..............................

Wednesday, February 9, 2011

အခွန်ရှောင်သူ ထောင်ချတော့မည်

Tuesday, 08 February 2011

နိုင်ငံတော် သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် အခွန်ဆိုင်ရာ တင်းကျပ်သော ဥပဒေနှင့် နည်းဥပဒေသစ် တချို့ ထွက်ရန်ရှိပြီး အဆိုပါ ဥပဒေများတွင် အခွန် ရှောင်တိမ်းမှုများ အတွက် ပြစ်မှုကြောင်း အရ တရားစွဲ ထောင်ချ အရေး ယူနိုင်သော အချက်များ ပါဝင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒီမိုကရေစီနိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံသားတိုင်း အခွန်ဆောင်ရန် တာဝန်ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်စဉ်က ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန် အပါအ၀င် အခွန်ကိစ္စ အများစုကို တင်းကျပ်မှု မရှိဘဲ အပြုသဘောနှင့်သာ ဆောင်ရွက် ခဲ့သော်လည်း ယခု ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာချိန်တွင် အခွန်ဆိုင်ရာ တင်းကျပ်သော ဥပဒေများ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

“၀န်ကြီးချုပ် (ယခု သမ္မတ ဦးသိန်းစိန်) က အခွန်ကိစ္စတွေမှာ မှန်မှန် ကန်ကန်နဲ့ တင်းတင်း ကျပ်ကျပ်လုပ်ဖို့ မှာထားတယ်။ လိုအပ်တဲ့ ဥပဒေတွေ ကိုလည်း ပြင်ဆင်ဖို့၊ နိုင်ငံတကာပုံစံ အတိုင်း အခွန်အတုပ်တွေ ကောက်ခံနိုင်ဖို့ လမ်းညွှန်ထားတယ်။ ရှိရင်းစွဲအခွန် ဥပဒေတွေကို ထပ်ဖြည့်ပြီး ပြင်ဆင်တာ ထုတ်ပြန်တာမျိုး ဆိုတော့ အသစ်ပုံစံ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အခွန်ရှောင်ရင် ဒဏ်ရိုက်တာ၊ ပြစ်မှုကြောင်းအရ တရားစွဲဆို ထောင်ချတာတွေ အထိ ပါလာမယ်” ဟု အခွန်အရာရှိက ဆိုသည်။

ဥပဒေဖြင့် တင်းကျပ်မည့် အခွန်များတွင် ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ ပင်းရင်းမှ နုတ်ယူ ပေးသွင်းသည့် အခွန်၊ အမြတ်ခွန်များ ပါဝင်ကြောင်း သိရသည်။

“ပင်ရင်းနုတ်ယူ ပေးသွင်းခွန် (Withholding Tax) ကတော့ ဒီနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ ကတည်းက စပြောင်းပြီး ကျင့်သုံးတာ အောင်မြင်နေပြီ။ သွင်းကုန် သွင်းမယ့်သူတိုင်း ပင်ရင်းနုတ်ယူ ပေးသွင်းခွန် ဆောင်မှ အစိုးရ ဘဏ်ကနေ ပြည်ပကို
ငွေလွှဲ လက်မှတ် (Letter of Credit) ထုတ်ပေးတော့ သွင်းကုန် သမားတိုင်း အခွန် ဆောင်နေတယ်” ဟု ရန်ကုန်တိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အရာထမ်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လစာဝင်ငွေနှင့် စီးပွားရေးလုပ်ငန်း၊ အသက် မွေးဝမ်းကြောင်းမှု လုပ်ငန်းများ အပါအ၀င် ၀င်ငွေရလမ်း မဖော်ပြနိုင်သော ၀င်ငွေကျပ် ၃၀၀၀၀ အထက် ရရှိသူတိုင်း ၀င်ငွေခွန် ဆောင်ရမည်ဟု တရားဝင် ပြဋ္ဌာန်း ထားသော်လည်း ၀င်ငွေခွန် ဆောင်သူ မရှိသလောက် နည်းပါးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ သိရသည်။

“၂၀၀၆ ခုနှစ် ဧပြီ ၆ ရက်နေ့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်း အဝေးမှာ ၀င်ငွေခွန်နဲ့ ပတ်သက်လို့ အခွန်ကောက် ခံရမယ့် နှုန်းတွေကို တရားဝင် အမိန့် ထုတ်ထားတယ်။ အဲဒီအတိုင်း မပြောင်းလဲဘဲ ကောက်ခံ သွားမယ်လို့ သိရပါတယ်” ဟု ပြည်တွင်းအခွန် အရာရှိက ပြောသည်။

ဥပဒေအရ လစာဝင်ငွေ ကျပ် ၃၀၀၀၀ နှင့် ၅၀၀၀၀ အကြား ရရှိသူတိုင်း အခွန် ၁၂ ရာခိုင်နှုန်း၊ ၀င်ငွေ ၅၀၀၀၀ မှ ၇၀၀၀၀ ရရှိသူတိုင်း ၁၅ ရာခိုင်နှုန်း၊ ၇၀၀၀၀ မှ ၉၀၀၀၀ ကြားရရှိသူတိုင်း ၁၆ ရာခိုင်နှုန်း၊ ၉၀၀၀၀ မှ ၁၁၀၀၀၀ ရရှိသူတိုင်း ၁၇ ရာခိုင်နှုန်း၊ ၁၁၀၀၀၀ မှ ၁၅၀၀၀၀ အကြားရရှိသူတိုင်း ၁၈ ရာခိုင်နှုန်း၊ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ အကြား ရရှိသူတိုင်း ၁၉ ရာခိုင်နှုန်း စသည့်ဖြင့် ရရှိသော ၀င်ငွေပေါ်မူတည် ကောက်ခံမည်ဖြစ်ပြီး လစာ ၅၀၀၀၀၀ ကျော်လျှင် အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

အသက်မွေး ၀မ်းကျောင်းပညာ လုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းနှင့် ၀င်ငွေရလမ်း မဖော်ပြနိုင်သည့် ၀င်ငွေနှင့် တခြား ရလမ်းမှ ၀င်ငွေများသည် ကျပ် ၃၀၀၀၀ ထက်ကျော်ပါက အနည်းဆုံး အခွန် ၁၄ ရာခိုင်နှုန်း စတင် ကောက်ခံမည်ဖြစ်ပြီး ၀င်ငွေ သိန်း ၂၀ ကျော်လျှင် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “အခွန်ဆောင်တာက အစိုးရ ၀န်ထမ်းတွေ အိတ်ထဲ ငွေရောက်တာပဲ ဆိုတဲ့ အသိက လူတွေဆီမှာ ရှိနေတယ်။ အဲဒီလို ရှိနေ လောက်အောာင်လည်း ဗိုလ်ချုပ်တွေ၊ ရာထူးကြီးတဲ့ အစိုးရ အရာရှိတွေက ထားစရာ မရှိအောင် ချမ်းသာနေတယ်။ တကယ်လို့သာ အခွန်မဆောင်လို့ ထောင်ချတဲ့ အထိ လုပ်မယ်ဆိုရင် အခွန်ဝန်ထမ်းတွေ ပိုပြီး
လာဘ်ပေး လာဘ်ယူ လုပ်လာမယ်” ဟု ပြောသည်။

အစိုးရသည် ဓာတ်ငွေ့၊ ရေနံနှင့် သဘာဝ သယံဇာတ ရောင်းချမှုတို့မှ ရရှိသော ၀င်ငွေနှင့် အခွန်များကို စစ်တပ် ကြီးထွားရေး တွင်သာ အဓိက သုံးနေသည့် အတွက် ပြည်သူ့ ကျန်းမာရေးနှင့် ပညာရေးပိုင်း ဆိုင်ရာကိစ္စများတွင် နိမ့်ကျ နေသည်ဟု သတင်းစာ ဆရာ တဦးက ပြောသည်။

“ပြည်သူ အတွက် ဘာမှ လုပ်မပေးဘဲနဲ့တော့ ဘယ်သူကမှ အခွန်ဆောင်မှာ မဟုတ်ဘူး။ ရတဲ့ ပိုက်ဆံ စစ်တပ် အတွက်ပဲ အဓိက သုံးနေတယ်။ ဘယ်လိုလူမျိုးက အခွန်ဆောင်ချင်မလဲ။ အခွန်ဆောင်ချင်စိတ် ရှိအောင်လည်း အစိုးရက လုပ်ပြရမယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ရှိသော်လည်း ၁. ၀၉ ရာခိုင်နှုန်းကသာ အခွန် ဆောင်သည်ဟု အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် အမတ် တဦးဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဟောင်း ဦးလှထွန်းသည် သမ္မတဦးသိန်းစိန် ဖွဲ့စည်းမည့် အစိုးရတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး အဖြစ် ပြန်လည်ခန့်အပ် ခံရမည်ဖြစ်ကြောင်း နေပြည်တော် အစိုးရ ၀န်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့