..............................

Tuesday, February 8, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တပ်မ (၈၈) တပ်မမှူးဘ၀နဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တချို့

ဗိုလ်မှူးအောင်လင်းထွဋ်

ကျွန်တော်တို့ တန်ပြန် ထောက်လှမ်းရေး အရာရှိသင်တန်း တက်ရောက် နေခဲ့စဉ်က မဆလခေတ် အချိန်ကာလ အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေး တစ်ခုကို တင်ပြ ချင်ပါတယ်။ ဗဟို ထောက်လှမ်းရေး တပ်မှာ တန်ပြန် ထောက်လှမ်းရေး အရာရှိ သင်တန်း စာတွေ့ (၃) လသင်တန်း တက်ပြီးတော့ လက်တွေ့ အနေနဲ့ ရှေ့တန်း ကျိုင်းတုံ ဒေသမှာ (၃) လ တာဝန် ထမ်းဆောင်ဖို့ ကျိုင်းတုံမြို့ကို ကျနော် ရောက်ရှိ ခဲ့ပါတယ်။

အဲဒီမှာ ရှေ့တန်းတပ်မ(၈၈) ဌာနချူပ် တပ်မမှူး ဗိုလ်မှူးကြီးသန်းရွှေ ကို ၁၉၈၃ ခုနှစ် မတ်လ အတွင်း ရှေ့တန်း တပ်မမှူး နေအိမ်မှာဘဲ အမှတ် (၂) ထောက်လှမ်းရေးတပ် တပ်ဖွဲ့မှူး ဗိုလ်ကြီး ကံဝင်းနဲ့အတူ သင်တန်းသား အရာရှိတွေ ဖြစ်ကြတဲ့ က္ဈန်တော် ဗိုလ်အောင်လင်းထွဋ်၊ ဗိုလ်စိုးမြင့်အောင်၊ အခြား အဆင့်တွေ ဖြစ်ကြတဲ့ တပ်ကြပ်ကြီး ကျော်သိန်း၊ တပ်ကြပ်ကြီး တင်လှိုင်တို့ဟာ တပ်မမှူးကြီးရဲ့ တွေ့ဆုံ လမ်းညွှန်မှုကို ခံခဲ့ကြရ ဖူးပါတယ်။ က္ဈန်တော့်ရဲ့ ရှေ့မှာဘဲ မယုံနိုင်လောက်အောင် ဗိုလ်မှူးကြီး သန်းရွှေဟာ ထောက်လှမ်းရေး တပ်ဖွဲ့မှူး ဗိုလ်ကြီးကံဝင်းကို လေးလေးစားစား ဆက်ဆံနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဗိုလ်ကြီးကံဝင်းက တပ်မမှူး ဗိုလ်မှူးကြီးသန်းရွှေကို ဒူးလှုပ်နှံ့ကာ အထက်က မှာလိုက်တယ် ဆိုပြီး အထက်စည်း ကနေ စကား ပြောနေတာကို မယုံနိုင်လောက်အောင် ကျနော့်မျက်မြင် ကိုယ်တွေ့ ဖြစ်ခဲ့ရပါတယ်။ ပြီးတော့မှ တပ်မမှူးက ဗိုလ်ကြီး ကံဝင်းကို ရန်ကုန်မှ အဖွဲ့အတွက် လိုအပ်တာတွေကို နယ်မြေခံ စစ်မြေပြင် နည်းဗျူဟာ ဌာနချုပ်ရဲ့ တပ်များကနေ အကူအညီပေးဖို့ ညွှန်ကြားချက် ပေးမယ် အခြား လိုအပ်တာတွေရှိလဲ ပြောပါလို့ ပြန်လည် အမိန့် ရှိခဲ့ပါတယ်။

အဲ့ဒီအချိန်က တပ်မမှူးကြီး ဗိုလ်မှူးကြီးသန်းရွှေကို စစ်ထောက်လှမ်းရေး တပ်ဖွဲ့မှူး ဗိုလ်ကြီးကံဝင်းက ဘာလို့ဒီလို ဆက်ဆံ နိုင်တာလဲလို့ ကျိုင်းတုံက စစ်ထောက်လှမ်းရေး ဆရာတွေကို မေးကြည့်တော့ တပ်မမှူးကြီးဟာ မိသားစုများပြီး ဆင်းရဲတာကြောင့် မလွှဲ မရှောင်သာ မှောင်ခို စီးပွားရေး သမားတွေနဲ့ ပူးပေါင်း ငွေရှာနေတဲ့ သတင်းတွေ ဥပမာ လေယာဉ် လက်မှတ် မှောင်ခိုနဲ့ ကျိုင်းတုံ၊ တောင်ကြီး စစ်ယာဉ်တန်း အကြုံ မှောင်ခို ပစ္စည်း သယ်ယူနေခြင်း စတဲ့ သတင်းများကို သတင်းပေးများ ထံမှ ကျိုင်းတုံ စစ်ထောက်လှမ်းရေး တွေက သတင်းစုဆောင်း သိရှိထားနိုင်ကြောင်း သိခဲ့ရတယ်။

ဒါကြောင့် တပ်မမှူး ဘာတွေ မဟုတ်တာ လုပ်နေသည်ကို သိရှိထားတာကြောင့် ဂရုစိုက်စရာ မလိုတဲ့ အကြောင်း တပ်မမှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင် ကျိုင်းတုံလာရင် တပ်မရဲ့ စစ်ဦးစီး အရာရှိတွေက အပြန်မှာ မှောင်ခို ပစ္စည်းတွေကို ကယ်ရီ ရိုက်သွားဖို့ စီစဉ် ပေးရတာတွေက အစ ထောက်လှမ်းရေးရဲ့ မှတ်တမ်းတွေမှာ ရှိနေကြောင်း သိခဲ့ရပါတယ်။

ဒီ့အပြင် ၁၉၈၀ ခုနှစ် အတွင်း မိုင်းယောင်းမြို့ကို ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ကော် (၈၁၅) နဲ့ တပ်မဟာ (၇၆၈) တပ်တွေက တပ်မတော် စခန်းတွေကို ဝင်ရောက် စီးနင်းတဲ့ တိုက်ပွဲမှာ စစ်ရှူံးခဲ့တဲ့ အရည်အချင်း ညံ့ဖျင်းသော ဗိုလ်မှူးကြီး သန်းရွှေ တစ်ယောက် တပ်မမှူး ဖြစ်နေတာကို စစ်ရုံးချုပ်က ထုချေလွှာ တောင်းခံမှု၊ သတိပေးခံရမှု စတဲ့ အပစ်တင်မှုတွေကို ခံနေရချိန်လည်း ဖြစ်လို့ အခုလို ညက်ညော ပြနေတာလို့ သိရပြန်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ၁၉၈၀ ခုနှစ်မှာ တပ်စုမှူးသင်တန်း တက်ဖို့ ရန်ကုန်မြို့ကို ရှေ့တန်းက ပြန်လာတော့ တပ်မမှူးရဲ့ ဦးစီး အရာရှိက လူကြုံ ပစ္စည်း ပေးခိုင်းလို့ ရန်ကုန် တောင်ဥက္ကလာမှာ ရှိတဲ့ ဝေဇယန္တာရှိ စစ်အရာရှိကြီးများ အိမ်ယာသို့ ရောက်ခဲ့ပြီး တပ်မမှူး ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်အား ပစ္စည်းထုပ်ကြီးကြီး တစ်ခု ပေးခဲ့ရဖူးပါတယ်။ အဲဒီတုံးက ထမီရင်လျားနဲ့ တွေ့မြင်ခဲ့ရတဲ့ နွမ်းနွမ်းပါးပါး ဒေါ်ကြိုင်ကြိုင်ဟာ ယနေ့ ဒေါ်ကြိုင်ကြိုင်နဲ့ စိတ်ဓါတ်ရော လူပုံပါ လုံးဝ ကွာခြား သွားပြီ ဖြစ်ပါတယ်။

အဲဒီခေတ်ကာလတုံးက ဒေါ်ကြိုင်ကြိုင်တစ်ယောက် ကတော့ ဒိုဘီ မပေးနိုင်ဘဲ မိသားစုတွေရဲ့ အဝတ် အစားများကို ကိုယ်တိုင် လျှော်ဖွတ် နေရတဲ့ ဘဝမှာ ရှိနေတုန်းပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုတို့ဟာ ဘဝမမေ့ဘဲ နောင်တ တရားတွေရပြီး တိုင်းသူ ပြည်သားတွေ အပေါ် အကြင်နာ တရားတွေ ထားနိုင်ပါစေ၊ တိုင်းပြည် ကောင်းစားရေးကို ဆောင်ရွက်နိုင်ပါစေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမြန် ဆုံးဖြတ်နိုင်ပါစေလို့ ဆန္ဒ ပြုလိုက်ရပါတယ်။



Ref: စည်းလုံးခြင်းရဲ့အင်အား

0 comments:

အပေါ်သို့