..............................

Monday, February 7, 2011

ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း

February 7, 2011

“ရန်သူမရှိ မိတ်ဆွေသာရှိ” “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” လို့ ဆရာဒဂုန်တာရာ စပြောတုံးက မကျေလည်ခဲ့။ ဒီထက် ပိုရှင်းရှင်း ပြောရရင် လုံးဝ လက်မခံနိုင်ပါ။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ၊ အကျဉ်းထောင် ထဲမှာ၊ တောထဲ တောင်ထဲမှာ စစ်အာဏာရှင်တွေကို နှစ် ၃၀ ကျော် ရင်ဆိုင် တိုက်ပွဲဝင်လာသူ၊ ကိုယ့်မျက်စိရှေ့မှာ ရန်သူ့လက်ချက် မိတဲ့ ရွာသား အလောင်းတွေ၊ မုဆိုးမတွေ၊ မီးလောင်ရွာပျက် ငုတ်တိုတွေ၊ မုဒိမ်းကျင့်ခံ မိန်းကလေးတွေ မြင်ခဲ့ရသူ အဖို့ ရန်သူနဲ့ လည်ပင်းဖက်ဖို့ ဘယ်လိုမှ စဉ်းစား မရနိုင်ခဲ့ပါ။

ဒါပေမဲ့ သူငယ်ချင်းတယောက်ရဲ့ ဦးလေးဖြစ် သူ စိုင်းဗေဒါနဲ့ တွေ့တဲ့အခါ ကျနော့် သံသယ တွေ ပျောက်ကွယ် သွားခဲ့ပါတယ်။ မိုညှင်း-မိုးကောင်းနယ်သား စိုင်းဗေဒါဟာ ဖက်ဆစ် တော်လှန်ရေးမှာ ဝင်းဂိတ်တပ်ထဲ ပါခဲ့ဖူးပေမဲ့ နဂိုမူလ ဘဝကတော့ ဆင်သမားတယောက် ဖြစ်ခဲ့ပါတယ်။ သူ့အဖိုး လုံးရွှေဝါနဲ့ လုံးရွှေနီတို့ လိုပဲ သူဟာ ဆင်ရိုင်းတွေကို ဖမ်းခဲ့၊ ဆင်ရိုင်း ကို ဆင်ယဉ်ဖြစ်အောင် ကျင့်ခဲ့၊ ဆင်ယဉ်တွေ ကို ဦးစီး ခိုင်းစေခဲ့တဲ့ ရှမ်းနီ အမျိုးသားတယောက် ဖြစ်ပါတယ်။ လုံးရွှေ ဝါနဲ့ လုံးရွှေနီတို့ ကတော့ သီပေါမင်းခေတ် ပဒေသရာဇ်တော် လှန်ရေး၊ အင်္ဂလိပ်ကိုလိုနီခေတ်ဦး တော်လှန် ရေးတွေမှာ ပါခဲ့ဖူးပါတယ်။

စိုင်းဗေဒါနဲ့ လုံးရွှေဝါ-လုံးရွှေနီတို့ရဲ့ ဆင်ဖမ်း အတွေ့အကြုံ၊ ဆင်ကျင့် ဆင်ခိုင်း အတွေ့အကြုံတွေနဲ့ တော်လှန်ရေး အတွေ့ အကြုံတွေ ဆက်စပ် နှိုင်းယှဉ်ပြတာတွေ ကြားရတဲ့ အခါမှာတော့ ဆရာဒဂုန်တာရာရဲ့စကားကို ကျနော် ကောင်းကောင်းကြီး သဘောပေါက် လက်ခံ သွားခဲ့ပါတယ်။

တကယ်တော့ တောဆင်ရိုင်းတွေဟာ ရင်ဆိုင်တိုးမိတဲ့ လူသားတွေ အတွက် ရန်သူပါပဲ။ ဆင်နဲ့လူ လုံးဝ စည်းခြား နယ်မြေ ကန့်သတ်နေလို့ မရနိုင်တဲ့ အတွက် လူတွေအပေါ် အန္တရာယ် အမြဲ ရှိနေပါတယ်။ သိတ်မကြာခင်လေး ကဘဲ အင်းတ ကော်မြို့ထဲမှာ အသက် ၈၀ ကျော် သီလရှင် ဆရာကြီး တပါးကို တောဆင်ရိုင်းတွေ နင်းသတ်ခဲ့တဲ့ သတင်း ကြားခဲ့ရပါ သေးတယ်။ ပေါင်းလောင်း ဒေသမှာ စစ်ကြောင်း လှုပ်ရှားနေတုံး တောဆင်နဲ့ ရင်ဆိုင်တိုးမိ ခဲ့လို့ ဒိုက်ဦးနယ်သား ဗကပ ရဲဘော် ကိုအောင် ပေါင်မှာ အစွယ်တချောင်း ထုတ်ချင်းပေါက် ဖောက်ဝင်သွားပြီး ဆင်ခေါင်းပေါ်မှာ အရပ် ၆ ပေကျော် ဂလန်ဂလား လူကြီး ဆင်စွယ်စိုက်လျက် တန်းလန်းနဲ့ ပါသွားခဲ့တာ (မာနယ်ပလောအထိတောင်) ဟိုးလေးတကြော် ဖြစ် ခဲ့ပါတယ်။ အဲဒီဆင်ကိုလဲ ဝ ရဲဘော်တွေက ဝိုင်းပစ်သတ်ခဲ့ရပါတယ်။

ဒါပေမဲ့ ဒီလိုဆိုးသွမ်းရိုင်းစိုင်းလှပြီး အင်အား အရွယ်အစား ကြီးမားလှတဲ့ ရန်သူဆင်တွေကို လူအကျိုးပြုတဲ့ မိတ်ဆွေ အိမ်ဆင်ဖြစ်အောင် ဖမ်းဆီး လေ့ကျင့်ပေးတဲ့ ဖြစ်စဉ်ဟာ တကယ်တော့ ဆရာဒဂုန်တာရာ ပြောတဲ့ “ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်ခြင်း” ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ စိုင်းဗေဒါ-လုံးရွှေဝါတို့ရဲ့ မိတ်ဆက် ပေးချက်တွေဟာ ခေါင်းစဉ် အရတင် မ ကဘဲ အစိတ်အပိုင်း လိုက်လဲ အင်မတန် စိတ်ဝင်စား မှတ်သားစရာ ကောင်းလှပါတယ်။ ဒီဖြစ်စဉ်ကြီး တခုလုံးဟာ နိုင်ငံ ရေးစကားနဲ့ ပြောရရင် အကြမ်းဖက် တိုက်ပွဲ နည်းနာရော၊ အကြမ်းမဖက် တိုက်ပွဲနည်းနာပါ ပေါင်းစပ် ပါဝင်နေပြီး နှစ်မျိုးစ လုံးကို သူ့အပိုင်းနဲ့သူ လှလှပပ အကွက် စေ့စေ့ဆက်စပ် ကျင့်သုံး သွားတာလို့ စိုင်းဗေဒါတို့က တော်လှန်ရေး သဘော တရားတွေနဲ့ ချိန်ထိုး ပြောပြခဲ့ပါတယ်။

ပထမဆုံး ဆင်ရိုင်းဖမ်းတဲ့အဆင့်မှာ အရင်ခေတ်ကလို အုပ်လိုက်ကျုံးသွင်း ဖမ်းတာဖြစ်စေ၊ တကောင်ချင်း ကြိုးကွင်းပစ် (မီလာရှီကာနည်း) သို့မဟုတ် ကျင်းထောင်ဖမ်းတာ ဖြစ်စေ၊ အခုခေတ် မေ့ဆေး သေနတ်နဲ့ ပစ်ဖမ်းတာဖြစ် စေ အကြမ်းနည်း သုံးပြီး ဇွတ်အတင်း ဖမ်းတာနဲ့ စခဲ့ရပါတယ်။ (အိမ်မှာခိုင်းဖို့ အသာတကြည် ခေါ်မရလို့ အတင်းဆွဲခေါ်ရတာ အကြမ်းဖက်တာပဲ မဟုတ်ပါ လား။) ဒီနေရာမှာ အိမ်ဆင်အယဉ်ကို စီးပြီး လုပ်ရတာဖြစ်လို့ ရန်သူထဲက သူ့လူ ကိုယ့်ဖက်သား ရှိထားဖို့ အရေးကြီးတာ ကိုလဲ တွေ့ရပါတယ်။ ဘေးက ဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှု၊ ကျုံးထဲဝင်ခါနီး ဆင်ရိုင်းတွေရဲ့ ပြန်လှန်ရုန်း ကန် ဖောက်ထွက် တိုက်ခိုက်မှုကို အကြမ်းဖက် နှိမ်နင်းရတာ၊ ဗျောက်အိုးမီး အိုးတွေဖောက်၊ တူမီး သေ နတ်တွေဖောက်၊ ဗုံတွေ မောင်းတွေ လင်းကွင်းတွေ ကျယ်ကျယ်လောင်လောင် တီးပြီး ပစ်ခတ် ခြောက်လှန့် ရတာတွေနဲ့လဲ ကြမ်းရပါတယ်။ ကျုံးမှန်း မသိအောင်၊ ကျင်းမှန်း မသိအောင်၊ ကြိုးကွင်းပစ် ဖမ်းမယ့် လူနဲ့ ဆင်ယဉ်မတွေ့အောင် ဖုံးကွယ်ဖို့လဲ အရေးကြီးပါတယ်။

ဒီလို အကြမ်းနည်းနဲ့ဖမ်းထားတဲ့ ဆင်ရိုင်းကို ၂ ရက် ၃ ရက်လောက် အစာ ငတ် ရေငတ်ထားပြီး မာန် စချိုးရပါတယ်။ ဒီနောက်မှ တကောင်ချင်းကို ပုခက် သို့မဟုတ် ညှပ် ထဲ သွင်းရပါတယ်။ အဲဒါကတော့ တကိုယ်လုံး ခြေလက်ခေါင်း လုံးဝ မလှုပ်နိုင်အောင် သစ်လုံး အချုပ်ခန်း ကျဉ်းကျဉ်းလေးထဲ ထည့်ထားတာ ဒါမှမဟုတ် ကြိုးအထပ်ထပ်တုတ် ထူးခတ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ အ ကြမ်းမဖက် အာဏာဖီဆန်ရေး တိုက်ပွဲ လူထုတိုက်ပွဲ သဘောဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှု သဘောလဲ ဖြစ်ပါတယ်။ တချို့ကလဲ ဆင်ရိုင်းကို တုံးလုံးလှဲ တကောက်ကွေး သားရေကိုလှီးပြီး တစောင်းလက်ပပ် နို့ ရည် ညှစ်ထည့်တဲ့နည်းနဲ့ အနာဖြစ်အောင် လုပ်ပြီးမှ ထူးခတ်ပါ တယ်။ အဲဒီအခါမှာ ထူးကြိုးက တအားရုန်းရင် အနာကို သွားထိလို့ ဆင် အရမ်းနာကျင်စေတဲ့ နည်းနဲ့ ဆင်ကို ငြိမ်အောင် အကြမ်းဖက် ထားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အစာကို နည်းနည်းချင်း (ငှက်ပျောသီး တလုံးချင်း၊ ကြံတဆစ်ချင်း၊ စပါးတခွက်ချင်း) ပြန်ကျွေးပြီး မနက် စောစောနဲ့ ညနေစောင်းမှာ ဆင်တကိုယ်လုံး၊ လက် ခြေ ပေါင် ရင်ဘတ် ဗိုက် တင် လိင်အင်္ဂါ အမြီး နားရွက် ခေါင်း ကျော မေးစေ့ မျက်နှာ ဦးကင်း စသဖြင့် နေရာလပ် မကျန်အောင် လူ ၄-၅ ယောက်က လက်နဲ့ ပွတ်သပ် ပေးကြပါတယ်။ လက်နဲ့ ပွတ်ရင်း ပါးစပ်ကလည်း ချိုသာ နူးညံ့တဲ့ သီချင်းတွေ သံပြိုင်ဆိုပေး အော်ပေး နေရပါတယ်။ ဒီအဆင့်ကတော့ အကြမ်းမ ဖက် တိုက်ပွဲ နည်းနာတွေထဲက အာဏာ ဖီဆန်ရေး တိုက်ပွဲနဲ့ ပြန်လည် သင့်မြတ်ရေး ပေါင်းစပ်ထားတဲ့ သဘော၊ စေ့စပ် ဆွေးနွေးရေး (ဒိုင်ယာလော့) သဘောလို့လဲ ပြောလို့ရမယ် ထင်ပါတယ်။ ဘေးမှာလဲ အိမ်ဆင်တွေကို ကင်းစောင့် ချထားပြီး ဆင်ရိုင်းက ကလန်ကဆန် လုပ်ရင် အိမ်ဆင်တွေက နှာမောင်းနဲ့ ရိုက်တာမျိုး၊ လူတွေကလဲ ချွန်းနဲ့ ပေါက် လှံ နဲ့ထိုးပြီး ဟိန်းဟောက် ငေါက်ငန်းတာမျိုး အကြမ်းဖက်မှု တွဲရပါတယ်။ ကောင်းကောင်း မွန်မွန်နေရင်တော့ ထညက်ခဲ တခဲကျွေးတာ၊ ငှက်ပျောသီးတလုံး ကျွေးတာ လုပ်ပါတယ်။

အစာနည်းနည်းပြန်စားလာပြီးနောက် တချိန်တည်းမှာ ဒီဆင်ရိုင်းကြီးတွေကို ဘိန်း နည်းနည်း ကျွေးပါတယ်။ တချို့က ဘိန်းစွဲ သွားစေတဲ့ နည်းနဲ့ လူကို နာခံအောင် လုပ်တာဖြစ်ပြီး တချို့ကတော့ စိတ်ရိုင်း စိတ်မိုက်တွေ ငြိမ်ဝပ်သွားအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဆင်က အားနည်းသွားတဲ့ အတွက် နှိုင်းယှဉ်ချက် အားဖြင့် လူက အားကြီးသွားတာဟာ ကိုယ့် အင်အား ကြီးထွားအောင် လုပ်ဖို့ ရည်ရွယ်တဲ့ အရပ်ဖက် လူမှုရေး အသင်းအဖွဲ့ civil society / NGO တည်ထောင် လူစုတဲ့ အကြမ်းမဖက် တိုက်ပွဲ ပုံစံ တမျိုးဖြစ်ပါတယ်။

……….

ဆင်ကငြိမ်လာတဲ့အခါ ကြိုးလျှော့ပေးတာ ဖြေးဖြေးချင်း လုပ်ပေးပါတယ်။ ညှပ်ထဲမှာ စုစုပေါင်း အချိန် ၁၀ ရက် ၁၅ ရက် ထားပါတယ်။ ဒီလိုထားရင်း လူက တက်စီးတာကို စမ်းလုပ်ပါတယ်။ ဒါက လူကို စက်သီးနဲ့ဆွဲပြီး ဆင်ကျောပေါ်ချ ပေးတာ ဖြစ်ပါတယ်။ ဆင်က ခေါင်းကိုခါပြီး နှာမောင်းနဲ့ လှမ်းဆွဲချတာကို ဘေးက အိမ်ဆင်တွေက နှာမောင်းနဲ့ ထိန်း ချုပ်ရိုက်နှက်တာ၊ ဘေးကလူက လှံနဲ့ ထိုးတာလုပ်ပြီး တက်စီးတဲ့ လူကိုလဲ အမြန် ပြန် မထုတ်ရပါတယ်။ ဒီလိုနဲ့ ဆင် ကျောပေါ် လူခွစီးနိုင်တဲ့ အချိန် တဖြည်းဖြည်း များလာအောင် ကျင့်သွားရပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုနဲ့ အကြမ်း မဖက်မှု ပေါင်းစပ်ရပါတယ်။

လှံနဲ့ထိုး ချွန်းနဲ့ပေါက်လို့ ဆင်မှာ အနာဖြစ်လာတာကို ကြက်သားနုပ်နုပ်စင်းပြီး ဆေးမြစ်တွေနဲ့ရော အနာမှာ သိပ်ပေး တာကတော့ ပြန်လည် ရင်ကြားစေ့ရေး သဘော ဆောင်ပါတယ်။

တကိုယ်လုံး လက်နဲ့ပွတ်သပ် စကားချိုချိုသာသာပြော ဘိန်းကျွေးတာက တဖက်၊ အစာငတ် ရေငတ်ထား လှုပ်မရ အောင် ချုပ်တာကတဖုံ၊ လှံနဲ့ထိုး ချွန်းနဲ့ပေါက် ငေါက်ငမ်းတာက တနည်း ရက် ၂၀ လောက် သူ့အကန့်နဲ့သူ လုပ်လိုက် တဲ့အခါမှာတော့ ဧရာမ ရန်သူ ဆင်ရိုင်းကြီးဟာ လူခိုင်းလို့ရတဲ့ မိတ်ဆွေဆင်ယဉ် ဖြစ်သွားပါပြီ။ ဆရာဒဂုန် တာရာ ပြော သလို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လိုက်နိုင်ပါပြီ။

နောက်တချက် စိုင်းဗေဒါတို့ပြောတာက ဆင်ရိုင်းအ မည်းဖြစ်ဖြစ် ဆင်ရိုင်းဆင်ဖြူတော် ဖြစ်ဖြစ် ဒီနည်းတွေ နဲ့ပဲ ကိုင်ရတာ ဖြစ်တယ်တဲ့၊ ဆိုလိုတာက ၂၀၁၀ ရှေ့ ပိုင်း နဝတ-နအဖ စစ်အစိုးရ ဖြစ်ဖြစ်၊ ၂၀၁၀ နောက်ပိုင်း လွှတ်တော်ထွက် စစ်အစိုးရ ဖြစ်ဖြစ် ဒီနည်းတွေနဲ့ပဲ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။ ဆင် မည်းဖြစ်စေ ဆင်ဖြူဖြစ်စေ ဆင်ရိုင်းတွေဟာ ရန်သူတွေ ပါပဲ။

……….

…..

ရန်သူဆင်ရိုင်းတွေ ဖမ်းနေ ကျင့်နေတုံးမှာ ကိုယ့်ဖက်က ဆင်သမားတွေ အသက် ဆုံးတာလဲ ရှိတတ်ပါတယ်။ ကိုယ့် ဘက်က နဂို ရှိထားတဲ့ ဆင်ယဉ် တောဝင်ပြီး ဆင်ရိုင်းတွေနောက် ပါသွားတာလဲ ရှိတတ်ပါတယ်။ ကျုံးဆောက်ရင် သစ် ဖိုး ဝါးဖိုး အုန်းဆံကြိုးဖိုး လုပ်အားခ စတာတွေ အင်မတန် အကုန်အကျ များပေမဲ့ ကျုံးသွင်း ဖမ်းတာဟာ ကြိုးကွင်းပစ် ဖမ်း ကျင်းထောင်ဖ မ်းတာတွေထက်လဲ ဆင်ပိုရလို့ အရင်းကြေ အမြတ် ပိုထွက်ပါတယ်။ ငွေကြေး ရုပ်ဝတ္ထုပစ္စည်းနဲ့ အ ချိန် ရင်းရတာတင်မက အသက်သွေးချွေး အရင်းအနှီးတွေကိုလဲ ရှောင်လို့ မရပါဘူး။

ဒါပေမဲ့ ရှိသမျှ ဆင်ရိုင်းတကောင်မကျန် ဒီနည်းနဲ့ မိတ်ဆွေ ဆင်ယဉ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကျင့်လို့မရ ထိန်းလို့ မနိုင်ဖြစ်လို့ သတ်ပစ် လိုက်ရတာလဲ ရှိတတ်ပါတယ်။ တချို့ အင်မတန် ခေါင်းမာတဲ့ ဆင်ရိုင်းတွေလဲ ရုန်းရင်းကန်ရင်း ဒဏ်ရာရ သေသွားတာတွေ ရှိပါတယ်။ (ကိုယ့်ကိုရန်မူတဲ့ ရန်သူကို ဘယ်လိုမှ မလွှဲမရှောင်သာလို့ သတ်ပစ်လိုက်ရတာ၊ သူ့ဖာသာသူ ခေါင်းမာလွန်းလို့ ကျုံးနံရံ ခေါင်းနဲ့ တိုက်သေသွားတာ၊ ရုန်းရင်းကန်ရင်း လက်ကျိုး ခြေကျိုးပြီးသေသွား တာ၊ အစာမစားဘဲ သေသွားတာ ဖြစ်တော့လဲ “ရန်သူမရှိ မိတ်ဆွေသာရှိ” ဖြစ်သွားတဲ့အထဲ အကျုံးဝင် သွားပါတယ်။)

ဗုဒ္ဓဝင်မှာကြည့်ရင် နာဠာဂီရိဆင်၊ အာဠာဝကဘီလူး၊ အင်္ဂုလိမာလ လူဆိုးတို့ကို မြတ်စွာဘုရားက မေတ္တာပို့ပြီး အောင် နိုင်ခဲ့ပေမဲ့ မာရ်နတ်၊ ဒေဝဒတ်၊ နန္ဒောပနန္ဒနဂါး၊ စိဉ္စမာဏ အမျိုးသမီး တို့ကိုတော့ မေတ္တာပို့ ပြောင်းလဲပစ် လို့ မရခဲ့တာ တွေ့ရပါတယ်။ ဒေဝဒတ်နဲ့ စိဉ္စမာဏဆိုရင် အကြမ်းနည်းနဲ့ မြေမျိုပစ်ခဲ့ ရပါတယ်။ အောင်ခြင်း ၈ ပါးမှာ ၅ ပါးပဲ အနုနည်းနဲ့ အောင်မြင်တာ ဖြစ်ပါတယ်။ (ဘုရားရှင်ကိုယ်တိုင် အကြမ်းဖက်တာ မဟုတ်ပေမဲ့ အမြင်မတော်သူတွေက “ကြည့်ကြက်လုပ်” ပစ်လိုက် တာ ဖြစ်ပါတယ်။) တန်ဖိုးစံတွေကိုသာ ဟောပြောတဲ့ နည်းနဲ့ လိုသလို ပြောင်းလဲ ဖန်တီး ယူလို့ရရင် လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကတည်းက ကမ္ဘာပေါ်က လူအားလုံး မဂ်ဖိုလ်ရပြီး ကျွတ်တန်း ဝင်ကုန်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘုရား ရှင်ကိုယ်တိုင်က ဒီလို မမျှော်မှန်း နိုင်ခဲ့တဲ့အတွက် ဂင်္ဂါဝါဠု သဲစုမက ဗုဒ္ဓတွေ ပွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဆင်သမားတွေ အဓိကပေးတဲ့ မက်ဆေ့ကတော့ အကြမ်းနည်း တမျိုးတည်း သို့မဟုတ် အနုနည်း တမျိုး တည်းကိုပဲ ပုံသေကားကျ တရားသေ ကျင့်သုံးတာမျိုး ရှောင်ပြီး နှစ်မျိုးစလုံးကို ကျွမ်းကျွမ်း ကျင်ကျင်နဲ့ အကွက်ကျကျ ပေါင်းစပ် ကျင့်သုံးဖို့၊ ရတဲ့အချိန်ကို အကျိုးအရှိဆုံးအသုံးချဖို့၊ ရလာတဲ့ အခွင့်ကောင်းကို အစွမ်းကုန် အသုံးချဖို့ ဖြစ်ပါ တယ် တဲ့။

ကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးအားလုံးကိုကြည့်ရင် အကြမ်းနည်း တမျိုးတည်းနဲ့ အောင်ပွဲရတာ မရှိခဲ့သလို ရာနှုန်း ပြည့် အနုနည်း သက်သက်နဲ့ အောင်ပွဲရတာလဲ မရှိခဲ့ပါဘူး။ (တခါက မြန်မာ့သတင်းသမဂ္ဂ ညီလာခံတခုမှာ မီဒီယာရဲ့ ဘက်မလိုက်ရေး မူကိုဆွေးနွေးရင်း ထိုင်းသတင်းထောက်မ ယင်ဒီးက ထိုင်းနိုင်ငံမှာ လုံးဝ ဘက်မလိုက်တဲ့ သတင်းစာ တစောင်မှမ ရှိဘူးလို့ ဝန်ခံ ခဲ့သလိုပဲ လုံးဝ အကြမ်းမဖက်တဲ့ တော်လှန်ရေး ဆိုတာဟာလဲ စိတ်ကူးယဉ် ကမ္ဘာထဲမှာသာ ရှိပြီး လက်တွေ့ ကမ္ဘာမှာ မရှိသေးပါဘူး၊ ဘယ်တော့မှလဲရှိမှာ မဟုတ်ပါဘူး။) အကြမ်းဖက် တော်လှန်ရေးလို့ ဗြောင် ပြောတဲ့ ရုရှား တရုတ် ဗီယက်နမ် ကျူးဘား ကွန်မြူနစ် တော်လှန်ရေးတွေ မှာလဲ မြို့ပေါ် ကျောင်းသား ဆန္ဒပြပွဲတွေ၊ အလုပ်သမား သပိတ်တွေ၊ စေ့စပ် ဆွေးနွေးပွဲတွေ ပါခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံရေးသိပ္ပံမှာတော့ အကြမ်းဖက်မှုဆိုတာ သေနတ်နဲ့ပစ်၊ ဗုံးနဲ့ခွဲတာတွေ ကိုဘဲ အဓိက ရည်ညွှန်း တာ ဖြစ်နေပြီး “ငြိမ်းချမ်းစွာ” ဆန္ဒပြပွဲ အတွင်း ရိုက်တာ နှက်တာ ဂဲနဲ့ထုတာ မီးရှို့်ဖျက်ဆီးတာတွေကို အကြမ်း ဖက်မှုအဖြစ် စာရင်း မသွင်းကြတော့ပါဘူး။

ဂန္ဓီခေတ်ကပဲဖြစ်ဖြစ်၊ မာတင်လူသာကင်းခေတ်ကပဲ ဖြစ်ဖြစ်၊ အခုနောက်ဆုံး ယူကရိန်း ဂျော်ဂျီယာ ရောင်စုံ တော်လှန်ရေး တွေပဲဖြစ်ဖြစ် အကြမ်းဖက်မှု တွဲဖက်ခဲ့ တာ လုံးဝ မရှိဘူးလို့ ဘယ်သူအာမခံ ပြောရဲပါသလဲ။ ဂန္ဓီခေတ်မှာ ဆူဘတ်စ် ချန်ဒရာဘို့စ် ရှိခဲ့သလို မာတင် လူသာကင်း ခေတ်မှာ ကျားသစ်နက် Black Panther ရှိခဲ့ပါတယ်။ ယူကရိန်း ဂျော်ဂျီယာ တို့မှာလဲ အနဲဆုံးတော့ ဂဲနဲ့ထု တာ ကားမီးရှို့တာလောက်တော့ ပါတာချည်းပါပဲ။ အဲဒါတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ရင် အင်မတန် အသိဉာဏ် နုံ့နည်းရာ ကျပါလိမ့်မယ်။ ၁၉၈၉ အကျယ်ချုပ် မကျခင်တုံးက ဒေါ်အောင်ဆန်းစုကြည် ကလဲ အကြမ်းဖက် လက်နက်ကိုင်တော် လှန်ရေးရဲ့ အခန်းကဏ္ဍကို မငြင်းပယ်ခဲ့ပါဘူး။ (အဲဒီ တချိန်တည်းမှာ စမူဆာအောင်ကြီး ကတော့ လက်နက်ကိုင် တော်လှန်ရေး မှားကြောင်း၊ ကျောင်းသားတွေ တောခိုတာ မှားကြောင်း ပြောခဲ့ပါတယ်။)

တနိုင်ငံလုံးနဲ့ချီပြီး ရန်သူဆင်ရိုင်းတွေကို မိတ်ဆွေဆင်ယဉ်ဖြစ်အောင်လုပ်မယ့် ဆင်ဖမ်း အဖွဲ့သားတွေ၊ အထူးသဖြင့် ဆင်ဖမ်း ခေါင်းဆောင်တွေ အနေနဲ့ ဆင်ရိုင်းတွေ အများဆုံး ဖမ်းနိုင်ဖို့နဲ့ ဆင်ယဉ် ဖြစ်အောင် ကျင့်နိုင်ဖို့ဆိုရင် အထက်မှာ ပြောခဲ့တဲ့ အတတ်ပညာတွေ အားလုံးကို ကျွမ်းကျွမ်း ကျင်ကျင်အသုံးချ ခိုင်းစေနိုင်မှ ပြည်သူလူထုတွေကို နှိပ်စက်နေတဲ့ ဆင်ဆိုးအန္တရာယ် ဖယ်ရှားရေး တာဝန်ကို ကျေပွန်နိုင်မှာဖြစ်ပါတယ်။ ဆင်သမား နိုင်ငံရေး ဆရာတွေ အနေနဲ့ ဆင်ယဉ် တွေ အမြန်ဆုံး ထုတ်လုပ် နိုင်ဖို့အတွက် မြန်မာပြည် တော်လှန်ရေးမှာ လွှမ်းမိုးကြီးစိုးနေတဲ့ တကြောင်းထိုး တလမ်းသွား သူငယ်နာ အတွေးအခေါ်တွေ အမြန် ဖယ်ရှားနိုင်ကြပါစေ။

ဂါမဏိ

Ref: နေ့သစ်

0 comments:

အပေါ်သို့