..............................

Wednesday, February 9, 2011

ဖိနှိပ်မှုများ ရှိနေလျှင် ပိတ်ဆို့အရေးယူမှု ဆက်ရှိသင့်

သန်းထိုက်ဦး
Tuesday, 08 February 2011

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်မှ သာလျှင် အမေရိကန် နိုင်ငံနှင့် အနောက် နိုင်ငံများက စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးမှုကို ဖယ်ရှားရန် စဉ်းစားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြေညာချက် ထုတ်ပြန်ကာ ယနေ့ တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမား အခွင့်အရေးတွေကို ဥပဒေနဲ့ အညီ ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ အလုပ် ရရှိမှုတွေ၊ ပေါ်လာမယ့် ရင်နှီး မြှုပ်နှံမှုတွေ ဆိုလို့ရှိရင်တော့ စဉ်စားပြီးတော့ လက်ခံသင့်တယ်” ဟု NLD ဗဟို ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန် က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက ပြည်သူများအပေါ် ဖိနှိပ်မှုများ ဖယ်ရှားနိုင်မှ သာလျှင် စီးပွားရေး ပိတ်ဆို့ မှုများကို ရုပ်သိမ်းနိုင်ရန် စဉ်းစား နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး သည်လည်း အဓိက ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

နိုင်ငံရေးသမား အများစုကမူ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း မြန်မာ နိုင်ငံတွင် စွမ်းအင် ကဏ္ဍများ၌ အကြီးအကျယ် ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပိုမို နီးစပ်သွားကြောင်း သုံးသပ်ကြသည်။

မြန်မာ့အရေးလေ့လာသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများ အကြားတွင် စီးပွားရေး ပိတ်ဆို့မှုများ၏ ထိရောက်မှုနှင့် ရုပ်သိမ်းရေး အတွက် အငြင်းပွား နေကြဆဲ ဖြစ်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့၌ အရှေ့တောင် အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က စစ်အစိုးရ အပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အချိန် စောသေးကြောင်း၊ စစ်အစိုးရ အနေဖြင့် NLD ပါတီကို တရားဝင်ပါတီ အဖြစ် အသိမှတ်ပြုရန် အမေရိကန် အစိုးရက ဆက်လက် ဖိအား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်အစိုးရ၏ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမေရိကန် အစိုးရက စိတ်ပျက် ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆိုကြောင်း၊ အိုဘားမား အစိုးရနှင့် စစ်အစိုးရ အကြား ထားရှိသည့် တိုက်ရိုက် ထိတွေ့ ဆက်ဆံရေး မူဝါဒသည်လည်း အပြောင်းအလဲကို ဖော်ဆောင် ပေးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ် မေလအတွင်း၌ မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်အဖြစ် ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင်လည်း တကြိမ် လာရောက်ခဲ့ကာ နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။

စစ်အစိုးရကို ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂက ၁၉၉၆ ခုနှစ်တွင် စီးပွားရေး ပိတ်ဆို့မှု စတင်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နှစ်စဉ် ဧပြီလတွင် သက်တမ်း တိုးသည်။

ထို့အပြင် အမေရိကန်အစိုးရက ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရအား ရင်းနှီးမြှုပ်နှံမှုများ အသစ် မလုပ်ရန် တားမြစ် ထားပြီး ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂၀၀၃)” ကို ပြဋ္ဌာန်း ကာ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများ မဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်း ခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန် နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်း အဝန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာ ပိတ်ဆို့ခြင်း၊ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်း စသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် စစ်အစိုးရနှင့် အပေါင်းအပါ များအား ဥရောပ နိုင်ငံများသို့ ဝင်ခွင့် ပိတ်ပင်ခြင်း၊ ဥရောပ နိုင်ငံများတွင် အခြေချ နေထိုင်ခြင်း၊ စစ်အစိုးရ၏ မိသားစုဝင်များ၊ နီးစပ်သူများကိုပါ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှု များ ပြုလုပ်ခဲ့သည်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့