..............................

Tuesday, October 14, 2008

ယနေ့ စစ်တပ်…..ဘာတွေဖြစ်နေသလဲ (၂၆)

ယခင်အပတ်က စစ်တက္ကသိုလ်၏ အထက်အရာရှိများက စစ်ဗိုလ်ချုပ်ကြီးများကို၊ ဖိန့်ဖိန့်တုန်နေအောင် ကြောက် ရွံ့ ရိုသေ လေးစားကြပုံကို၊ အမှန်အတိုင်း တင်ပြခဲ့၏။ သူတို့ထက် ရာထူးကြီးသူ မရှိသည့် အခိုက်တွင်၊ လက်အောက်ကို နည်းမျိုးစုံဖြင့် အာဏာပါဝါတွေ ပြတတ်ပုံ၊ မာန်မာနတွေ တဖွားဖွားထောင်လွှားပြီး၊ လူကို လူလို မထင်၊ ဘ၀င်သွေး နားထင်ဘေးတက်နေ တတ်ကြပုံတွေကို အရှိအမြင်အတိုင်း ရေးပြခဲ့၏။

ထိုစဉ်က ကျနော်တို့မှာ ဘာအာဏာ၊ ဘာရာထူးမှ မရှိသေးသော စစ်ဗိုလ်လောင်း သင်တန်းသား၊ ကျောင်းသား သက်သက်သာ ဖြစ်ပါ၏။ သို့သော် မကြာသော နှစ်အနည်းငယ်အတွင်း မိမိတို့ကိုယ်တိုင်လည်း၊ စစ်အရာရှိအဖြစ် ပခုံးပေါ် ရွှေကြယ်ပွင့် တောက်တောက်တွေ တပ်ကာ၊ သူတို့လို တပ်မတော် အရာရှိတွေ ဖြစ်လာမည် ဖြစ်၏။ ထို စစ်အရာရှိတွေ နည်းပြတွေကလည်း မိမိတို့ကို သူတို့ကဲ့သို့ အရာရှိ (မြန်မာ့တပ်မတော် အရာရှိ)တို့ အမူ အကျင့်များ အတွေးအခေါ်၊ အပြုအမူများကို နည်းအမျိုးမျိုးဖြင့် သင်ကြားမောင်းနှင့် ရိုက်သွင်း လေ့ကျင့်ပေး နေ ပေရာ သူတို့ ပြုသမျှ၊ အမူအရာ၊ လုပ်ဆောင်ပုံတို့သည် ကျနော်တို့ နောင်တချိန် စစ်အရာရှိ ဖြစ်လာလျှင် မလွဲမသွေ ပြုမူကျင့်ကြံရမည့် စရိုက်တို့သာ ဖြစ်ကြမည်ဖြစ်၏။

အတုမြင် အတတ်သင်ဆိုသည်ထက်၊ အတတ်မြင်အောင်ပြပြီး အတုသင်အောင် နမူနာ လုပ်ပြနေကြပေရာ၊ နဂိုကပင် အာဏာလေး ပိစိကွေးလောက် ပိုင်ဆိုင်ရလျှင်ပင် အာဏာမိုးကြိုးသွားလောက် သုံးချင်၊ ပြချင်နေသော ကျနော်တို့ အရွယ် (၁၈) နှစ်ကျော် အပျံသင်စ (လတ်တလော အငယ် ဂျူနီယာ သင်တန်းသား ဘ၀ဖြင့် မဲမဲ မြင်ရာ ကြောက်နေကြရ ပေမင့်) ကိုတက်ကြွ လူငယ်တို့မှာ အားကျမှု၊ တက်မက်မှုတို့နှင့်အတူ အာဏာကို ပိုင်ဆိုင်ထားသော အာဏာရှင့် ဘ၀ကို ရောက်လို ပိုင်ဆိုင်လိုလှ လာတော့သည်။ လက်ဝယ်တန်ခိုးလည်း ညိုးညွန်ရာ လူတကာတို့ ပြာယာပြူးတူး ဖိန့်ထွန့်လူး….. သွားစေသော အမိန့်ပေးပိုင်ခွင့် ဂုဏ်ဒြပ်ကို မက်မက် မောမော အားကျ နေတတ်ကြတော့၏။ ဒို့တတွေလည်း သူတို့လို အရာရှိတွေ၊ အရာရှိကြီးတွေ ဖြစ်လာပြီ ဆိုလျှင်….. အဟေ့… ဟေ့ တွယ်ပြီသာ မှတ်ပေတော့… ငါကွ ဟု ကြိမ်းဝါးနေသူပင် ရှိမည်လား မသိနိုင် … ရှိသောကြောင့် သာလျှင် ယနေ့တိုင် ကျနော်တို့ တိုင်းပြည် အာဏာရှင် စနစ်အောက်က မလွတ်ပေးခြင်း ဖြစ်မည်ထင်၏။

စကားမစပ်… စစ်တက္ကသိုလ်တွင်းမှ နည်းပြများ၏ လုပ်ဆောင်မှုများ အကြောင်းတင်ပြနေရင်း ထိုနည်းပြများ အကြားမှပင် အာဏာမမက်၊ ရာထူးမမက်၊ မဆိုင်ရာ ၀င်မစွက်သော ခပ်တည်တည် စစ်အရာရှိများ အကြောင်းကို လည်း အတင်းတုပ်လိုက်ပါရစေအုံး ဗျ….။

ကျနော်တို့ ကောင်းစွာ မှတ်မိနေသေးသော နည်းပြ အရာရှိ အချို့ရှိပါသည်။ သူတို့သည်လည်း စစ်ဗိုလ်လောင်း များ နည်းတူပင် မကြာခဏ ကျောင်းအုပ်ကြီးရုံးသို့ တက်ရောက် အဆူအဆဲ ခံနေရသူများဖြစ်၏။ အပြစ်များ ကျူးလွန်သော စီနီယာ ဗိုလ်လောင်းများအား တရားဝင် နည်းလမ်းတကျ ဗိုလ်လောင်း စည်းကမ်း၊ စိတ်ဓါတ် အမှတ် ဖြတ်တောက် အရေးယူ ခံရမည့် ပြစ်မှုကျူးလွန်သူ ဗိုလ်လောင်းများကို တပ်ခွဲမှူး အရာရှိရုံး၊ ထိုမှ တဆင့် နည်းပြမှူးချုပ်ရုံး၊ ထိုထက် ပြစ်မှုပမာဏ ပိုမို ကြီးမားလာပြီ ဆိုလျှင် ဒုတိယ ကျောင်းအုပ်ကြီး ရုံး၊ ထိုမှ တဆင့် အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ် နိုင်လောက်သည်အထိ အပြစ်ကြီးမားသည် ဆိုလျှင် ကျောင်းအုပ်ကြီး ရုံး စသည့်ဖြင့် အဆင့်ဆင့် ရုံးတက် အစစ်အဆေး ခံရကာ ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် အရေးယူခံ ဒဏ်ပေးခံရ၏။

နည်းပြ အရာရှိငယ်များ ဖြစ်သော ဗိုလ်ကြီးအဆင့်၊ ဗိုလ်မှူးအဆင့် များကိုလည်း ထိုနည်းတူပင်…။ သူတို့ အရာရှိများ လိုက်နာ စောင့်ထိမ်းရမည့် အရာရှိ စည်းမျဉ်း၊ စည်းကမ်း၊ နည်းဥပဒေ၊ သင်တန်းနည်းပြ ကျင့်ဝတ်များကို ကျူးလွန်ဖောက်ဖျက်မိသည် ဆိုပါလျှင်လည်း နည်းပြမှူးချုပ်ရုံး (စီအိုင် ရုံးဟု ခေါ်သည်)။ ဒုတိယ ကျောင်းအုပ်ကြီးရုံး၊ ထိုမှ တဆင့် ကျောင်းအုပ်ကြီး ရုံးတို့သို့ တက်ရောက် အစစ်ဆေးခံ၊ ပြစ်ဒဏ် ခံကြရ၏။ အရာရှိများအတွက်မူ စစ်မှုထမ်းသက် လျော့ခြင်း၊ သတိပေးခြင်း၊ စစ်ထောက်ချခံရခြင်း စသည့် ပြစ်ဒဏ်များဖြင့် အရေးယူ၏။

မကြာခဏပင် ကြားသိနေရသော သတင်းများအရ အရာရှိ နည်းပြများသည်လည်း ရုံးမကြာမကြာ တက်ကြ ရသည်။ ပြစ်မှုကျူးလွန်၍ ဖြစ်၏။ သူတို့လည်း ဗိုလ်လောင်းများနည်းတူပင်၊ ဗိုလ်ကြီး စောမောင် (နာမည် လွဲရေးထားပါသည် ယခုအချိန်တွင်သူသည် အနည်းဆုံး ဗျူဟာမှူး အဆင့်လောက် ရှိနေပေရော့မည်… မျိုးချစ် ရဲရင့်စိတ် ရှိသည်ဟု ဆိုနိုင်သော သူ့ကို စစ်အာဏာရှင်စနစ်မှ ဘေးဥပါဒ် မပေးစေလိုသောကြောင့် ဖြစ်ပါသည်။) ဗိုလ်ကြီး မဇိုင်းလ် (နာမည်အရင်းမဟုတ်ပါ ကျနော်တို့က ချစ်စနိုးမှည့်ခေါ်ထားသော နာမည် ဖြစ်ပါသည်) စသူတို့သည် စစ်တပ်တွင်းမှ အရာရာကို ငြိမ်ဝပ်ပိပြားစွာ ဖိနှိပ် အမိန့်များ ဥပဒေများဖြင့် ၀ပ်တွားနေအောင် ကျူံးသွင်း လုပ်ဆောင်ထားသော်လည်း နေရာတိုင်းတွင် အမိန့်နာခံ နေကြသော စစ်ကျွန်များ မဟုတ်ကြောင်း၊ ရသရွေ့ နည်းလမ်းများဖြင့် အထက်စစ်အာဏာပိုင်များကို အာခံနေပြခဲ့ ကြသည့် စစ်အရာရှိ နည်းပြများ ဖြစ်ကြ၏။

ဗိုလ်ကြီး စောမောင်ဆိုပါစို့…။ သူသည် စစ်တက္ကသိုလ်မှ ထုတ်ပြန်ထားသော သင်တန်းစည်းကမ်း အမိန့်တိုင်းကို အတိအကျ လိုက်ပါ လုပ်ဆောင်နေသူ မဟုတ်မှန်း ကျနော်တို့ သိနေသည်။

ဗိုလ်လောင်း သင်တန်းသားများကို တန်းစီ စုဝေး၍သူ စကားပြောသည့် အခါတိုင်း သူပြောပြောနေကျ စကား တခွန်းကို ယခုထက်တိုင် စိတ်အာရုံ ကြားယောင်နေဆဲ ဖြစ်၏။ ဘာတဲ့……

ကြည်း ၂၃၄၅၆….ဗိုလ်ကြီးစောမောင် ဘယ်ဂေါင့်မှ စောက်ဂရုမစိုက်ဘူး…

ဆိုသည့် စကားတခွန်း ဖြစ်၏။ သာမာန် လေယူ လေသိမ်းဖြင့် ပြောသည်ထက် ဘယ်ကောင်မှ ဆိုသည့် စကားပိုဒ်တွင် အားပါး မာန်ထန်ပါပါဖြင့် အာလုပ်သံကြီးဖြင့် ဘယ်ဂေါင့်မှ စောက်ဂရုမစိုက်ဘူးဟု ပြောချိန်တွင် ပတ်ဝန်းကျင်ကိုလည်း တကယ်ပင် ထီမထင် ဟန်ဖြင့် ဝေ့၀ိုက်စောင်းငဲ့ ကြည့်လိုက်သေး၏။ ကျနော်တို့ ထိုအခိုက် အတန့်ကို အလွန်ကြိုက်၏။ စတန့်မင်းသားတွေထက် သူရသတ္တိပြောင်မြောက်ဖွယ် မကြောက်တမ်း နေပြပြောပြ၊ ပြုမူပြ နေသော နည်းပြအရာရှိ တဦးထံမှ ဘယ်သူမှ စောက်ဂရုမစိုက်ဘူးဆိုသည့် ကလန်တန်တန် မနောကို ထိုစဉ်ကတည်း ကျနော်သဘောကျခဲ့ပါသည်။ ဘာကြောင့်ဆို ဟိုလူ့ကြောက်ရ၊ ဒီလူ့ ကြောက်ရ၊ မြင်မြင်သမျှ ကြောက်နေရသော ထိုကာလက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ နေလို၊ တွေးလို၊ ပြုမူလိုစိတ် အင်မတန် ပြင်းပြ နေသောကြောင့်လည်း ဖြစ်ပေမည်။

ဗိုလ်ကြီး မဇိုင်းလ် (မျက်နှာတွင် ၀က်ခြံ အဖုကြီးများ ထွက်နေသောကြောင့် ပြောင်ဖျက်ခေါ်သော နာမည်) သည်လည်း ထိုနည်းတူပင်။ လူတကာ၊ အထက်အရာရှိ တကာရှေ့ရောက်တိုင်း ပြာတာ အမှိုက်ကောက်သမား တယောက်ကို စောင့်ကြည့်သည့်ဟန်ဖြင့် အထက်အရာရှိကြီးများကို ဘုကြည့် ကြည့်တတ်သည့် သူ၏ အမူ အရာကို ကျနော် သဘောကျသည်။ သူသည် ညနေတိုင်းလိုလို မျက်လုံးများ နီနေသည့်တိုင် အရက်သောက်ပြီး ခပ်ရမ်းရမ်း ခပ်ကြမ်းကြမ်း ဆိုင်ကယ်ကို စီးသွားတတ်သည်။ ဗိုလ်လောင်းတပ်ရင်း တာဝန်ကျ အရာရှိအဖြစ် အိပ်ဆောင်သို့ လာတိုင်း အခြားအရာရှိများလို ဗိုလ်လောင်းများအား အလကားနေ အာဏာပြ နေတတ်တာမျိုး မရှိ၊ သူ့ဟာသူ့ မျက်လုံးနီနီနှင့် နူံးပြီတီ နေနေတတ်သည်။

သူ၏ အထက်ဗိုလ်မှူးကြီး တွေကို ခပ်တည်တည် စကားပြော ဆက်ဆံတတ်သည့် ပုံစံကို ကျနော်တို့ အတုခိုးသည်၊ ဟုတ်သည် အထက်အရာရှိဆိုသူတိုင်း အလကားနေ ကြောက်ပြနေရ ခြင်းကို ထိုစဉ် သင်တန်း သား ဘ၀ကတည်းက ကျနော်မကြိုက်၊ သူတို့ နှစ်ဦးစလုံးသည် စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ ဆိုသည့် ကျနော်တို့ စစ်တက္ကသိုလ်မှ ကျောင်းဆင်းထားသော စီနီယာ စစ်ဗိုလ်ကြီးများ ဖြစ်ကြပါ၏။ သူတို့သည် စစ်ပွဲဟု ကြီးကြီးကျယ်ကျယ် ခေါ်နိုင်မည့် ဗကပ စခန်းသိမ်း တိုက်ပွဲများ၊ သောင်းကျန်းသူ ချေမှုန်းရေး တိုက်ပွဲ များကို သက်စွန့်ဆံဖျားတိုက်ပွဲ ၀င်နွဲခဲ့သော စစ်နိုင် စစ်ဗိုလ်ကြီးများ ဖြစ်သောကြောင့် ဤမျှမာနိုင် ရဲဝံ့နိုင်ခြင်း ဖြစ်ပေမည်။

တကယ်လည်း အဆိုပါ ဗိုလ်ကြီးစောမောင်၊ ဗိုလ်ကြီး မဇိုင်းလ် စသော စစ်ဗိုလ်အချို့သည် အခြားသော နည်းပြ အရာရှိများကဲ့သို့ ၀ံပုလွေစိတ်ထား ရှိသူများလို မဟုတ်၊ မလုပ်မရှုပ်မပြုတ် ခပ်ကုတ်ကုတ်နေပြပြီး ဂွင်ကောင်း ကောင်းကို စောင့်ချောင်းနေသူ မဟုတ်၊ …. အချီကြီး အပွကြံရန် ဟန်ပန်ထုတ်နေကြသော စစ်ဗိုလ် အချို့လို လည်း မဆိုနိုင်…. လူရှေ့သူတော်ကောင်းလို နေပြပြီး ကွယ်ရာ ဖါခေါင်းထက်ဆိုးသော ကလိန်ကကျစ် စစ်ဗိုလ် မျိုးလည်း မဟုတ်…။ ဝေလေလေ ဂျပိုးလို တေပေဆိုးနေကြသော သူတချို့လိုလည်း မဟုတ်….။

ကျောင်းကို လာရောက် စစ်ဆေးသော စစ်ဗိုလ်ချုပ်ကြီးများ အရှေ့၊ စစ်ဗိုလ်တက္ကသိုလ် ကျောင်းအုပ်ကြီး၏ အရှေ့၊ ဒုတိယ ကျောင်းအုပ်ကြီး အရှေ့၊ နည်းပြမှူးချုပ် ဗိုလ်မှူးကြီး အရှေ့ ရောက်သောအခါတွင် မခုတ်တတ် သော ကြောင်လေးများ သဖွယ် ရို့ရို့ကျိုးကျိုး မြွေစွယ်ကျိုးသလို နေပြပြီး အိုင်ပီ (ခေါ်) impression တက်အောင်၊ အထက်အရာရှိ၏ မျက်နှာသာပေးမှု ခံရပါစေကြောင်း အခွင့်အရေး ရပါစေကြောင်း စစ်တက္ကသိုလ် ၏ ဗန်းစကား အိုင်ပီတက်အောင် မှင်သေသေ နေပြခြင်းမျိုးစသော) အခွင့်အရေးရှာ ပြာတာတာ စစ်ဗိုလ်များ လိုလည်း သူမနေ၊ … အထက်အရာရှိကြီးဆိုလျှင် ကြောက်ပြလွန်း၊ အရိုအသေ အပေးလွန်လွန်းပြီး အလေးပြု လျှင် သော်လည်းကောင်း၊ ပစ္စည်း တစုံတခု ပေးကမ်းလျှင် သော်လည်းကောင်း အလွန်အမင်း ဖါးဖါး ယားယား အမူအရာတို့ကိုလည်း သူ မလုပ်။

သြော်… စကားမစပ်….။
ဘယ်လို အလွန်အမင်း ဖားဖားယားယား အမူအရာ ပါလိမ့်ဟု သင်စာဖတ်သူ သိချင်ပေလိမ့်မည်။ ကျနော် ပြောပြပါအုံးမည်။ ဘယ်ရယ်မှ မဟုတ်သည့် ထိုအပြုအမူလေးများ ပြန့်ပွားခြင်းမှသည် ပြည်ကိုဖျက်မည့် စစ်တပ်အဖြစ်သို့ တဖြည်းဖြည်း ရုပ်လုံးကြွ အသွင်ပေါ်လာခြင်းဖြစ်၍ ရှင်းကို ရှင်းပြပါအုံးမည်။ ရှုပါလေအုံး တွေးပေအုံးတော့…..။

စစ်တပ်သည် အရာရာဟု ဆိုနိုင်မည့် ပြောပုံ၊ နေပုံ၊ သွားလာပုံ၊ စားသောက်ပုံ အပြုအမူတိုင်းတွင် စစ်သားကောင်း တစ်ယောက် ပီသစွာ စစ်ပုံစံတကျ နေရ၊ စားရ၊ ပြောရ၏။ သို့မှသာ စစ်သားပုံ ပေါက်မည်။ ရှေ့တန်း စစ်မြေပြင်တွင် အသက်ကို ရင်းပြီး ယှဉ်ပြိုင်ဖက် ရန်သူကို ရဲရဲရင့်ရင့် တိုက်ခိုက်မည်။ ဘာမထီ အာဇာနည်တို့ ပုံစံပေါ်ပေါက်မည်။ သို့အတွက် စစ်ပညာ၊ စစ်မှုအတတ် စစ်ရေးပြ၊ စစ်ဟန်ပန်၊ စစ်စိတ်၊ စစ်သွေး၊ စစ်ရေး သဏ္ဍာန်၊ စသည့်တို့ကို ရှေး စစ်ပညာရှင်ကြီးများက တီထွင် ဆင့်ပွား လက်ဆင့်ကမ်း ထားခဲ့ခြင်းဖြစ်၏။

မျက်မှောင်ကုတ်ကုတ် ခေါင်းငုံ့ငုံ့၊ ပခုံးလက်ပြင် ကျုံ့ဝင်ဝင်၊ လေဆန် ပြင်းပြင်းတိုက်လျှင်ပင် ပြိုလဲ ယိုင်မြဲ တော့မည့်ဟန်၊ ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲသော ယုံ့ယုံ့ ကြုံ့ကြုံ့၊ ဟန်ပန်မူရာ ပိုင်ရှင် အရပ်သား တချို့ထက်… ခေါင်းမော့၊ ရင်ကော့၍ လေဆန်ကို ရဲရဲလျှောက်လှမ်းမည့် အမူအရာရှိသော သားကောင်းလူတော် စစ်သည်တော် တို့သည် သတ္တလောကတွင်းတွင် ရဲတင်းသတ္တိဖြင့် ဖန်တီးရမည့် အခင်းအဖြစ်တို့ကို ရင်ဆိုင်ဖြတ်သန်း ရဲမည်မှာ မုချဖြစ်သည်။ ကျော်လွှား အနိုင်ယူရဲမည်မှာ ကျိမ်းသေ ဖြစ်၏။

နဂိုဟန်ပန် အမူအရာကိုမှ မရဲရင့်သော ကိုယ့်ကိုကိုယ် မယုံကြည် သလိုလို၊ ကိုယ့်ကိုကိုယ် အားမထား သလိုလို မရဲတရဲ၊ မပြတ်မသား၊ မမှန်မူဖုံး၊ မပြောဝံ့ဝံ့၊ ပြောအဆွံ့ဖြင့် ကုတ်ကုတ်နုတ်နုတ် အသွင်ပိုင်ရှင်တို့သည် ရဲရေး ရောက်သော ရွံ့ကြောက်မဲ့တွန် ဖြစ်လာလေမည်ဟု မည်သူတပ်အပ် ဆိုနိုင်မည်နည်း။

သို့အတွက် ရဲရဲဝံ့ဝံ့ ဟန်ပန် အမူအရာ၊ ပြတ်သားတည်ကြည်သော အပြုအမူတို့ကို ရဲရင့်သည့် စစ်သည်တော်တို့ ပြုမူ ကျင့်သုံးအပ်သည့် အပြုအမူများအဖြစ် ခေတ်အဆက်ဆက်က လက်ခံ ကျင့်သုံးလာခဲ့သည်။ ကျင့်သုံးစေခဲ့ သည်။ (စစ်သည်တော်တို့ ချည်းအတွက်ဟုသာ မယူဆ စေလိုပါ၊ ရဲရင့် ရိုးသားသော အရပ်သား လူကြီး/လူငယ်၊ သူရဲကောင်း၊ လူတော် လူကောင်းတို့တွင်လည်း ထို မားမားမတ်မတ် ခေါင်းမော့ ရင်ကော့ လေဆန်။ မာန်ခဲ အလံမလှဲသော အမူအရာတို့ ရှိခဲ့ကြပါသည်။)

ထို့ကြောင့် စစ်တပ်တခု ဖြစ်သော မြန်မာ စစ်တပ်တွင်းတွင်လည်း စစ်သည်တော်တို့ ကျင့်သုံးပြုမူအပ်သော အပြုအမူ၊ အတွေးအခေါ်တို့ကို စစ်ပညာဆိုသည့် ၀ိသေသဖြင့် ဘွဲ့ပြု သင်ကြားပေးခဲ့၏။ လေ့ကျင့်ပေးနေ၏။

သို့သော်… ထို ထိုသော စစ်အတတ်ပညာတို့ သင်ကြားပေးရာ ကျောင်းတော်ကြီးမှ အသွင်စံလွဲ အမူမဲ တချို့သည်….။ မဲမဲမြင်ရာ ဆရာတင်၍ ထင်ရာမြင်ရာ မှတ်သားနာယူနေသူ လူငယ်တို့အတွက် အဇာတသတ်တို့ နည်းနာမူရာ ဖြစ်နေခဲ့သော် ထိုလူငယ်တို့ ကြီးပြင်းလာသော်၊ ထို လူ့ပတ်ဝန်းကျင်သည် နာလိုရှုဆိတ် ရှိလာနိုင်ပါမည်လား….။

အထက်ရာရှိ တဦးကို စစ်တပ်အစဉ်အလာ အရာ နှုတ်ဆက် အလေးပြုလျှင် ခြေကို စုံစုံမားမားရပ်၊ သတိဆွဲသည် ဟုခေါ်သော ခေါင်းမော့၊ ရင်ကော့၊ မေးဆွဲ၊ (မေးကြောကို နောက်စေ့လည်ပင်းဘက်သို့ တင်းတင်းခန့်ခန့် ဆွဲတင်းထားခြင်း၊ စစ်တပ်တွင်းတွင် ဂျောဆွဲသည်ဟု ခေါ်သည်။) လက်ပြင်နှစ်ဖက်ကို နောက်သို့ လှန်ကော၍ ရဲရဲမော့ကာ ဘယ်လက်သီးကို ကျစ်နေအောင် ဆုပ်၊ ပေါင်ရင်းဘေးမှ ချုပ်နေအောင် ကပ်၊ ညာလက်ကို အားပါ မာန်ပါစွာ ၄၅ ဒီဂရီ လွဲတင်၍ နှဖူးနားသယ်ထိနားတိုင် ဆွဲတင်၊ ညာမျက်ခုံးစွန်နှင့် တလက်မခွဲခန့်သို့ ညာလက်ညိုး အရောက်တွင် ရပ်တည် တည်မြဲထားခြင်းကို အလေးပြုသည်၊ ဆလုရိုက်သည် ဟုခေါ်၏။

ယနေ့ ကျနော်တို့ စစ်တပ်၏ စစ်ပညာတို့ကို လေ့ကျင့်ပေးနေသည်ဆိုသော စစ်တက္ကသိုလ်တွင်းမှ နည်းပြ အရာရှိ အချို့၏ အလွန်အကဲ ဖားဖားယားယား အမူအကျင့်တို့က ထို အစဉ်အလာကောင်း၊ စစ်အမူအကျင့်ကောင်းများ ကို စံလွဲ အသွင်ယိုင်နဲ့ ပျက်စီးလာစေတော့၏။

အထက်အရာရှိကို အလေးပြုသည့်အခါ စစ်ပုံစံ တစက်မှ မကျသူ ထို ငဖား စစ်ဗိုလ်တို့သည် ညာလက်က နှဖူးစပ်တွင် ကွေးကွေးလေးတင်…. နေပူလွန်း၍ ရှေ့မြင်ကွင်းကို လက်ကာကွယ်ကြည့်သည့် အဖိုးအိုတဦးလို အချိုးဖြင့်၊ ခါးက ကိုင်းကိုင်း (မြန်မာ့ ယဉ်ကျေးမှုအရ အသက်အ၀ါ ကြီးသော သူရှေ့ရောက်လျှင် ခါးကို ကိုင်းမှ ယဉ်ကျေးသည်ဟု ဆိုသည်မို့ ထင့်) ခါးကို ကိုင်း၍ အလေးပြုလာ ကြသည်။ ပခုံးက ရို့ကျိုးကျိုး လက်ပြင်က ကုန်းကုန်း…..။

ထိုစစ်ယူနီဖောင်းဝတ် စစ်ဗိုလ်တဦးက သူ့အထက်အရာရှိကို လေးစားသမှုဖြင့် ထိုအလေးပြုပုံသည်၊ လွန်ကဲစွာ ဖားယားသည့် ဖေါ်လံဖား စိတ်ဓါတ် ၀ဲစားသော ခေတ်သစ် မြန်မာ့တပ်မတော် စစ်ယဉ်ကျေးမှု အဆိုပါ ပုံစံဖြစ်၏။

ထိုအထဲ ဘာသာရေးအရ ရိုသေမှု၊ ရာထူးအရ ရိုသေမှု၊ အာဏာဘုန်းတန်ခိုး အရှိန်အ၀ါတို့အရ ရိုသေမှု စသည်တို့ ရောယှက်လိုက်သောအခါ စောစောက ပြောပြခဲ့သည့် စစ်အင်္ကျီဟောင်းဝတ် ခါးကိုင်းကိုင်း အဘိုးအိုက လမ်းသွားလူတကာကို ပေးပါ၊ ကမ်းပါ၊ သနားပါဟု မာန်ခ ၀ါချ၊ လုပ်ပြနေသော ပုံစံပေါက်နေတော့ ၏။

ပါးစပ်ကလည်း အထက်အရာရှိ လုပ်ပိုင်ခွင့် ရှိသူကို သကာလောင်း မျက်နှာချိုသွေး ပြုံးရယ်ပြရသည်မှာလည်း အမောမို့၊ ပါးစောင်က နားရွက်တက်ချိတ်တော့မည် ဟန်၊ စပ်ဖြီးဖြီး၊ အပြုံးနှင့် စစ်ပုံ လုံးလုံး မကျသော၊ စလု ရိုက်မှုတို့သည်။ ငဖား ငယား၊ စစ်ကုန်သည် လူဝါးများတို့အတွက် စစ်ယဉ်ကျေးမှု တခုအဖြစ် မြန်မာ စစ်တပ် အတွင်း အမြစ်တွယ်လာ နေပေတော့၏။

ဘယ်လို ပုံစံနှင့်တူနေမည်လဲ ဆိုလျှင် ကရာတေးသိုင်းသမား ခါးပတ်နက် ၀တ်စုံကို ၀တ်၍၊ ခပ်နွဲ့နွဲ့ အမူအရာ ရှိသော မိန်းမလျှာ (ယောင်္ကျား ဂျော်ရကွီး) က မိန်းမကိုင် လက်ကိုင်အိတ်ဖြင့် သိုင်းကွက်နင်း နေသလို ဖြစ်မနေ ပေဘူးလား… အဟင့်… အဟင့်… ယား… ဟု လက်ဝါးစောင်းပြင် မာန်တင်ပြနေသလို ဖြစ်မနေပေဘူးလား။

နောက်တပတ်သို့ ဆက်ပါအုံးမည်၊ သည်းခံဖတ်ပါလေအုံး ခင်ဗျား။
စာလေးလည်း ဖတ်ရင်း ကိုယ်တိုင်းပြည် ကိုယ့်အနာဂတ်တွင် ဒီလို စိတ်ရှိသော ဒီနေ့လို စစ်အာဏာရှင် အဖွဲ့၊ စစ်မလိုင် လူတန်းစားတို့က၊ စစ်ယဉ်ကျေးမှု တခု တီထွင်တည်ဆောက်၍ ကျနော်တို့ တိုင်းပြည်ကို ဒရက်ကူလာ လုပ် ဂုတ်သွေးစုပ်နေကြခြင်းမှ လွတ်မြောက်ရာ လွန်မြောက်ကြောင်း တော်ရာတန်ရာ နေရာ တကာမှလည်း ကြိုးပမ်းပေးကြပါအုံး ဟု ကျနော်နေသူက စစ်ကူတောင်းလိုက်ရပါကြောင်း….

လောလောဆယ်တွင်တော့ မျိုးချစ်စစ်သား ပြည်သူ့သားများကို အတိုက်အခံ နိုင်ငံရေး အင်အားစု အများစုက လုံးလုံးအားမထား ပစ်ပယ် လျစ်လျူရှုထားကြပါကြောင်း ကျနော့် လက်တွေ့ ယနေ့ အခြေအနေတို့ဖြင့် ရေးသား သက်သေပြ၍ ပြည်သူလူထုအား တိုင်တည်လိုက်ပါ၏။

ပြည်တွင်းရှိ အဓိက အားကြီး နှစ်အားဖြစ်သော ပြည်သူလူထု အင်အားစုကြီး၊ တပ်မတော်တွင်းမှ မျိုးချစ် စစ်သားများတို့ အင်အား၊ ဒီနှစ်အားကို အားမကိုးဘဲ ဂျော့ဘုရှ်အား တခုတည်းဖြင့် ဒီနေ့ ကျနော်တို့ ဘ၀တွေ စိုပြေ ငြိမ်းချမ်း မလာနိုင်ပါကြောင်းကိုလည်း ခပ်ရဲရဲရေးသား တင်ပြလိုက်ပါ၏။ ကိုယ့်အိမ် အမိုးမလုံ ရေယို နေခြင်းအား ရွာသူကြီးကို သွားတိုင်နေ၍ ထူးမလာနိုင်၊ အိမ်အမိုး တင်ပြင် တင်ဖာနိုင်သော ပြည်သူနှင့် အမိုးပေါ်တက်မည့် လှေခါးကို ထောက်ကူပေးနိုင်မည့် မျိုးချစ်စစ်သား ဒီနှစ်အားတို့ကို အားမထားသရွေ့ ဒီအိမ်ကြီးလည်း မိုးလုံလာလေမည် မဟုတ်ဟု ဆိုလိုက်ပါသည်၊ ပြည်ပရောက် အဖွဲ့အစည်းကြီးများ အသိတရား ရစေသော်……

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီးနေသူ (အငြိမ်းစား တပ်မတော် အရာရှိ တစ်ဦး)

Ref: ပြည်သူ့တပ်မတော်

0 comments:

အပေါ်သို့