..............................

Tuesday, September 7, 2010

ကြံ့ဖွံ့ တစည ကို စတိုက်ပြီ

Monday, September 06, 2010

ရန်ကုန်တိုင်းအတွင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ တွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း ဦးဝင်းနောင်သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ကို မဲမပေးရန် ပုတ်ခတ် ပြောဆိုနေသည်ဟု သိရသည်။

“ဦးဝင်းနောင်က တစညပါတီ မကောင်းတဲ့အကြောင်း၊ ဒီပါတီမကောင်းခဲ့လို့ တိုင်းပြည် ရေတိမ် နစ်ခဲ့ရကြောင်း။ တစည ပါတီကို ပြည်သူတွေ မဲမပေးချင်အောင် ကြံ့ဖွံ့ ပါတီဝင်တွေ အနေနဲ့ စည်းရုံးသွားဖို့ လိုတယ်ဆိုတဲ့ အကြောင်း ပြောတယ်” ဟု ဗဟန်း မြို့နယ်မှ ကြံ့ဖွံ့ပါတီတာဝန်ရှိ သူတဦးက ပြောသည်။

ဦးဝင်းနောင်သည် တစည ပါတီအပေါ် ပုတ်ခတ်ဝေဖန်မှု များကို မြို့နယ်အမာခံ ကြံ့ဖွံ့ ပါတီဝင်များနှင့် တွေ့ဆုံပွဲ များတွင် ပြောဆို မှာကြားခြင်းဖြစ်ပြီး သူဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ တွင် မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် စုစုပေါင်း မြို့နယ် ၆ မြို့နယ်ပါဝင်သည်။

“ဦးဝင်နောင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းဆိုတော့ အခုမြို့နယ် ၆ မြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင် တွေနဲ့တွေ့ပြီး မဲဆွယ် လှုပ်ရှားမှုတွေ စ လုပ်နေတယ်” ဟု အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ အတွင်းရှိ မြို့နယ်တခု၏ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ တဦးက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီက မဲဆန္ဒနယ်အားလုံးတွင် ယှဉ်ပြိုင်ရန် ပြင်ဆင် ထားချိန်၌ တစည ပါတီကလည်း လွှတ်တော် အမတ်လောင်း ၉၈၀ ဦး အမည်စာရင်း တင်သွင်းလိုက်ရာ ပါတီ ၂ ခုမှာ အဓိက ပြိုင်ဘက်များ သဖွယ် ဖြစ်လာရသည်။

ကြံ့ဖွံ့ပါတီကို စိန်ခေါ်နိုင်သည့် ပါတီသည် တစည တခုသာရှိပြီး တစည ပါတီမှာ ယခင်က တန်ခိုးသြဇာ ကြီးထွားခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ပေါက်ဖွားလာသော ပါတီဖြစ်သည့် အပြင် ထိပ်တန်း ခေါင်းဆောင်များသည် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်သည့် အတွက် ယခု ရွေးကောက်ပွဲတွင် အကြိတ်အနယ် နိုင်ငံရေး အားစမ်းပွဲကြီး ဖြစ်လာမည်ဟု ပြည်တွင်း နိုင်ငံရေး သမားတဦးက ခန့်မှန်းသည်။

“အာဏာရှိနေတဲ့ သူတွေနဲ့ အာဏာရှိခဲ့ဖူးသူတွေ ပြိုင်ကြမယ့်ပွဲပဲ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့မယ့်ပွဲပဲ။ ကြံ့ဖွံ့ပါတီ
ကလိန် ကကျစ် ကျနေတာကိုလည်း တစည က သိနေတယ်။ ဒီပွဲမှာ တစညနဲ့ ကြံ့ဖွံ့ ရန်သူတွေလို ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် အာဏာ လက်ရှိနဲ့ အာဏာ လက်မဲ့မှာ အာဏာလက်ရှိက ပိုပြီးအားသာမှာပါ” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီအများစုတွင် မဲဆန္ဒနယ် ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ပါတီ ၂ ခုခန့်သာ ရှိပြီး ကြံ့ဖွံ့ပါတီနှင့် တစည ပါတီတို့သာ ထိပ်တိုက် ရင်ဆိုင်ကြရမည့် မဲဆန္ဒနယ် အများအပြား ရှိနေသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ ၄၇ ခု မှတ်ပုံတင်ရန် လျှောက်ထားပြီး ၄၂ ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။ မှတ်ပုံတင်ခွင့် မရသည့် ပါတီ ၅ ခု အနက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ် မြောက်ပိုင်း တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပါဝင်သည်။

ထို့ပြင် မှတ်ပုံတင်ခွင့်ရရှိသော နိုင်ငံရေးပါတီများတွင်လည်း မြန်မာ့ လူဘောင်သစ် ဒီမို ကရက်တစ်ပါတီ၊ မြန်မာ့ဒီမိုကရေစီ ကွန်ကရက်နှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့မှာ ရွေးကောက်ပွဲဝင်ရန် ငွေကြေး အခက်အခဲနှင့် အချိန် အခက်အခဲကြောင့် သတ်မှတ်ရက်အတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်သွင်း နိုင်ခဲ့ကြကြောင်း စုံစမ်း သိရှိရသည်။

နိုင်ငံရေးပါတီတခုသည် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် တရပ်ရပ် အနက် အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်တွင် လွှတ်တော် ကိုယ်စားလှယ် လောင်းများ ၀င်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိလျင် ပါတီ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က) တွင် တရားဝင် ပြဋ္ဌာန်းထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့