..............................

Thursday, February 10, 2011

အမှန်တရားအတွက် အကြောက်တရားခဝါချထားရန် ဒေါ်အောင်ဆန်းစုကြည် ပြော

မင်းနိုင်သူ
Wednesday, 09 February 2011

အမှန်တရားအတွက် ဆောင်ရွက်ရာတွင် အကြောက်တရားကို ခ၀ါ ချထားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောဆို လိုက်သည်။

ယနေ့ တွေ့ဆုံပွဲအတွက် အကူအညီပေးခဲ့သော NLD လူငယ်တာဝန်ခံ ကိုမျိုးညွှန့်က “ပြည်နယ်နဲ့ တိုင်းက ဒီပွဲကို တက်ဖို့ လာကြတဲ့ လူငယ်တွေဟာ စရဖ၊ သတင်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ရဲ့ စောင့်ကြည့်ခြင်းတွေ ခံခဲ့ရတဲ့ အကြောင်း၊ တချို့လည်း ကြောက်လို့ လှည့်ပြန် သွားတာမျိုးတွေ ရှိကြောင်း လူငယ်တွေက ပြောပြကြလို့ ကျနော်တို့ ခေါင်းဆောင်က အကြောက်တရားနဲ့ ပတ်သက်ပြီး ရှင်းပြ သွားတာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ိုက်မှ လူငယ် ၃၀၀ ခန့်ကို ပထမ တွေ့ဆုံခဲ့သည်။

ယခု တိုင်းနှင့်ပြည်နယ် အသီးသီးမှ NLD ပါတီဝင် မဟုတ်သည့် လူငယ်များနှင့် ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံခြင်း ဖြစ်သည်။

“လူငယ်ကွန်ယက် ဖွဲ့ကြဖို့ကို အဓိကထား ဆွေးနွေး ကြတာပါ။ လူငယ်တွေဘက်က ပညာရေး စနစ် နိမ့်ကျ နေတာကိုလည်း အဓိကထား ဆွေးနွေးပါတယ်။ မနေ့က တိုင်းနဲ့ပြည်နယ် အသီးသီးက လူငယ် ၃၀၀ လောက် တက်ပြီး ဒီကနေ့ ၂၀၀ ကျော် တက်ပါတယ်” ဟု ကိုမျိုးညွှန့်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့် အပြင်၂၀၀၈ ဖွဲ့စည်းပုံ ကိုလည်း လက်မခံနိုင်ဟု ဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ ၁၀ ခုကို တရားဝင် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။

ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူး အယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထားသည်။

NLD ပါတီ ရပ်တည်ခွင့်နှင့်စပ်လျဉ်းကာ လူငယ်တချို့က မေးမြန်းခဲ့ကြပြီး တရားဥပဒေ လမ်းကြောင်း အရ ဆောင်ရွက်နေမှု များကို ပါတီ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့