..............................

Thursday, February 10, 2011

သမ္မတ သိန်း ၅ဝ၊ ကား ၆ စီး

ထွန်းထွန်း |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတော် သမ္မတလစာ ကျပ်သိန်း ၅ဝ ဟု ပါရှိသော အစိုးရ အဖွဲ့ ဝန်ထမ်းများ အတွက် လစာ နှုန်းထားများနှင့် အခြား ခံစားခွင့် ဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်ထားကြောင်း ရခိုင် ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

အဆိုပါဥပဒေများအရ နိုင်ငံတော်သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၅ဝ၊ မော်တော်ကား ၆ စီးအပြင် ဝတ်စုံစရိတ်၊ ပြည်တွင်း ပြည်ပ သွားလာစရိတ်၊ နိုင်ငံ ရပ်ခြားတွင် အခမဲ့ ဆေးကုသခွင့်များ ရရှိသည်။ ထို့ပြင် သမ္မတ အိမ်တော်နှင့် အသုံးအဆောင်များ၊ အိမ်တော် အတွက် ကုန်ကျစရိတ် ဖြစ်သည့် ရေ၊ လျှပ်စစ် ဓာတ်အား၊ ဖုန်းသုံးစွဲမှုစရိတ်၊ မော်တော်ယာဉ်တွင် သုံးစွဲမည့် စက်သုံးဆီ၊ ချောဆီ စရိတ်များပါ ရရှိသည်။

ဇန်နဝါရီ ၁ဝ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည့် ဥပဒေများမှာ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေတို့ ဖြစ်သည်။

နိုင်ငံတော် သမ္မတသည် အဆိုပါ ခံစားခွင့်များအပြင် ကိုယ်ရေး အရာရှိနှင့် ကိုယ်ရံတော် အရာရှိ နှစ်ဦးစီ ရရှိမည်။ ဒုတိယ သမ္မတသည် လစာချီးမြှင့်ငွေ ကျပ်သိန်း ၄ဝ နှင့် ကိုယ်ရေး အရာရှိ တဦးပါ ရရှိမည်။

’’လစာကိစ္စက ဥပဒေထုတ်ပြီး ပြဋ္ဌာန်းပေးထားတာပဲ။ ၂၈ ရက်နေ့ ကျနော်တို့ လွှတ်တော်ရုံးကို သွားတော့ ဒီစာအုပ်ကို ပေးပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိုင်းနဲ့ ပြည်နယ်နဲ့ ဆိုင်တဲ့ လွှတ်တော်တွေ အတွက် ဖြစ်မှာပေါ့’’ ဟု ရခိုင် တိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ RNDP မှ ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေများလည်း သက်ဆိုင်ရာ လွှတ်တော် အမတ်များထံ ဖြန့်ဝေခဲ့သည်။

“ ကျနော်တို့ လူပျိုပေါက်စ မီလိုက်တဲ့ ဖဆပလ ခေတ်က ငွေကြေးနဲ့ တွက်မယ်ဆိုရင် ရွှေတကျပ်သားကို (ကျပ်) ၁၈ဝ၊ ၂ဝဝ။ အဲဒီ အချိန်က လစာနဲ့ အခု ရွှေတကျပ်နဲ့ တွက်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် တွေကို ပေးတဲ့ ငွေ ၃ သိန်းတို့၊ ၂ သိန်းတို့ ဆိုတာ အဲဒီအချိန်က ငွေနဲ့ တွက်ကြည့်လိုက်ရင် အလွန်နည်းတယ်လို့ပဲ ပြောရမှာပေါ့’’ ဟု ဦးဘရှိန်က ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ အရ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု တရားသူကြီး ချုပ်မှာ ကျပ် ၃၅ သိန်း ရရှိမည် ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထာင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌများ ကျပ်သိန်း ၃ဝ ရရှိမည်။

“အစိုးရအသုံးစရိတ် သိပ်များလာပြီဆိုရင် တဖက်က ပြန်စဉ်းစားဖို့က ဘယ်ကနေ ပြန်ရှာ မလဲပေါ့။ ဆိုတော့ တိုင်းပြည်က၊ ပြည်သူ လူထု အခွန်အတုပ် ကပဲ ရှာဖို့ ရှိတဲ့ အခါကျတော့ အခွန်အတုပ် ပိုပိဖို့ ရှိတာပေါ့” ဟု ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယာင်များဆိုင်ရာ ဥပဒေ ထဲတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ကျပ်သိန်း ၃ဝ ရရှိမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၄င်းလွှတ်တော်များ၏ ဒုဥက္ကဋ္ဌများ၊ တိုင်းဒေသ သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်များ အတွက် ကျပ်သိန်း ၂ဝ နှင့် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး ရာထူးများ အတွက် ကျပ် ၁ဝ သိန်းစီ ရရှိမည်ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ မြန်မာနိုင်ငံတွင် ဗဟို အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရဟူ၍ အစိုးရ နှစ်ရပ် ရှိလာမည်ဖြစ်သည်။ ယင်းအပြင် ဝန်ကြီးဌာန ဝန်ထမ်းများလည်း များလာဖွယ် ရှိသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေအရ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌသည် ကျပ်သိန်း ၃ဝ နှင့် ကောင်စီ ဝင်များသည် ကျပ်သိန်း ၂ဝ စီ ရရှိမည် ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဥက္ကဋ္ဌများမှာ ကျပ်သိန်း ၂ဝ စီနှင့် အလုပ် အမှုဆောင် ကော်မတီ ဝင်များမှာ ကျပ် ၁ဝ သိန်း စီ ရရှိမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ အရ လွှတ်တော်ကြီး နှစ်ရပ်ရှိ ရွေးကောက်ခံနှင့် တပ်မတော်သား ကိုယ်စားလှယ်များ အတွက် လစဉ် ချီးမြှင့်ငွေ ကျပ် ၃ သိန်း ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ ဦးစီး အဖွဲ့ဝင်များ အတွက် ကျပ် ၂ သိန်းစီနှင့် ဖြည့်စွက် ဦးစီး အဖွဲ့ဝင်များအတွက် ကျပ် ၁ သိန်းစီ ဖြစ်သည်။

“ကျနော်တို့ဆီမှာ ချမ်းသာတဲ့လူတွေက အခွန်ဘယ်လောက် ပေးသလဲ ဆိုတာ မသိရဘူး။ ဥပမာ ဆိုပါစို့… ဦးတေဇတို့၊ ဇေကမ္ဘာ ဦးခင်ရွှေတို့က အခွန် ဘယ်လောက် ပေးသလဲ ဆိုတာ ကျနော်တို့ မသိရဘူးပေါ့ဗျာ။ အဲဒီတော့ ချမ်းသာတဲ့ သူတွေက အခွန် လုံးဝ မပေးတာလဲ ဖြစ်နိုင်တယ်။ ဆင်းရဲတဲ့ သူတွေကို အခွန် တိုးကောက်တဲ့ စနစ်မျိုး ဖြစ်နိုင်တယ်ဗျ။ ဆိုတော့ အဲဒီဟာမျိုး အနေအထားမှာ ဆိုရင်တော့ မကောင်းဘူးဗျ” ဦးအောင်သူငြိမ်းက ပြောသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့