..............................

Friday, February 11, 2011

အမျိုးသမီးများကို လျစ်လျူမရှုသင့်

မျိုးသန့် |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းပြည်အရေး ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ ကဏ္ဍကို လျစ်လျူရှု မထား သင့်ကြောင်း လွှတ်တော်အမတ် အမျိုးသမီး နှစ်ဦးက ကြာသပတေးနေ့တွင် ပြောဆို လိုက်ကြသည်။

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်သူ လွှတ်တော် အမတ် ၆၅၉ ဦး ရှိသည့်အနက် အမျိုးသမီး ၂၂ ဦးသာ ရှိပြီး၊ သမ္မတ ဦးသိန်းစိန် ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့် ဝန်ကြီးများ အမည် စာရင်း၌လည်း အမျိုးသားများသာ ပါဝင်နေသည့် အပေါ် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF နှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ SNDP တို့မှ အမျိုးသမီး အမတ်နှစ်ဦးက တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

“ကိုယ်တို့အမျိုးသမီးတွေကလည်း အမျိုးသမီးကဏ္ဍတခု အနေနဲ့ တိုင်းရေး ပြည်ရာမှာ ထည့်ပြီးတော့ စဉ်းစားမယ် လို့တော့ ထင်တာပဲလေ။ ကိုယ်ထင်တာ ကတော့ ဥပက္ခာ ပြုထားလို့ မရဘူး၊ အဲဒီလိုမျိုး ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ အခါ သို့တည်းမဟုတ် တိုင်းရေး ပြည်ရာတွေ စီစဉ်တဲ့ အခါ အမျိုးသမီးတွေ ကလည်း သူ့အကန့်နဲ့ သူတော့ ဆောင်ရွက် နိုင်တယ်လေ” ဟု NDF အမျိုးသား လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို ပြောသည်။

ဝန်ကြီးများ၏ တာဝန်မှာ ကြီးလေးသည်ဟု ယူဆသဖြင့် အမျိုးသားများကိုသာ သမ္မတက ဝန်ကြီး အမည်စာရင်း တင်သွင်းခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

အမျိုးသမီးများအနေဖြင့် နိုင်ငံရေး အတွေ့အကြုံ နည်းသော်လည်း အုပ်ချုပ်ရေး တာဝန်များကို ထမ်းဆောင် နိုင်ကြောင်း SNDP (ကျားဖြူ) ပါတီမှ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်နန်းဝါနုကလည်း ရှုမြင်သည်။

“အမျိုးသမီးတွေလည်း ထမ်းဆောင်နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ နိုင်ငံအနေနဲ့ ကြည့်ရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် များသော အားဖြင့်က နိုင်ငံရေး အတွေ့အကြုံ နည်းကြတဲ့ သူတွေချည်းပဲ။ သူများနိုင်ငံမှာလည်း အမျိုးသမီး ဝန်ကြီးချုပ်တွေ ရှိတယ်လေ။ ကျမတို့နဲ့ အနီးစပ်ဆုံး အိန္ဒီယာဂန္ဓီတို့ ဘာတို့ တောင်မှ နိုင်ငံကို နိုင်နင်းစွာနဲ့ ထိန်းသိမ်း သွားနိုင်ခဲ့သေးတာပဲ” ဟု သူက ဆိုသည်။

လွှတ်တော်တွင် ဆွေးနွေးသည့် အမျိုးသမီးအမတ်များသည် တက်တက်ကြွကြွ ရှိပြီး၊ လွှတ်တော် အတွင်း အမျိုးသမီးများ ကဏ္ဍတွင် ဆွေးနွေး လာနိုင်ကာ အမျိုးသမီးများ အတွက် အလားအလာ ကောင်းများ ပေါ်ထွက် လာနိုင်သည်ဟု ဒေါ်ခင်ဝိုင်းကြည်က သုံးသပ်သည်။

“လွှတ်တော်ထဲ ဝင်လာတဲ့ အမျိုးသမီးတွေ တက်တက်ကြွကြွ ရှိနေကြတယ်။ သူတို့နဲ့ တဦးချင်း ဆွေးနွေး ကြည့်တဲ့ အခါ သူတို့ရဲ့ သဘောထား လေးတွေ၊ ခံယူချက်လေးတွေ၊ နောင်လာမယ့် မျှော်လင့်ချက် လေးတွေ အကုန်လုံး ကိုယ်တို့ ဆွေးနွေးတိုင်ပင်လို့ ရတယ်လေ။ အားလုံးဟာ ဖျတ်ဖျတ် လတ်လတ်နဲ့ စိတ်ပါလက်ပါ လုပ်နေတာကို မြင်ရတယ်လေ။ အဲဒါကြောင့် ဒီရေးရာတွေမှာ သက်ဆိုင်ရာက နေပြီးတော့ အမျိုးသမီးတွေကို ကဏ္ဍအလိုက် သင့်ရာသင့်ရာ ဆွေးနွေးသွားမယ် ဆိုရင် နောင်တချိန်မှာ ဒီထက်ပိုပြီး အလားအလာ ကောင်းတဲ့ အခြေအနေတွေ၊ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေဟာ တိုးတက်ပြီးတော့ ပါဝင်လည်း လာနိုင်တယ်” ဟု သူက ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဥက္ကဋ္ဌ ဒေါ်မိဆူးပွင့်က နိုင်ငံ့ ခေါင်းဆောင်များ ရွေးချယ်ရာတွင် အမျိုးသမီးများ သာမက တိုင်းရင်းသား၊ အမျိုးသား စသည်ဖြင့် တခုခုကို ချန်လှပ် မထားသင့်ကြောင်း အကြံပြုသည်။

“အမျိုးသမီးအုပ်စု၊ တိုင်းရင်းသားအုပ်စု၊ အမျိုးသားအုပ်စု စသည်ဖြင့် အုပ်စု တခုခုကို မေ့လျော့ပြီးတော့၊ ချန်ထား ပြီးတော့ ဒီခေါင်းဆောင်ဖြစ်မှု အပေါ်မှာ မေ့လျော့ထားလို့ မရဘူး၊ ချန်လှပ် ထားလို့ မရဘူး” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ ကိုယ်တိုင်ဦးဆောင်ပြီး အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဝ လုံခြုံရေး အတွက် အကောင်အထည် ဖော်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ကို အထိန်းသိမ်းခံ နအဖ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာခင်ဝင်းရွှေက နာယက အဖြစ် ဦးဆောင်ခဲ့သည်။ သို့သော် ၎င်းတို့ အနေဖြင့် စစ်အစိုးရ သက်ဆိုးရှည်ရေး အတွက် စည်းရုံးရေး လုပ်ငန်းများတွင် အသုံးချ ခံများသာဖြစ်ပြီး၊ ထိရောက်သည့် အမျိုးသမီးရေးရာ လှုပ်ရှားမှု မဟုတ်ဟု အတိုက်အခံ အမျိုးသမီးများက ဝေဖန်ခဲ့ကြသည်။

၎င်းအဖွဲ့ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ လက်အောက်ခံ ဌာနခွဲ တခု အဖြစ် သတ်မှတ်ခဲ့သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့