..............................

Thursday, February 10, 2011

မြဝတီ ဗုံးကွဲ နှစ်ဦးသေပြန်

ကိုဝိုင်း |
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေး တံတားထိပ် အနီး ထမင်းဆိုင် တခုတွင် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ ကျော်ခန့်က ဗုံးပေါက်ကွဲရာ လူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကူးသော တံတားအနီးရှိ ရွှေတံတား တည်းခိုခန်းနှင့် ကပ်လျက် 7 Star ထမင်းဆိုင် အတွင်း ပေါက်ကွဲကာ အသက် ဆယ်နှစ်ကျော် မိန်းကလေး တဦးနှင့် ယောက်ျားလေး တဦး သေဆုံးသွားသည်ဟု အခင်း ဖြစ်ပွားရာ အနီး နေသူက ပြောသည်။

“ချိန်ကိုက်မိုင်း ပေါက်တယ်လေ။ အထုပ်ကနေ ပေါက်တာ။ ... ထမင်းဆိုင်နဲ့ လက်ဖက်ရည်ဆိုင် တွဲရက်၊ အဲဒီဆိုင်မှာ လာထား သွားတာ အထုပ် ပေါက်တာ” ဟု သူက ပြောသည်။

အနည်းဆုံး ဒဏ်ရာရသူ နှစ်ဦး မြဝတီ ဆေးရုံတွင် ကုသနေရပြီး ဒဏ်ရာ ပြင်းထန်သည်ဟု သူက ဆက်ပြောသည်။

“ဘုန်းကနဲဆို အသံကြားတော့ ကျနော်တို့လဲ ထွက်ကြည့်တာ 7 Star ဆိုင်ထဲမှာ ဗုံးပေါက်တာ ဖြစ်နေတယ်။ လူတွေ ဝိုင်းအုံ ကြည့်နေတုန်း ရဲတွေ ရောက်လာပြီး လူစု ခွဲလိုက်တယ်။ ကြည့်ခွင့်လဲ မပေးတော့ဘူး" ဟု အခြား မျက်မြင် သက်သေ တဦးက ပြောသည်။

ဒဏ်ရာရသူ ၅ ဦးအထိ ရှိသည်ဟု သူက ပြောသည်။

အခင်းဖြစ်ပွားပြီးချင်း နယ်ခြားစောင့်တပ်က ၅ ချက်ခန့် သေနတ် မိုးပေါ် ထောင်ဖောက်ကာ လူစု ခွဲသဖြင့် အထိတ်တလန့် ဖြစ်သွား ကြသည်။

နယ်ခြားစောင့်တပ်ပြောင်းရန် ငြင်းဆန်ပြီး စစ်အစိုးရနှင့် ဆက်ဆံရေး ပျက်ပြား သွားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား အစည်းအရုံး အဖွဲ့ဝင်များ မြဝတီအနီး လှုပ်ရှားနေသလို မကြာသေးခင်က မြို့တွင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့ခြင်းကြောင့် စိုးရိမ် နေကြသည်။

တံတားအနီး စားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ ငွေလဲဆိုင်များ တံခါးစောစီးစွာ ပိတ်သိမ်း ကုန်တော့သည်။

နိုဝင်ဘာ ၈ ရက်က မြို့သိမ်းရန် ကြိုးစားသော ဒီကေဘီအေ တပ်ဖွဲ့ အချို့နှင့် စစ်အစိုးရ တပ်များ မြို့တွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ အမာခံ နေရာဟောင်းနှင့် နယ်စပ် ကုန်သွယ်ရေး အချက်အခြာ တခုဖြစ်သော မြဝတီတွင် ဗုံးကွဲမှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။

သြဂုတ်လ ၆ ရက် ဗုံးပေါက်ကွဲမှုတွင်လည်း လူနှစ်ဦးသေဆုံး ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့