..............................

Friday, February 11, 2011

ဗိုလ်ချုပ်မှူးကြီးဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့မည်

Thursday, 10 February 2011

သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး အာဏာ လွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင် ပါဝင်သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ် ကွပ်ကဲမည် ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် သတင်း ရပ်ကွက်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံကို အဓိက ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်မည့် အဖွဲ့အစည်းများ အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံ့ ဥသျှောင်အဖွဲ့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော နိုင်ငံတော် လုံခြုံရေး ကောင်စီ အဖွဲ့ဟူ၍ ၂ ဖွဲ့ ရှိလာမည် ဖြစ်သည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့် အတူ တခြား အဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီ ဥသျှောင်အဖွဲ့ ဆိုတာက နိုင်ငံတော်ရဲ့ အဆင့်အမြင့် ဆုံးသော အဖွဲ့အစည်းကြီးပေါ့။ အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ် တာမျိုးထက် အကြံပေး အဖွဲ့ ဆိုတဲ့ ပုံစံနဲ့ အစိုးရ အဆက်ဆက်ကို ကူညီ အကြံပေးတာမျိုး လုပ်မယ်လို့ သိရမယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ သြဇာ အာဏာက တော်တော်ကြီးမား ပါလိမ့်မယ်” ဟု စစ်တပ်အသိုင်း အ၀န်းနှင့် နီးစပ်သူ တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ်လာမည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင်သော အဖွဲ့ဝင် ၁၁ အဖွဲ့ဖြစ်သည်။

နောက်ဆုံးသိရသော သတင်းများအရ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် နအဖက အရပ်သား အစိုးရကို အာဏာ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း၊ ယခုအခါ နေပြည်တော်၌ အစည်းအဝေးများ ထိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ရဲချုပ်ရာထူးကို ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအား လည်းကောင်း၊ ရဲ အထူး သတင်းတပ်ဖွဲ့ ညွှန်ကြားရေးမှူး ချုပ်အား ဗိုလ်မှူးကြီး တင်စိုးအား လည်းကောင်း ခန့်အပ်လိုက်ပြီ ဖြစ်သည်။

စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကြီးစဉ် ငယ်လိုက် မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်သူ များသာ အဓိက ရာထူးများ ရရှိနေခြင်းကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းမှ သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ် မဖြစ်ခဲ့သည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စောဒက တက်သော ဒုတိယဗိုလ် ချုပ်ကြီး သူရ မြင့်အောင်သည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရန် အဆိုပြု ထားခဲ့သူ ဖြစ်ပြီး ယခုအခါ တပ်မှ အထုတ်ပယ် ခံထားရကြောင်း သတင်း ရရှိသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့