..............................

Friday, February 11, 2011

လွတ်ငြိမ်းချမ်းသာခွင့်ကို ၈၈ ကျောင်းသားအဖွဲ့ လိုလား

ကိုပေါက် |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရသစ်အနေဖြင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ကာ၊ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ရေး အတွက် ပါတီ အဖွဲ့အစည်းများနှင့် အမျိုးသား အင်အားစုများ ဝိုင်းဝန်း ကြိုးပမ်းရန် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြာသပတေးနေ့တွင် တိုက်တွန်းချက် တရပ် ထုတ်ပြန်၍ ပြောဆို လိုက်သည်။

အမျိုးသား ပြန်လည် ချစ်ကြည်သင့်မြတ်ရေးကို ဖော်ဆောင်ရန်အတွက် အမျိုးသား အင်အားစု အားလုံး လက်တွဲ ပူးပေါင်းရေး အတွက် တိုက်တွန်းချက် အမည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

“သူတို့ပြောထားတာက နိုင်ငံရေးအခင်းအကျင်း အသစ်လ ပြောထားတာကိုး။ နိုင်ငံရေး အခင်း အကျင်း သစ်မှာ နိုင်ငံရေး အခင်းအကျင်း အဟောင်းက ဟာတွေ လုံးဝ မရှိသင့်တော့ဘူး။ သူတို့ ပြောတဲ့ စကားအတိုင်း ပဲလေ။ ပြီးခဲ့တဲ့ သူတို့ရဲ့ နိုင်ငံရေး အခင်းအကျင်း အဟောင်းထဲက ဥပဒေတွေနဲ့ ပြုလုပ်ထားတဲ့ ဟာတွေက ဒီအခင်းအကျင်း သစ်ထဲမှာ မရှိသင့် တော့ဘူးလေ” ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် လွှတ်တော်များ ပေါ်ထွက်လာခြင်းကို နိုင်ငံရေး အခင်းအကျင်းသစ် ဟူ၍ နအဖ စစ်အစိုးရက နိုင်ငံပိုင် သတင်းစာ များတွင် ရေးသား ဖော်ပြနေသည့်အပေါ် ကိုမျိုးရန်နောင်သိန်းက တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

နိုင်ငံရေးယုံကြည်ချက် ကွဲပြားစေကာမူ လက်ရှိအစိုးရ အပါအဝင် ၂ဝ၁ဝ ရွေးကောက်ပွဲနိုင် ပါတီများလည်း အမျိုးသား ပြန်လည် ချစ်ကြည် သင့်မြတ်ရေးသည် အရေးကြီးကြောင်း နားလည် လက်ခံထားကြောင်းနှင့် ကျွန်ုပ်တို့ အမျိုးသား အင်အားစု အားလုံးသည် ငြိမ်းချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက် နိုင်ရန် အမျိုးသား ပြန်လည် ချစ်ကြည် သင့်မြတ်ရေးကို တစုတစည်းထဲသော စိတ်ဓာတ်ဖြင့် လက်တွဲ ဆောင်ရွက် စေလိုကြောင်း အဖွဲ့ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

၎င်းအတွက် အရေးအကြီးဆုံး လိုအပ်ချက်တခုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ် ရေးဟု ရေးထားသည်။ ထို့ကြောင့် မကြာမီ ဖွဲ့စည်းတော့မည့် အစိုးရသစ် အနေဖြင့် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာကာ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် စေရန် ပါတီ၊ အဖွဲ့အစည်းများနှင့် အမျိုးသား အင်အားစုများ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြပါဟု တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က လက်ရှိ အခြေအနေကို သုံးသပ်ခြင်း အားဖြင့် နိုင်ငံရေး အခင်းအကျင်းသစ် ဖြစ်မဖြစ် စောင့်ကြည့် ရဦးမည်ဟု ဆိုသည်။

“နိုင်ငံရေး အခင်းအကျင်းသစ် တကယ်ဖြစ်/မဖြစ် ဆိုတာကတော့ နိုင်ငံရေး အကျဉ်းသားတွေ တကယ် လွတ်/မလွတ်၊ အဲဒီလူတွေက နိုင်ငံရေး အခင်းအကျင်း သစ်မှာ ပါဝင်ခွင့် ရှိ/မရှိ ဒါတွေပေါ်မှာ မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာပါ။ အခုဟာက နိုင်ငံရေး အခင်းအကျင်း အသစ် ဖြစ်တယ်/မဖြစ်ဘူးဆိုတာက ပြောဖို့ တော်တော် စောနေပါတယ်” ဟု သူက ဆိုသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ လက်ထက် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထိမ်းအမှတ် အဖြစ် ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အတွင်း ၁၉၈ဝ ခုနှစ် မေလ ၂၈ ရက်နေ့တို့တွင် ကြေညာခဲ့ဖူးသည်။

နိုင်ငံရေးအကျဉ်းသား အချို့တဝက် လွှတ်ပေးတတ်သည့် လွတ်ငြိမ်းချမ်းသာခွင့် ကိုမူ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ အတည်ပြုပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လွှတ်တော် ခေါ်ယူမှုကာလ သာမက နဝတ/နအဖ လက်ထက် များတွင် ၃ ကြိမ်ထက် မနည်း ကြေညာ ခဲ့ဖူးသည်။

လွတ်ငြိမ်းချမ်းသာခွင့်များအနက် အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့် (Blanket Amnesty) သည် အယူဝါဒ မတူသူများ ဆင်နွှဲသည့် ပြည်တွင်း စစ်များ အတွင်း ကျူးလွန်ခဲ့သည့် မည်သည့် ပြစ်မှုမျိုးကိုမဆို တရားစွဲဆို၍ ပြစ်ဒဏ် ပေးခြင်းမှ ကင်းလွတ်ခွင့်၊ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် (General Amnesty) မှာ နိုင်ငံရေးနှင့် စပ်ဆိုင်သည့် ပြစ်မှုများကိုသာ အပြစ်ပေး အရေးယူခြင်းမှ ကင်းလွတ်ခွင့် (သို့သော် အခြားနစ်နာသူ များက တိုင်တန်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ ပြစ်ဒဏ်မှ အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် မပြု)၊ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့် (Limited Amnesty) မှာ ပြစ်မှုများဖြင့် ပြစ်ဒဏ်ပေးခြင်း ခံရသူများ၏ ပြစ်ဒဏ်များကို လျှော့ပေါ့ ပြောင်းလဲခွင့် သတ်မှတ်ပေးခြင်းတို့ ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုလျှင် နိုင်ငံတော် သမ္မတ အနေဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်ဟု ဖော်ပြပါရှိသည်။ လွှတ်တော်မှ ရွေးချယ် တင်မြှောက် လိုက်သော နိုင်ငံတော် သမ္မတ သစ်မှာ နအဖ ဝန်ကြီးချုပ်ဟောင်းနှင့် ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန် ဖြစ်သည်။

ကိုဘိုကြည်က “ပုံသဏ္ဍာန်အရတော့ လွှတ်တော်တို့ဘာတို့နဲ့ အခင်း အကျင်းသစ်လို့ ပြောလို့ ရပေမယ့် အဲဒီထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ လူတွေ အကုန်လုံးက နိုင်ငံရေး အခင်းအကျင်း အဟောင်းက လူတွေချည်းပဲ။ သူတို့ရဲ့ စိတ်နေ သဘောထားတွေက ဘယ်လောက်ထိ ပြောင်းမယ်/မပြောင်းဘူး ဆိုတာက စောင့်ကြည့်ရမှာပါ” ဟု ပြောသည်။

၈၈ ကျောင်းသားများ အဖွဲ့ကလည်း အသစ်ဖြစ်ပေါ်လာမည့် နိုင်ငံ့ ခေါင်းဆောင် အများစုမှာ နဝတ/နအဖ လက်ထက်မှ စစ်ခေါင်းဆောင်များချည်း ဖြစ်နေသဖြင့် ယခင်က မတရား ပြစ်ဒဏ်ချခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးကာ အမျိုးသား ပြန်လည် ရင်ကြား စေ့ရမည်ဖြစ်သည်ဟု ဆိုသည်။

“အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ပြောနေကြတဲ့ အချိန်မယ်၊ သင်ပုန်းချေရေး ဆိုတာ အထူး ပြောနေစရာ မလို တော့ဘူးနဲ့ တူပါတယ်ခင်ဗျ။ အခုပေါ်လာမယ့် အစိုးရက တကယ်ကို အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်မယ် ဆိုရင်တော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို လုပ်ပေးရမယ်ခင်ဗျ” ဟု ကိုမျိုးရန်နောင်သိန်းက ပြောဆိုလိုက်သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့