့်ဟန် ပွဲသဘင်ပေါင်း များစွာတို့ ယနေ့ ဖြစ်ပေါ်နေ၏။
မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုသော ငွေပေးသူ မည်သူ့ကိုမဆို အမျိုးသားမှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့် ကိုယ်ကျိုးရှာ အဖွဲ့အစည်းနှင့် ဒေသခံစစ်အာဏာ ပိုင်များကို ငွေတွေပုံပေးပြီး၊ နိုင်ငံသားဟု ခံယူလာသည့် မြန်မာစကား လုံးဝနားမလည်သည့် လူမျိုးခြား တိုင်းတပါးသားတို့ကိုပင် မယူရလျှင် မနေနိုင်တော့အောင် ၄င်းတို့က စီးပွား၊ ဓန ချမ်းသာ ကြွယ်ဝလွန်းပြီး၊ မြန်မာ အမျိုးသမီးတို့မှာ ကုန်းကောက်စရာပင် မရှိအောင် ဆင်းရဲမွဲတေ လာ၍လော..။

သို့မဟုတ် စစ်အာဏာရှင်စနစ်ကြီးကပင် အတင်းအဓမ္မ ဆွဲဆောင် လူထပ်ခံစေ၍ လော။.. မြန်မာ့ သမီးပျိုတို့ကပင် မျိုးချစ်စိတ် ခေါင်းပါးလာ၍လော..။ မြန်မာယောက်ျားတို့ အိမ်ထောင်ဦးစီး အဖြစ်ပင် အားကိုးမှု မပြုနိုင်တော့လောက်အောင် အသောက်အစား လောင်း ကစားမက်ပြီး ပင်ကိုယ်အရည်အချင်း၊ စွမ်းရည်၊ စိတ်ဓါတ်၊ ဥာဏ၊ ကာယတို့ ညံ့ဖျင်းကုန်ကြ၍ လော.....။
ကျနော်တို့ကဲ့သို့ မြန်မာတိုင်းရင်းသား မျိုးချစ် လူငယ်တွေကတော့ မြန်မာတိုင်းရင်းသား အမျိုးသမီးထု တရပ်လုံးကို တိုင်းပြည်နှင့် လူမျိုးဂုဏ်ကို စောင့်ထိန်းသည့်၊ မျိုးရိုးဇာတိဂုဏ်မာန မြင့်သော၊ မြန်မာ တိုင်းရင်းသား စင်စစ် ကလေးငယ်တို့ကိုသာ နို့ချိုတိုက်ကျွေးသော သားကောင်း မိခင်တို့ဖြစ်စေချင်ပါသည်။

ကဲ ပြည်သူပြည်သား လူငယ်၊ လုံမငယ်များ၏ အသိဥာဏ် ပညာ၊ အတွေးအခေါ်၊ ခံယူချက်၊ မျိုးချစ်စိတ်ဓါတ်တို့ စတင်မွေးမြူပေးရာ..မြန်မာပြည်၏ (၁၉၉၃ ခုနှစ်) ပညာရေး စနစ်ကို လေ့လာ ကြပါအုံးစို့..။

လူသားတဦး၏ စာရိတ္တ အခြေခံမဏ္ဍိုင်ဖြစ်သည့် စစ်အာဏာရှင် ခေတ်အောက် မြန်မာ့ပညာ သင်ကြားရေး စနစ်ကိုလေ့လာမည်ဆိုလျှင်လည်း အားရကျေနပ်ဖွယ် တစက်မှမရှိပေ။ ကျနော်တို့ အရွယ်လူငယ်များ လူလားမြောက်ရာ ထိုကာလမှအစပြုခဲ့၍ ယနေ့တိုင်အသက်ဝင်နေဆဲ ဖြစ်သော ငွေတတ်နိုင်လျှင် ပညာတတ်တတ်၊ မတတ်တတ်၊ အောင်လက်မှတ် အလွယ်တကူ ရရှိနိုင်သည့် စစ်အာဏာရှင်ခေတ်မြန်မာ့ ပညာသင်ကြားရေး စနစ်အတိုင်း၊ သင်ပေးသလောက်ယူ၊ ကျန်တာ ကိုယ့်ဟာကိုယ် လိုချင်လျှင် ပြင်ပမှာ ရသလို၊ ကြုံသလို၊ ဖြစ်သလို ဆက်လက် လေ့လာ၊ ပညာ တတ်တာ မတတ်တာ၊ စစ်အစိုးရ တာဝန်မဟုတ်ဟု၊ တရားဝင် မကြေငြာယုံ တမယ်၊ ကြောက်ရွံ့ စိုးထိတ်ဖွယ် ပညာရေးစနစ်ပျက်အတွင်း ဆက်လက်ပညာ သင်ကြားလျှင် ကောင်းမည်လား၊ အပြင်လောကသို့ထွက်ပြီး စီးပွားရေးလုပ်ငန်းအတွက် အခြေခံလုပ်ငန်း ပညာရပ်တွေပဲ ဆည်းပူး သင်ယူလျှင် ကောင်းမည်လား၊ စသည်ဖြင့် ကျနော်တို့အရွယ် လူငယ်တွေ ဝေခွဲရန် ခက်နေသော၊ ဇဝေဇ၀ါ အဖြေမရှာ နိုင်သော ကာလ လည်းဖြစ်၏။


ထိုနှစ် ထိုကာလ အတွင်းက မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍမှ ပညာသင်ကြားမှု၊ စာပေနှင့် အတတ်ပညာ တတ်မြောက်မှု တို့တွင် ပညာသင်သူ ကျောင်းသား၊ ကျောင်းသူများ၏ ပင်ကိုယ် အစွမ်းအစဖြင့် အရည်အချင်းစစ် စာမေးပွဲများကို ဖြေဆို အောင်မြင်နိုင်ခဲ့ကြသူများ ရှိသကဲ့သို့ အာဏာအကူ၊ ဆွေမျိုးအကူ၊ ရာထူးအကူတို့ဖြင့် ဖြေဆို အောင်မြင်နိုင်ကြသည့် မပေါ်လွင်၊ မထင်ရှားခဲ့သည့် မသမာသော နည်းလမ်း ဖြစ်ရပ်များစွာတို့ ရှင်သန်လှုပ်ရှား နေချိန်လည်း ဖြစ်၏။ အတန်းပညာ သင်ရိုးကို ဖြတ်ကျော် အောင်မြင်စေကြောင်း၊ မသမာသော ဥပဒေမဲ့ ဖြတ်လမ်း နည်းများဖြင့် ကြိုးစားခဲ့ကြသည့် ဖြစ်စဉ်များ နိုင်ငံအနှံ့ ဟိုမှ သည်မှ၊ ဖြစ်ပွားနေခဲ့သော အချိန် လည်းဖြစ်၏။

ကျောင်းများတွင် စာမသင်၊ ချဲထီ၊ နှစ်လုံးထီ ထိုင်တွက်နေကာ ကျောင်းသားတို့ဖြစ်ချင်ရာဖြစ်၊ သူနှင့်မဆိုင်သလိုနေသောဆရာ၊ ဆရာမတို့က၊ ၄င်းတို့ပညာရေးဋ္ဌာနဆိုင်ရာ၊ တာဝန်ရှိသူဟု ၄င်းတို့ဘာသာ ကြော်ညာထားသော စစ်အာဏာပိုင်များ စာသင်ကျောင်းသို့ လာစစ်လျှင်၊ ထိုတာဝန်မဲ့ နေတတ်သလို နေကာ ကိုယ်ကျိုးရှာနေသော ဆရာ၊ ဆရာမတို့သည် အထက် အာဏာပိုင်ဆိုသူကို ဖိန့်ဖိန့်တုန်မျှ ကြောက်လန့်ဟန်ဖြင့် လက်အုပ်လေးချီကာ၊ မိမိတို့၏ ကိုယ်ကျိုး စီးပွား ရပ်တည်ရေးအတွက် မတရားသော နည်းလမ်း ပေါင်းစုံဖြင့် ဘ၀ရပ်တည် နေရခြင်းကို ငဲ့ညှာ သနား၊ နားလည်ခွင့်လွှတ်ပါစေကြောင်း တောင်းပန်ပြောဆို ပြုမူနေကြသလို၊ ဘာမှမသိ နားမလည်သော အပြစ်ဟူ၍ မြူတစ်မှုန်မျှ မရှိသည့် ကျနော်တို့အရွယ် ကျောင်းသား၊ ကျောင်းသူ လူငယ်တို့ကိုလည်း ထိုစစ်အာဏာပိုင် ကြီးများကို အတင်းအကျပ်၊ လက်အုပ်ချီမိုး ရှိခိုးခိုင်း၏။ ကန်တော့ခိုင်း၏။

မျက်နှာလို၊ မျက်နှာရ၊ ဖေါ်လံဖါးပြီး ကိုယ်ကျိုးရှာ၊ သာရာစီး၊ အခွင့်အရေး ယူတတ်ရပုံ စိတ်ဓါတ်နှင့်၊ မှားယွင်းသော ကိုယ်ကျင့် စံနှုန်းတို့ကို သင်ကြားရိုက်သွင်း ပေးနေ၏။ ထိုသို့ လက်အုပ်ချီ ရှိခိုးတောင်းပန်ပြီး၊ နောက်ကွယ် လုပ်ချင်ရာလုပ်ခွင့်ရှိသည့်၊ ပဒေသရာဇ် အုပ်ချုပ်ရေး ပုံစံကို၊ ဥာဏ်နီ ဥာဏ်နက်သုံးကာ နည်းမျိုးစုံဖြင့်ရအောင် အကောင်အထည် ဖေါ်နေသော စစ် အာဏာရှင်ကြီးများ ကတော့ ကျေနပ်အားရစွာဖြင့် ထိုဆရာကြောက်၊ ဆရာရှော်တို့အား ဆုတော်၊ လာဒ်တော်များ၊ ပါမစ်များ ပေးသနားတော်မူ၏။ ပညာရေး သင်ကြားရင်းမှ၊ ကိုယ်ကျိုး ရှာပိုင်ခွင့်များ၊ ကျောင်းသား မိဘများကို လည်ပင်းနင်းငွေညစ်ခွင့်၊ အိမ်ခေါ်ပြီး ကျူရှင်သင်ကာ ငွေရှာပိုင်ခွင့်၊ ကျောင်းသားအချင်းချင်းကြားမှ ငွေတတ်နိုင်သူ သား၊ သမီးကိုသာ ပညာ အနည်း ငယ်သင်ပေးပြီး ဆင်းရဲသူ သားသမီးများ ဖြစ်ချင်ရာဖြစ် လစ်လျူရှု ပစ်ပယ်ထားပိုင်ခွင့် စသော မဟာ အခွင့်အရေးများဖြင့် ချီးမြှင့်၏။

၎င်းနောက် ယင်းတို့အား ကြောက်လန့်တကြား၊ ၀ပ်တွား ခယ အလုပ်အကျွေး ပြုနေသည့် လူငယ် လူရွယ်များ ကိုကြည့်ကာ၊ လူစွမ်းလူစ အင်မတန် ညံ့သည့်၊ ဆင်ခြင်တုံတရားမဲ့သော၊ တွေးခေါ် မြော်မြင်မှု မရှိသော၊ ထားရာနေ စေရာသွားပြီး၊ လူလစ်လျှင် ထင်ရာလုပ်ကာ၊ အာဏာရှိသူကို တွေ့လျှင် ကြောက်ရွံ့ စိုးထိတ်ဟန်ဖြင့် တောင်းပန်ရှိခိုးမည့်၊ ကြောင်သူတော် မျိုးဆက်သစ် လေး များ စနစ်တကျ ပေါ်ထွက်လာတော့မည်မို့ စစ်အာဏာပိုင်များ နှလုံးပီတိ ဂွမ်းဆီထိ၊ ပျော်တပြုံးပြုံး၊ ပီတိတဖြာဖြာ။ ဒီပုံစံတွေကို ၀ါဒဖြန့်ချီရေး၊ မီဒီယာတွေကနေ တခမ်းတနား လွှင့်ထုတ်ပြသနေ၏။ ထိုကဲ့သို့ ဖါးတတ်၊ ယားတတ်စွာ အာဏာပိုင်တို့ကို ပြုမူဆက်ဆံပြီး၊ အဆင့်အတန်းမဲ့သော အကျင့်မှားတို့ကို စံနမူနာပြအဖြစ် သင်ကြားပေးနေသော ကိုယ်ကျင့် သိက္ခာတန်ဖိုး လုံးဝမရှိသည့် ကျောင်းဆရာ၊ ကျောင်းဆရာမ အမည်ခံ ၀ိသမ လောဘသား အချို့ကမိမိအိမ်တွင် အခကြေးငွေ ပေးပြီး၊ ကျူရှင် လာတက်သော ကျောင်းသားကိုမှ စာသင်ပေးသော ပညာရေး စနစ်ဆိုးကြီးက ၀ံ့ကြွားစွာ အောင်လံထူနေချိန်ကို ကျနော်တို့ လူငယ်များ ဖြတ်ကျော် တွေ့ကြုံခဲ့ရ၏။

လက်ရှိ ပညာသင်ကြားရေး စနစ်တွင် တာဝန်ထမ်းလျှက်ရှိသော ကျောင်းဆရာ၊ ဆရာမ အားလုံး တို့က ထိုစရိုက်ဆိုး၊ အစဉ်အလာဆိုးကို လက်ခံ၊ ယုံကြည် လိုက်ပါ လုပ်ဆောင်ကြသည် မဟုတ်ပါ။ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ကာ၊ အာဏာ ရှင်ကြီး များကို လက်အုပ်ချီမိုး၊ မရှိခိုးသူ ဆရာမြတ်၊ ဆရာကောင်း တို့ကိုလည်း ကျနော်တို့တွေ့မြင်ခဲ့ရ၏။ စိတ်မကောင်း ဖြစ်ဖွယ် အဓိက အချက်မှာ၊ ထိုဆရာကောင်း၊ ဆရာမြတ်တို့သည် စိတ်ထားမမှန်သူ စီးပွားရေးသမား ကျောင်းဆရာ များနှင့်ယှဉ်လျှင် လွန်စွာ ဆင်းရဲချို့တဲ့ မွဲတေစွာ၊ လူမှုဘ၀ရပ်တည် နေကြရခြင်းဖြစ်ပါ၏။ ရိုးသားမှု ကိုမြတ်နိုးသော ပြည်သူပြည်သားများ၊ ကျောင်းသားလူငယ်များက ထိုဆရာကောင်း၊ ဆရာမြတ် တို့အား မည်မျှပင် နွမ်းပါးချို့တဲ့နေပါစေ၊ လေးစား ချစ်ခင်လျှက် ရှိမြဲပင်ဖြစ်၏။ အဓိက အားဖြင့် ဆိုလိုသည်မှာ အုပ်ချုပ်မှု စနစ် မှားယွင်းစွာဖြင့် မိမိတို့တစ်ကိုယ်ကောင်းကျိုးကို တိုင်းပြည် ကောင်းကျိုးထက် ဦးစားပေးသော ခေါင်းဆောင်များ၏ လက်အောက် အမှန်တကယ် ဖြစ်ပျက် နေသော အခြေအနေမှန်များကို စစ်ဗိုလ်ချုပ်ကြီးများက မသိသည်လား၊ သိလျက် မသိဟန်ဆောင် သည်လား မသိနိုင်ပါ။ နောင်ရေး မျှော်တွေး ပူပန်တတ်သူ မျိုးချစ်စိတ်ဓါတ်ရှိသူ အားလုံးအတွက် နိုင်ငံ့ အနာဂတ် အရေးသည် အလွန် ရင်လေးဖွယ်ရာ ဆုတ်ယုတ်မှုဆီ ဦးတည်နေသည်မှာ သေချာ လှ၏။ ကျနော်တင်ပြခဲ့သော လူငယ်များ ရေလိုက်လွဲပြီး စိတ်ခံယူချက် အလွဲများနောက် ကောက် ကောက်ပါအောင် ဆွဲဆောင်စည်းရုံးနေသည့် မျိုးဖျက်ဝါဒဖြင့် ချည်းကပ်လာနေသော ကျူးကျော် ရေး အင်အားကြီးဝါဒရှင် ကွန်မြူနစ်နိုင်ငံကြီး၏ သိမ်းပိုက်ခံရမှုကို သိသိကြီးနှင့် ခံခဲ့ရသည် ဆိုသော သမိုင်းဖြစ်စဉ်တို့ မဖြစ်စေချင်၍ ပျက်စီးယိုယွင်းလာနေသည့် သတိထားအပ်သော အကြောင်း အရာများကို ထင်းထင်းမြင်သာအောင် တင်ပြနေခြင်း ဖြစ်ပေသည်၊ အဆိုးချည်းသာ ဖွံ့ထွား ပွားများ နေသည်မဟုတ်ပါ။ နိုင်ငံ အနာဂတ်အတွက် မိမိတို့ကိုယ် မိမိ ထိန်းသိမ်းပြုပြင် စောင့်ရှောက်မွမ်းမံ နေသော မျိုးဆက်သစ်လူငယ်များစွာ ရှိနေသေးကြောင်း ယခုစာစုများမှ တဆင့်ရင်ဖွင့် တင်ပြ ပါမည်။

ကျနော်တို့ခေတ်မှ ပျင်းရိသော ကျောင်းသား၊ လူငယ်တို့၊ များသောအားဖြင့် ရေလိုက်လွှဲ လမ်းမှား ရောက်သွားတတ်ကြသည်မှာ အတန်းတင် စာမေးပွဲ နီးကပ်ကာမှ ၄င်းကိုယ်ကျိုးရှာ ဆရာတို့၏ ခန့်မှန်း မေးခွန်းများကိုသာ အလွတ်ရအောင် တွန်းသင်၊ တွန်းကျက်စေပြီး၊ ဖြေဆိုရသော၊ ၀င်ကြေးများစွာ ပေးရသည့် အနီးကပ် ကျူရှင်တက် ဖြေဆိုခြင်းဖြစ်သည်။ အစိုးရစစ်ဟု ခေါ်သော အတန်းတင်စာမေးပွဲ မေးခွန်းကြီးများကလည်း မကြာခဏဆိုသလို ကျောင်းသားလူငယ်ထု ရှေ့ မှောက်သို့ စာမေးပွဲကာလ မတိုင်မီကပင် ကြိုတင်ရနှင့် နေတတ်သော၊ စာမေးပွဲ မေးခွန်း ပေါက်ကြားမှု ဖြစ်စဉ်များကလည်း မကြာမကြာ ဖြစ်ပေါ်နေချိန်၊ အကယ်၍ ဤမျှ အလွယ်တကူ အရည်ချင်းမဲ့စွာ ဖြတ်ကျော်အောင်မြင်နိုင်ရေး၊ အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများက ပေါ်ပေါ်ထင် ထင်တဖုံ၊ နောက်ကွယ်က တစ်မျိုး၊ အမျိုးမျိုးကူညီ ပံ့ပိုး နေပါလျက်၊ အလွန်အင်မတန် ညံ့ဖျင်းသူ လူထုံ၊ လူပေ၊ လူညံ့တို့ စာမေးပွဲတွင် မဖြေဆိုနိုင်ခဲ့သော အခါတွင်လည်း ပူပင်စိုးထိတ်ဖွယ် မရှိပေ၊ စာစစ်သူ ဆရာ၊ ဆရာမ၊ ကျောင်းအုပ်နှင့် တာဝန်ရှိသူ အာဏာပိုင် တို့ထံ ချည်းကပ်ပြီး ငွေကြေး၊ တန်စိုး လက်ဆောင်ပေး၍ စာမေးပွဲ တွင် မိမိ မဖြေဆိုနိုင်ထားခြင်းကို ကူညီကယ်မ ပေးပါရန် တိုးလျိုး တောင်းပန်၊ ခယ၊ ၀ပ်တွားလိုက်ယုံမျှဖြင့် အတန်းတင်၊ အရည်အချင်း စစ်မေးသည် ဆိုသော ထိုစာမေးပွဲကိုလည်း အောင်မြင်အောင် ဖန်တီးနိုင်စွမ်း ရှိကြသည့် ကာလဖြစ်၏။

ထို့အပြင် အလွန်တရာမျှ ထူးဆန်းအံ့သြဖွယ် ကောင်းသော နည်းလမ်း တစ်ခုလည်း ရှိသေး၏။ ယင်းမှာ စစ်အာဏာပိုင်များ ကိုယ်တိုင် ယုံကြည်စွာ လုပ်ဆောင် နေသော ဗေဒင်၊ ယတြာ၊ ကိန်းခန်း တို့ဖြင့် ကြိုတင်တွက်ချက်ကာ စာမေးပွဲတွင်း မေးနိုင်မည့် မေးခွန်းကို ကြိုတင် ပြင်ဆင် တွက်ဆလျှက်၊ စတိသဘော ကျက်မှတ်သူနှင့်၊ ဗေဒင် ယတြာဆောင်ကာ အပိုင်ခိုးချရန် ကြိုးစား သူ လူပျက်၊ လူပျင်းတို့လည်း နာမည်ကောင်း ရနေချိန်၊ လူများစွာတို့၏ အဟုတ်ကြီးထင်မှတ် ခံနေရချိန် ဖြစ်၏။

ထိုအချိန် ထိုကာလက မြန်မာ့ ပညာရေးနှင့် ပတ်သက်၍ စစ်အာဏာပိုင်များ ကြွေးကြော် နေခဲ့သော ဆောင်ပုဒ် အချို့ကို မှတ်မိပါသေးသည်။ ပညာမြင့်မှ၊ လူမျိုးတင့်မည်။ ပညာရေးဖြင့် ခေတ်မှီ နိုင်ငံတော်ကြီး တည်ဆောက်အံ့။ စသော မစားရ ၀ခမန်း ကြွေးကြော်သံများဖြင့် မသိ နားမလည်၊ အသိမကြွယ်သေးသော ကျောင်းသားလူငယ်ထုအား အထင်ကြီးစဖွယ် ဖြစ်အောင် မှိုင်းတိုက် သိမ်းသွင်း ထားနိုင်ခဲ့သည်။ ယနေ့အချိန်အခါတွင်တော့ ခေတ်လူငယ်တို့သည် မထုံ၊ မအ တော့ပေ။ စစ်အာဏာရှင်ကြီးများ၏ စနစ်ဆိုးတည်တံ့ရေး ၀ါဒဖြန့်ချက်များကို ယုံမှတ်၊ ပုံအပ်သူ နည်းပါးလာကြောင်း၊ ကျနော်တို့ လေ့လာတွေ့ရှိ နေပြီဖြစ်၏။
ကျနော်တို့ လူလားမြောက်ကာစ၊ ဆိုခဲ့ပြီးသော အရပ်သား ပညာရေးစနစ်က မရေမရာဖြစ်နေချိန်၊ မြန်မာ အစိုးရထုတ် သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ မီဒီယာ ပေါင်းစုံတို့တွင် မြန်မာ့မျိုးချစ် တပ်မတော်ကြီး၏ စုစည်းညီညွတ်၊ တောင့်တင်း ခိုင်မာပုံ၊ ခေတ်မှီ တပ်မတော်ကြီးအဖြစ် ဖွဲ့စည်း တည်ဆောက် တော့မည့်ပုံများ၊ ဝေေ၀ဆာဆာ၊ မြိုင်မြိုင်ဆိုင်ဆိုင်၊ အားကျ လုခမန်း ရေးသား ဖေါ်ပြကြ၏။ သတင်း၊ စာပေ လွတ်လပ်မှု မရှိသော မြန်မာနိုင်ငံတွင်းမှ၊ လူငယ်တို့သည် မြင်ရ၊ တွေ့ရသမျှ၊ မမြင်ချင်၊ မတွေ့ချင်လည်း တွေ့နေရသော မြန်မာသတင်းစာများမှ စစ်တပ် ကောင်း စားရေး အတွက် စစ်ဝါဒ ဖြန့်ချက်များကို အဟုတ်ကြီး ထင်မှတ် ယုံကြည်ခဲ့ကြ၏။
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်ပေးကာ၊ ကာကွယ် စောင့်ရှောက် နေသည်ဆိုသော တပ်မတော် အစိုးရ လက်ထက်၊ အရာရာသည် အသိပိတ်၊ အမြင်ပိတ်ဖြစ်၍ ဘ၀ အတွေ့အကြုံ နုနယ်သေးသူ လူငယ်တို့ မြင်မြင်ရာ အားကျ မက်မောလာသည်မှာ မဆန်း။ ကျနော်တို့ မြန်မာ နိုင်ငံကြီး ပြိုကွဲပျက်စီးမည့် ဘေးအန္တရာယ် ချောက်ကမ္ဘားကြီးထဲ ကျလုတဲတဲ အခြေအနေဆိုးကြီး အတွင်းမှ လက်မတင်လေး လွတ်မြောက်အောင် စွန့်စားကယ်တင် စောင့်ရှောက်ကာ၊ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ရသည်ဆိုသော တပ်မတော်အစိုးရခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်၌ တိုင်းပြည်ကြီး ယခင်ကနှင့် မတူ ထူးခြားစွာ ဖွံ့ဖြိုး တိုးတက်နေပြီ အစရှိသည့် ကြော်ငြာချက်များကို ယုံစားမိ၍၊ တိုင်းပြည် နှင့် လူမျိုးတို့ကို ကာကွယ် စောင့်ရှောက် အံ့ ဟု ကြွေးကြော်ပြီး မြန်မာ့ မျိုးချစ် တပ်မတော်ကြီးအတွင်း စစ်မှုတာဝန် ထမ်းဆောင်ရန် ၀င်ရောက်ကြသည့် လူငယ် များထဲတွင် ကျနော်လည်း တစ်ဦး အပါအ၀င် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့