..............................

Monday, September 6, 2010

ပဲခူးတွင် လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်

ဇာနည်မာန်
Monday, September 06, 2010

နယ်မြေခံ တပ်ရင်းမှ အရာရှိ၊ တပ်သားများနှင့် အချင်းများ၍ တပ်သားတဦး၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့မှု တခု ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ ည ၁၂ နာရီခန့်က ပဲခူးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ မောင်အောင်သူဟိန်း (ဘ) ဦးမြတ်သူ နှင့် မောင်စိုးပိုင်ဇော် (ဘ) ဦးဟုတ်ကြည် အပါအ၀င် လူငယ် ၅ ဦးတို့သည် သုံးဘီး ဆိုင်ကယ်ဖြင့် အိမ်အပြန်တွင် ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ (၅၉) မှ အရာရှိနှင့် တပ်သားများ စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ပွတ်တိုက်မိရာမှ စတင်၍ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

“ထိုးကြကြိတ်ကြတာတွေ၊ ပြီးတော့ အားလုံး ပြန်သွားပြီးခါမှ ဟိုစစ်ဗိုလ်တွေက သေနတ်တွေနဲ့ စစ်သားတွေကို ခေါ်လာပြီး ကလေးတွေ အိမ်ကို လိုက်ရှာတယ်။ စစ်သား ၁၀ ယောက် ကျော်တယ်။ ၈ ယောက်လောက်က လမ်းထိပ်ကနေ ပိတ်ထားတာ။ အောင်သူဟိန်းနဲ့ စိုးပိုင်ဇော်ကို ဟဒယ လက်ဖက်ရည် ဆိုင်နားမှာ တွေ့တော့ စစ်သား တယောက်က သူ့ရဲ့ သေနတ်နဲ့ လှမ်းပစ်လိုက်တာ” ဟု မျက်မြင်တဦးက ပြောပြသည်။

ပစ်ခတ်မှုကြောင့် အောင်သူဟိန်း (၂၂နှစ်) သည် သေနတ်ဒဏ်ရာ ၆ ချက်နှင့် စိုးပိုင်ဇော် (၁၈နှစ်) သည် သေနတ်ဒဏ်ရာ ၄ ချက် အသီးသီးဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားသည်ဟု ဆိုသည်။

“သူတို့ တဒိုင်းဒိုင်းနဲ့ ပစ်ပြီးသွားတော့ အဲဒီ စစ်သားတွေက စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွား မယ်လို့ အော်သွား သေးတာဗျ။ မနက် ၂ နာရီ ကျော်ကျော် လောက်မှာမှ အလောင်းတွေကို ရင်ခွဲရုံ ပို့မယ်ဆိုပြီး ဆိုက်ကားနဲ့ လာယူသွားတယ်။ သွေးတွေကိုတော့ သဲတွေနဲ့ အုပ်သွားတယ်” ဟု မျက်မြင်ဒေသခံက ဆိုသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ပဲခူးမြို့ ဆေးရုံကြီး ရင်ခွဲတိုက်သို့ ပို့ဆောင်ထားပြီး လာရောက် ကြည့်ရှုသည့် မြို့ခံများ ရှင်းလင်းသွားမှ မိသားစုသို့ လွှဲပြောင်း သင်္ဂြိုဟ်ခွင့် ပေးမည်ဟု သိရကြောင်း၊ ရုပ်အလောင်းများကို မနက်ဖြန် စက်တင်ဘာ ၇ ရက်နေ့တွင် သင်္ဂြိုလ်ရန် စီစဉ်ထားကြောင်း မိသားစုဝင်များက ပြောသည်။

အခင်းဖြစ်ပွားသည့်ကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက သတင်းမေးလာသူများကို မပြောဆိုရန် တားမြစ်ခဲ့ပြီး အမှုကို ကျေအေး ပေးရန် ဗျူဟာမှူး ဦးဆောင်သည့် စစ်တပ် အရာရှိများက ငွေကျပ် ၁၀ သိန်း လျော်ကြေးပေး၍ လာရောက် ညှိနှိုင်းသော်လည်း လက်မခံခဲ့ကြောင်း မိသားစုဝင်များက ပြောပြသည်။

“ဒီငွေယူလို့လည်း ကျမမြေးက အသက် ပြန်ရှင်လာမှာမှ မဟုတ်တာ၊ မယူပါဘူး” ဟု အောင်သူဟိန်း၏ အဘွား ဖြစ်သူက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပဲခူးမြို့ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ခေါ်ဆို၍ မရခဲ့ပါ။

“ကျမ တူလေးက ဘာအပြစ်မှ လုပ်တာလည်း မဟုတ်ဘဲနဲ့ ဒီလို အလကားနေ ပစ်သတ် ခံလိုက်ရတာကို ဘယ်လိုလုပ် ကျေအေးလို့ ရမှာလဲ။ ဗျူဟာမှူးက ကျမတို့ဆီ လာတွေ့မယ်တော့ ပြောတာပဲ။ ကျမတို့ကတော့ တရား ဥပဒေအတိုင်း၊ အမှန်အတိုင်း ဖြစ်စေ ချင်တယ်။ ကျမတူလေးကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခွင့် ရချင်တယ်” ဟု သေဆုံးသူ အောင်သူဟိန်း၏ အဒေါ်ဖြစ်သူက ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ဘောနက်ကြီးရွာ အခြေစိုက် ခမ၇ (၁၀၁) နှင့် အင်းတကော် အခြေစိုက် ခလ၇ (၅၉) တို့မှ အရာရှိနှင့် တပ်သားများကို သက်ဆိုင်ရာက ထိန်းသိမ်း ထားသည်ဟုသာ မိသားစုများထံမှ သိရပြီး မည်သို့ ဆက်လက် အရေးယူ ဆောင်ရွက် မည်ကိုမူ မသိရှိရသေးပေ။

အောင်သူဟိန်း၏ အစ်မဖြစ်သူက “ရဲစခန်းက ဒီအမှုကို တပ်က တိုက်ရိုက် ကိုင်မယ်လို့ ပြောပါတယ်။ တပ်ကတော့ အပြစ်ရှိတဲ့ သူတွေကို ထိန်းသိမ်း အရေး ယူထားတယ်လို့ပဲ ပြောတယ်” ဟု ဆိုသည်။

ပဲခူးမြို့ခံများကမူ ယခုကဲ့သို့ နယ်မြေခံ တပ်သားများ၏ ပစ်ခတ်မှုကို ရမ်းကားမှုအဖြစ် မကျေမနပ် ဖြစ်နေကြပြီး အဆိုပါ အဖြစ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ် နေကြကြောင်းနှင့် သက်ဆိုင်ရာမှ မည်သို့ အရေးယူမည်ကို စိတ်ဝင်စား နေကြကြောင်း ပြောဆိုသည်။

လူ့အခွင့်အရေးနှင့် ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေသော ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်က “တပ်မတော်ဟာ ပြည်သူကို ကာကွယ်ပေးဖို့ အတွက် မဟုတ်တော့ဘူး။ လူရမ်းကား တပ်မတော် ဖြစ်နေပြီ။ အာဏာ ထိန်းချုပ်မှုနဲ့ နီးတဲ့ မြို့ပေါ်မှာတောင် အခုလို ရမ်းကား ပစ်သတ်နေရင် အဝေးကြီးက တောကြို အုံကြားက တိုင်းရင်းသားတွေကို ဆိုရင် ဒီထက်မက လုပ်ချင်ရာလုပ် ရမ်းကားမယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ မြန်မာ့အသံနှင့် စစ်အစိုးရအာဘော် ပိတောက်မြေ FM ရေဒီယို တို့က သေဆုံးခဲ့သော လူငယ်များက သေနတ် ဝင်လုသဖြင့် ပစ်ခတ်ခဲ့ရကြောင်း အဖြစ်မှန်ကို ဖုံးကွယ် ထုတ်လွှင့် သွားသဖြင့် ကာယကံရှင် မိသားစုဝင်များက မကျေမနပ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

ယခုလက်ရှိတွင် မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော် တို့၏ ရုပ်အလောင်းများ ထားရှိရာ ပဲခူး အထွေထွေ ရောဂါကု ဆေးရုံကြီး ရင်ခွဲရုံရှေ့တွင် ပဲခူးမြို့ခံ ၂၀၀၀ ကျော်ခန့်က အလောင်းများကို လူမသိ၊ သူမသိ သင်္ဂြိုလ်မည်ကို စိုးရိမ်သဖြင့် စောင့်ဆိုင်းလျက် ရှိကြောင်း ကြားသိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့