..............................

Monday, February 7, 2011

ယုန်နှစ်မှာ ယုန်သားစားခြင်း

လူထုစိန်ဝင်း

တရုတ်ပြက္ခဒိန်အရ ဒီနှစ်က ယုန်နှစ်ဖြစ်တယ်။

ထူးထူးခြားခြားတိုက်တိုက် ဆိုင်ဆိုင် တရုတ်နှစ်ကူးနေ့မှာ ယုန်သားလက်ဆောင် ရတယ်။ မန္တလေးက မိတ်ဆွေ တစ်ယောက်က နေပြည်တော်က အပြန်လမ်းမှာ တွေ့လို့ ၀ယ်လာခဲ့ပြီး ကားဂိတ်က တစ်ဆင့် ပို့လိုက်တာ။ မနှစ်ကလည်း သူပို့ပေးလို့ နှစ်ငါးဆယ်လောက် အတွင်း ပထမဆုံး အကြိမ်အဖြစ် ယုန်သား စားလိုက်ရတယ်။ မနှစ်ကတော့ ဘုတလင်က ရလို့ ပို့လိုက်တာတဲ့။

တိုင်း၍ရက်တဲ့ပက္ကလာ
သူက မန္တလေးသားစစ်စစ် ဆိုတော့ အညာစာတွေ ကြိုက်တတ်တယ်။ တစ်ခါတလေ တယ်လီဖုန်းထဲက နေပြီးတောင် အညာစာတွေ အကြောင်း သူပြောတာ နားထောင်ရင်း သရေ(သွားရည်) ကျရတယ်။ ညက်ညက် ကလေးနဲ့ အပြောလည်း ကောင်းတယ်။ သူယုန်သားပို့တဲ့ နေ့မှာပဲ နှမတွေကလည်း ထုံးစံအတိုင်း အညာစာတွေ ဘူးကြီး တစ်ဘူးနဲ့ ပို့လိုက်တော့ တိုင်း၍ရက်တဲ့ ပက္ကလာ ဆိုသလို ဖြစ်သွားတယ်။ နှမတွေ ပို့တဲ့ ထဲမှာက တမာရွက်နဲ့ ထနောင်းရွက် ပါသလို ခွေးတောက်ရွက်လည်း ပါတယ်။ တဇောင်းခါးလည်း ပါတယ်။ ပဲနဲ့ ဆီးသီးလည်း ပါတယ်။ ပဲမြစ်နဲ့ ခေါပုတ်တောင် မကျန်ဘူး။ နည်းနည်းနဲ့ စုံအောင် ထည့်ပေး လိုက်တာလို့ ပြောပေမယ့် တစ်မျိုး တစ်မျိုးကို နည်းတာ မဟုတ်ဘူး။ တစ်ဆင့်တောင် ပြန်ပြီး ခွဲဝေ ပေးရသေးတယ်။

ယုန်သားနဲ့ ခွေးတောက်ရွက်ဟင်းချို
တိုင်း၍ရက်တဲ့ ပက္ကလာလို့ ပြောလိုက်တာက ယုန်သားနဲ့ ခွေးတောက်ရွက် သိပ်ပြီး လိုက်ဖက်လို့ပါ။ ယုန်သား ပြုတ်တဲ့ အရည်ထဲကို ခွေးတောက်ရွက် ကလေးခပ်ပြီး သောက်ရတဲ့ အရသာက သိပ်ကောင်းတာ။ ပြုတ်ထားတဲ့ ယုန်သားကို ထောင်းပြီး ကြက်သွန်နီလေး ပါးပါးလှီး၊ ဆီရွှဲရွှဲလေးနဲ့ စားရတာကလည်း ဘာနဲ့မျှ မတူအောင် အရသာ ရှိလှတယ်။ ယုန်သားက ကြက်သားထက် နူးညံ့ပြီး ပိုချိုတယ်။ ချက်စား၊ ကြော်စား၊ ပြုတ်ထောင်းကြော်စား အမျိုးမျိုး စားလို့ရတယ်။ အဲဒီနေ့ကတော့ ယုန်သားထောင်း ခွေးတောက်ရွက် ဟင်းချို၊ ပဲနှပ်၊ မရမ်းသီးထောင်း၊ ထနောင်းရွက်သုပ်နဲ့ အညာ ပြန်ရောက်နေသလိုကို အောက်မေ့ရတယ်။

လပေါ်ကယုန်လို
ရန်ကုန်ရောက်ကတည်းက ယုန်သားကို ခဏခဏ သတိရနေရတယ်။ မနှစ်ကမှ မိတ်ဆွေရဲ့ ကျေးဇူးကြောင့် စားရတာ။ ဒီနှစ် ယုန်နှစ်မှာလည်း ယုန်သား စားရတော့ လပေါ်က ယုန်ကလေးလို အသက်ရှည်မယ့်ပုံပဲ။ ရှဲ့ရှဲ့၊ ရှဲ့ရှဲ့လို့ပဲ ပြောလိုက်ရတယ်။ ထမင်းစားရင်း ကနေ ငယ်ဘ၀ကို ပြန်ပြီးတွေးမိတယ်။ ငယ်ငယ်တုန်းက တရုတ်တန်းဈေးမှာ ယုန်သား ရလေ့ရှိတယ်။ ယုန်သားကို ထောင်းဖို့ အသားကို နွှင်တော့ ထွက်လာတဲ့ အရိုးတွေကို ဟင်းချိုအိုးထဲ အမေက ပစ်ထည့်တတ်တယ်။ ဟင်းချိုက ပိုချိုတာပေါ့။ မရမ်းသီး မပေါ်တဲ့ အချိန်ဆိုရင်တော့ မန်ကျည်းသီး ထောင်းနဲ့လည်း လိုက်ဖက်ပါတယ်။ မန်ကျည်းသီး ထောင်းပေါ်မှာ ပင်စိမ်းရွက်ကလေးတွေ အုပ်လိုက်ရင် အနံ့ကလေး မွှေးနေတာပေါ့။

အဆောင်တွေထဲပြေးဝင်လာကြ
ရန်ကုန်မှာတော့ ယုန်သားစားလေ့ မရှိကြဘူး။ ရောင်းတာလည်း မတွေ့ဖူးဘူး။ မွေးဖို့ ရောင်းတဲ့ ယုန်တွေပဲရှိတယ်။ ပေါပေါမရလို့ မစားတတ်ကြတာ ထင်ပါရဲ့။ မန္တလေးမှာတော့ ငယ်စဉ်က တော်တော်ပေါတယ်။ မန္တလေး တက္ကသိုလ်ရဲ့ ယောက်ျားလေး အဆောင် နှစ်ဆောင်ဖြစ်တဲ့ အောင်မင်္ဂလာ ဆောင်နဲ့ ရွှေပြည်အေးဆောင် ဆောက်ပြီးစကဆို အဆောင်ထဲကို ယုန်ကလေးတွေ ပြေးပြေး လာတတ်တယ်။ အဆောင်တွေရဲ့ အရှေ့ဖက်မှာက လယ်ကွင်းတွေနဲ့ ထန်းတောတွေ ရှိတာကိုး။ ယုန်လိုက်ရုံ လောက်တော့ အဝေးကြီး သွားစရာ မလိုဘူး။ တက္ကသိုလ် ၀န်းကျင်မှာတင် ရတယ်။

ဆင်အုပ်နဲ့ တိုး
သေနတ်ပစ်ဝါသနာမပါပေမယ့် တောလည်တာ ၀ါသနာပါလို့ သူငယ်ချင်းတွေ တောပစ် ထွက်ရင် လိုက်လေ့ ရှိတယ်။ ပုလိပ်လောက် ထွက်လိုက်ရုံနဲ့ တောဝက် ကောင်းကောင်း ပစ်ရတယ်။ မတွေ့တဲ့အခါ မရှိသလောက်ပဲ။ ထုံးဘိုတို့၊ ရွှေစာရံတို့ဘက် ထွက်ရင် တောဝက် သာမက ဒရယ်တို့၊ ဂျီ(ချေ)တို့ပါ ရတယ်။ တစ်ခါကဆို နားဋောင်းကျ ချောင်းဖျားမှာ သူငယ်ချင်းတွေက ဂျီလိုက်ချောင်းနေတုန်း တစ်ယောက်တည်း သရက်သီး လိုက်ကောက် နေမိတယ်။ သရက်တောကြီးက နေပြောက်တောင် မထိုးဘူး။ ကြွေကျတဲ့ သရက်ကင်း လေးတွေကို လိုက်ကောက်နေတုန်း တောဆင် လေးငါးကောင်အုပ်နဲ့ တိုးလို့ ပြေးရတာကို ကောင်းကောင်း မှတ်မိ နေသေးတယ်။ နှစ်ဆယ့်တစ်မိုင် ၀န်းကျင်မှာ တစ်ခါတလေ ကျားတောင် တွေ့ရတယ်။ အဲဒီအချိန်က မေမြို့(ပြင်ဦးလွင်) အတက် တောင်ကြောတွေမှာ ရေထွက်ကလေးတွေ၊ စမ်းချောင်း ကလေးတွေက သိပ်ပေါတာ။

မုဆိုးလည်း သူ့စရိုက်နဲ့သူ
ရေထွက်ကလေးတွေနေရာမှာ သားကောင်မျိုးစုံ ရေသောက်လာလေ့ရှိတယ်။ တောပစ် သူတွေက ရေထွက် နေရာက စောင့်ပြီး ပစ်ရုံပဲ။ သူငယ်ချင်းတွေက တောဝက်ကိုပဲ ရှာကြတာ များတယ်။ ၀က် မရမှ ဒရယ်တို့၊ ဂျီ (ချေ)တို့ ပစ်ကြတယ်။ မုဆိုးကလည်း သူ့စရိုက်နဲ့သူ သေနတ်ကိုင်ပြီး မည်းမည်းမြင်တိုင်း လျှောက်ပစ်တာ မဟုတ်ဘူး။ ကိုယ်တိုင်ကတော့ တောလည် လိုက်နေပေမယ့် လေသေနတ်တောင် ပစ်ဖူးတာ မဟုတ်ဘူး။ ငယ်စဉ်ကလည်း လေးခွတောင် မကိုင်ဖူးဘူး။ တောလည်ရတာကို ပျော်တာ။ တောထဲရောက်ရင် ဆီးသီးခူးမယ်။ သရက်သီး ကောက်မယ်။ မရမ်းသီး ကောက်မယ်။ ဒါပဲ။

မိဘမဲ့ဝက်ဝံလေးနှစ်ကောင်
တစ်ခါက ထုံးဘိုတို့၊ ကျောက်ချောတို့ဘက်တောလည်ရင်း မိဘမဲ့ ၀က်ဝံလေးနှစ်ကောင် တွေ့ခဲ့ရတာကို မှတ်မိ သေးတယ်။ ၀က်ဝံလေး တွေက တစ်လသား အရွယ်လောက်ပဲ ရှိဦးမယ်နဲ့ တူပါတယ်။ ၀က်ဝံမကြီးက တစ်ယောက်ယောက် လက်ချက် မိသွားပုံ ရပါတယ်။ ၀က်ဝံလေး နှစ်ကောင်ကို ယူလာပြီး သူငယ်ချင်း တစ်ယောက်အိမ်မှာ နို့ဘူးတိုက် မွေးထားကြတယ်။ သိပ်လိမ္မာပြီး သိပ်ချစ်စရာ ကောင်းတယ်။ နောက်တော့ ဒီကောင်တွေက ဧရာမ အကောင်ကြီးတွေ ဖြစ်လာတယ်။ အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်လို့ ပြောလွန်းမက ပြောကြတာကြောင့် နောက်ဆုံးမှာ သူငယ်ချင်း တစ်သိုက် ကျောက်ဆည်ဘက်က မြို့ကြီးဒေါင်းမီး အထိ ယူသွားပြီး မျက်ရည်စက်လက်နဲ့ လွှတ်ပစ် ခဲ့ကြရတယ်။

သမိုင်းဆောင်းပါးလို
ယုန်သားထောင်းနဲ့ ခွေးတောက်ရွက် ဟင်းချိုစားရင်း သောက်ရင်း ရှေးဟောင်း နှောင်းဖြစ်လေး တွေကို ပြန်ပြောင်း အောက်မေ့ လွမ်းဆွတ် နေမိတာဖြစ်ပါတယ်။ အခုခေတ် လူငယ်တွေ ဖတ်မိရင်တော့ သမိုင်း ဆောင်းပါး တစ်ပုဒ် ဖတ်ရသလို အောက်မေ့ နေကြပါလိမ့်မယ်။ အခြေအနေတွေက ဆက်စပ်ကြည့်လို့ မရနိုင် လောက်အောင်ကို ပြောင်းလဲ သွားကြပြီ မဟုတ်လား။ လူ့သမိုင်းမှာ ပြောင်းလဲမှုဆိုတာ လိုအပ်ချက်တစ်ခု ဖြစ်တယ်။ တားဆီးလို့ မရတဲ့ အရာလည်း ဖြစ်တယ်။ ဒါပေမဲ့ ပြောင်းလဲမှု တိုင်းဟာ ကောင်းတယ် လို့တော့ သတ်မှတ်လို့ မရဘူး။ ကောင်းတဲ့ ပြောင်းလဲမှု ရှိသလို မကောင်းတဲ့ ပြောင်းလဲမှုလည်း ရှိတယ်။

ဆင်နဲ့လူဘယ်သူကကျူးကျော်တာလဲ
မကြာမီကပဲ တောဆင်ရိုင်းတွေ အန္တရာယ်ပြုလို့ အင်းတကော် နားမှာ လူနှစ်ယောက် သေဆုံး သွားတဲ့ သတင်း ဖတ်ရတယ်။ မြစ်ဝကျွန်းပေါ် ဘက်မှာလည်း ရွာနား ပတ်ဝန်းကျင်ကို တောဆင်ရိုင်းတွေ ၀င်ရောက် နှောင့်ယှက်တဲ့ သတင်းတွေ ဖတ်ရတယ်။ ကလောအတက် ယင်းမာပင် နားမှာလည်း တောဆင်ရိုင်းတွေ ၀င်ရောက်လာတဲ့ သတင်းတွေ ဖတ်ရတယ်။ တောဆင်ရိုင်းတွေ ၀င်ရောက် နှောင့်ယှက်တယ်လို့ သတင်းတွေက ဆိုတယ်။ လူတွေရဲ့ ရပ်ရွာထဲကို ဆင်တွေက လာပြီး နှောင့်ယှက်တာလား၊ ဆင်တွေနေတဲ့ တောကြီးတွေထဲကို လူတွေက ၀င်ရောက်ကျူးကျော် နေထိုင် ကြတာလား ဆိုတာ စဉ်းစားကြဖို့ ကောင်းတယ်။ တောအုပ်ကြီးတွေ အဖြစ်ကနေ လူနေရပ်ရွာတွေ အဖြစ် ပြောင်းလဲသွားခြင်းရဲ့ ရလဒ် မဟုတ်ဘူးလား။

လူတွေကိုယ်တိုင်လုပ်တာ
ဒီနေ့ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူလွန်ကဲလိုက်၊ အအေးလွန်ကဲလိုက်၊ ရေကြီးလိုက်၊ မုန်တိုင်း တိုက်လိုက်၊ ငလျင် လှုပ်လိုက်၊ မီးတောင် ပေါက်ကွဲ လိုက်နဲ့ သဘာဝ အန္တရာယ်ဆိုးကြီးတွေ နေ့စဉ်နေ့တိုင်း မကြားရတဲ့နေ့ တစ်နေ့မှ မရှိပါဘူး။ ဒီအန္တရာယ် ဆိုးကြီးတွေ အများစုဟာ လူသားတွေ ကိုယ်တိုင် ဖန်တီး ခဲ့ကြတာဖြစ်တယ်။ ဒါကို လူတိုင်းလိုလို သိနေကြတယ်။ မသိလို့ လုပ်နေကြတာ မဟုတ်ဘူး။ တောထဲက ဆင်တွေက လူနေရပ်ရွာထဲ ၀င်ရောက် ကျူးကျော်တာလား။ လူတွေကပဲ ဆင်တွေနေတဲ့ တောအုပ်ကြီးတွေကို ဖျက်ဆီးပြီး ကျူးကျော်နေထိုင် ကြတာလားဆိုတာ ရှင်းနေတာပဲ။ လူတိုင်းသိတယ်။ ဒါပေမဲ့ လူတွေက ဆင်ခြင်ကြသလား။ ပြုပြင်ကြသလား။ ရှောင်ကြဉ် ကြသလား။ အဲဒါကြောင့် ရှေးဖြစ်ဟောင်းတွေ ပြန်ပြီး ပြောနေရတာပါ။


Ref: EMG News

0 comments:

အပေါ်သို့