..............................

Tuesday, February 8, 2011

အီဂျစ်ဆန္ဒပြသတင်း မထည့်ရ

ဖနိဒါ |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စိ္ဈမ) ။ ။ အီဂျစ်သမ္မ္မတ မူဘာရက် နှုတ်ထွက်ရေး လူထုဆန္ဒပြပွဲများနှင့် ပတ်သက်၍ မြန်မာပြည်တွင်း ဂျာနယ်များတွင် ပြန်ကြားရေး ဌာန၏ ဆင်ဆာ ဖြတ်တောက်မှု ခံနေကြရသည်။

“ဓာတ်ပုံမပေးဘူး။ အတွင်းသတင်းလောက်ကတော့ ရတယ်။ အာဏာရှင်ကို ဖြုတ်ချရေး ဆိုတာတွေက မပါဘူး။ အာဏာကို ချုပ်ကိုင် ထားတဲ့ အစိုးရကို လူထုက ဆန္ဒပြပွဲ လုပ်တယ် ဆိုတာတွေ မရဘူး၊ အဓိကရုဏ်း ဖြစ်နေတာမျိုး မပါဘူး။ မူဘာရက်နဲ့ ဆွေးနွေးတာတွေ လောက်တော့ရတယ်။ မျက်နှာဖုံး တင်ခွင့် မပြုဘူး ”ဟု အယ်ဒီတာ တဦးက ပြောသည်။

အခြား အယ်ဒီတာတဦးကလည်း “လုံးဝဖော်ပြခွင့် မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူထု လှုပ်ရှားမှု ပုံတွေကို ခွင့်မပေးဘူးလေ”ဟု သူက မဇ္စျိမကို ပြောသည်။

နိုင်ငံပိုင် မီဒီယာများတွင် ၁၄ ရက်ကြာ အီဂျစ်ဆန္ဒပြသတင်းများကို ဖော်ပြခြင်း မပြုပေ။

“ကိုယ့်သတင်းက စာဖတ်ပရိသတ်ကို ပေးချင်ရင် ပြည့်ပြည့်စုံစုံ ပေးချင်တာဘဲပေါ့။ သတင်း၊ ဓာတ်ပုံ၊ အချက် အလက်တွေ မပြည့်မစုံဘဲ လစ်ဟာ နေတာမျိုးကျတော့ စာဖတ် ပရိသတ်ကို ပေးရတာ စိတ်မသန့် ဘူးပေါ့”ဟု ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

မနေ့က အီဂျစ် ဒုသမ္မ္မတ အိုမာ ဆူလီမန်(Omar Suleiman)နှင့် မတရားအသင်း ကြေညာ ခံထားရသော မွတ်ဆလင် ညီအကိုတော်များ(Muslim Brotherhood) အပါအဝင် အတိုက် အခံများနှင့် ဆွေးနွေး ခဲ့ကြသော်လည်း ပြေလည်မှု မရခဲ့ပေ။

မူဘာရက် ဆန့်ကျင်ရေး လှုပ်ရှားသူများက ကိုင်ရိုမြို့ရှိ တဟီရာ(Tahrir) ရင်ပြင်ကို သိမ်းပိုက်ထားခဲ့ပြီး သမ္မ္မတ ထောက်ခံသူ များနှင့် ဆန့်ကျင်သူများ အပြန်အလှန် တိုက်ခိုက်ခဲ့မှုက လူ ၃၀၀ ခန့် သေဆုံးခဲ့သည်။

မူဘာရက်က ရာထူးမှနှုတ်ထွက်ရန် ငြင်းဆန်ထားပြီး စက်တင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ပြိုင်တော့မည် မဟုတ်ဟု ကမ်းလှမ်း ထားသည်။ ဆန္ဒပြသူများက မူဘာရက် မဆင်းမချင်း ဆက်လက် ဆန္ဒပြသွားမည်ဟု တုံ့ပြန်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထု ဆန္ဒပြမှုသည် အပြောင်းအလဲ ဖြစ်စေသည့် နည်းလမ်း တခုဖြစ်သော်လည်း အကောင်းဆုံး နည်းလမ်းဟု မဆိုနိုင်ကြောင်းနှင့် ဆန္ဒပြ ပြည်သူများကို ဇွဲမလျှော့ဘဲ ဆက်လက် အကောင် အထည် ဖော်သွားရန် ပြီးခဲ့သည့် အင်္ဂါနေ့က ဘီဘီစီ မေးမြန်းခန်း တခုတွင် ပြောဆိုခဲ့သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့