..............................

Wednesday, February 9, 2011

အစိုးရဝန်ကြီးများ၏ လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူမည်

နရီလင်းလက်
Tuesday, 08 February 2011

မြို့ပြ လုံခြုံရေးနှင့် အစိုးရ ၀န်ကြီးများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောင်းလဲ တာဝန် ယူသွားမည်ဟု သိရသည်။

အစိုးရသစ် တက်ပါက ဖွဲ့စည်းပုံ အသစ်ဖြင့် ပြောင်းလဲရန် စီစဉ်ထားသည့် အတိုင်း ယခင် တပ်မတော်က တာဝန် ယူထားသည့် လုံခြုံရေး တာဝန်များကို လျှော့ချကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဓိက တာဝန်ယူ ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိ တဦးက အတည်ပြု ပြောဆိုလိုက်သည်။

“၀န်ကြီးတွေ အားလုံးရဲ့ လုံခြုံရေးအစီအစဉ်ကို ပြောင်းလိုက်တာပါ။ စစ်တပ် ဆိုတာကို မြင်ကွင်း ထဲကနေ အကုန် ဖျောက်ချင် တော့ ရဲတပ်ဖွဲ့ကို တာဝန် ပေးလိုက်တဲ့ သဘောမျိုးပဲ” ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။

နိုင်ငံတော် အဆင့်မြင့် ခေါင်းဆောင်များ၏ လုံခြုံရေးတာဝန်များ ပေးနိုင်ရန် လုံခြုံရေး အရာရှိ၊ ကိုယ်ရေး အရာရှိ များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရွေးချယ်၍ စာရင်း တင်ထားရသည်ဟုလည်း သူက ဆိုသည်။

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အခန်း ကဏ္ဍသည် ပိုမို ကျယ်ပြန့် ကြီးမား လာမည်ဖြစ်ပြီး အင်အား တောင့်တင်းသည့် ဖြိုခွင်းရေး အဖွဲ့အစည်းတခု နေရာသို့ ယူလာနိုင်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးက ပြောသည်။

လွှတ်တော်စတင်ခေါ်ယူသည့် နေ့ကလည်း ရန်ကုန်နှင့် နေပြည်တော်တို့တွင် လုံခြုံရေး တာဝန်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စတင် တာဝန် ယူခဲ့သည်ဟု သိရသည်။

ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း အသီးသီး အလိုက် ရဲချုပ်များ အဖြစ် ထားရှိ သွားမည်ဖြစ်ပြီး လက်ရှိ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြည်ထောင်စု ရဲချုပ်ကြီး အဖြစ် တာဝန် ယူသွားရန် ရှိသည်ဟု နေပြည်တော် အသိုင်းအ၀န်း တွင် ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝ လျှော့ချ သွားမည့် အာဏာပိုင်များ၏ အစီအစဉ်အတိုင်း စတင် အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ တဦးက ပြောသည်။

“စစ်တပ်ဘက်က တချို့ လူတွေကို ရဲတပ်ဖွဲ့ထဲ ပြောင်းထည့်တာ ရှိသလို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကနေ အရာရှိ အနေနဲ့ ထပ်ခေါ် နေတာတွေလည်း ရှိတယ်။ အောက်ခြေကို အင်အား ထပ်ဖြည့်နေတယ်” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့