..............................

Saturday, September 11, 2010

UWSA ၀ါရင့်တပ်မှူးဟောင်းကြီးဦးဆောင်၍ တောင်ပိုင်း ၀ နယ်မြေသို့ တပ်ရင်း ၃ ရင်း အင်အားဖြည့်

Wednesday, 08 September 2010

မြောက်ပိုင်းရောက် ၀ါရင့် ၀ တပ်မှူးဟောင်းကြီးဦးဆောင်၍ ထိုင်းနယ်စပ် တောင်ပိုင်း ၀ တပ်ဖွဲ့နယ်မြေသို့ တပ်ရင်း ၃ ရင်းစာ ထပ်မံ အင်အားဖြည့်ကြောင်း စုံစမ်း သိရှိရပါသည်။

“အစပိုင်းက တပ်မဟာ ၃ ခု လို့ထင်တာ အမှန်တော့ တပ်ရင်း ၃ ရင်းဘဲ၊ ဝေ့ဆိုက်ထန် ဦးဆောင်တယ်။ အခြေအနေ မကောင်းလို့ အင်အား ထပ်ဖြည့်တဲ့ သဘော” - ဟု တာချီလိတ်ရောက် ဒေသခံ ကုန်သည်တဦးက ပြောပြ ပါသည်။

ဝေ့ဆိုက်ထန်သည် မိုင်းယွန်းအခြေစိုက် ယခင် တပ်မဟာ ၂၅၁၈ ၏တပ်မှူးဟောင်း တဦးဖြစ်သည်။ ငွေအတု လုပ်မှုဖြင့် မြောက်ပိုင်း ဌာနချုပ်၌ ၄-၅ နှစ် ချုပ်နှောင်ခံရကာ၂၀၀၈ က ပြန်လွတ်လာ၏။ ခွန်ဆာ့ MTA နှင့် တိုက်ပွဲ ဖြစ်စဉ် နာမည်ကြီး ရှေ့တန်း တိုက်စစ်မှူး တဦး ဖြစ်ခဲ့ဖူးသည်။ တိုက်ရေးခိုက်ရေး အပြင် တောင်ပိုင်း ၀ နယ်မြေပါ ကျွမ်းကျင်သောကြောင့် ၎င်းအား ပြန်လည် အသုံးပြုခြင်းဖြစ်ကြောင်း တောင်ပိုင်း ၀ ထိပ်ပိုင်း ခေါင်းဆောင်နှင့် ရင်းနှီးသည့် ဒေသခံအကြီး အကဲတဦးက ပြောပါသည်။

“ဝေ့ဆိုက်ထန်က တကယ့် မျိုးချစ်ပုဂ္ဂိုလ်ဗျာ့၊ သျှမ်းတပ်နဲ့ တိုက်ပွဲဖြစ်တာ သူသိပ်မလိုလားဘူး။ သူအဖမ်းခံရ တုန်းက ငွေတုမှု တခုထဲတော့ မဟုတ်ဘူး၊ သျှမ်းတပ်နဲ့ လျှို့ဝှက်ဆက်သွယ်မှု တရုတ်လူမျိုး မလိုလားမှု စတာတွေ လဲပါတယ်၊ နောက်ပြီးသူက ဘိန်းဘုရင် တဦးဖြစ်တဲ့ ဝေ့ရှော်ကန်းနဲ့လဲ ပြိုင်ဘက်ဆိုတော့ ထိုင်းက သူ့ကို ပိုသဘောကျတယ် လို့တောင် ကြားဖူးတယ်”- ဟု ၀ ထိပ်ပိုင်းနှင့် ရင်းနှီးသည့် တာချီလိတ်ရောက် ကုန်သည် နောက်တဦး ကပြော၏။

စက်တင်္ဘာ ၁ ရက်နေ့ နောက်ဆုံးထား လက်နက်ချရေးဆိုသည့် နအဖ စစ်အုပ်စု၏ ရာဇဒဏ်အား ၀ တပ်ဖွဲ့ လက်ခံခြင်း မရှိသည့် အပြင် ယခုကဲ့သို့ အင်အားဖြည့် လှုပ်ရှားလာခြင်းဖြစ်သည်။

နအဖ စစ်အုပ်စုကမူ တောင်ပိုင်း ၀ နယ်မြေဘက်သို့ ထူးထူးခြားခြား အင်အားဖြည့်ခြင်း မရှိသော်ငြားလည်း ၀ တပ်ဖွဲ့အား အချိန်မရွေး စစ်ရေးအရ အရေး ယူလာခဲ့လျှင် စစ်ဘေးစစ်ဒဏ်မှ ရှောင်တိမ်းနိုင်ရန် အထုပ်အပိုးနှင့် တကွ ၂၄ နာရီ အဆင်သင့် ပြင်ထားရန် ၀န်ထမ်းများအား ယခုလ ၅ ရက်နေ့က လျှို့ဝှက်စာ ပေးပို့ ထားခဲ့သည်။

ထို့အပြင် ၎င်းင်းတို့၏ ပေါ်လစီကို ငြင်းဆန်ထားသည့် ၀ တပ်ဖွဲ့အပေါ် တုန့်ပြန် ဒဏ်ခတ်သည့် အနေဖြင့် မြောက်ပိုင်း ၀ နယ်မြေရှိ ၀န်ထမ်းများ၊ နအဖ စစ်သားများအား ယခုလ ၃ ရက်နေ့က အားလုံး ရုပ်သိမ်းပြီးဖြစ်သည်။

ဒေသခံ စီးပွားရေးသမားများနှင့် ခရီးသွားများ၊ ကားသမားများကမူ ၀ မြေမှ စစ်အုပ်စုဝန်ထမ်းများ ထွက်ခွါ သွားပြီးနောက် ဂိတ်ပတ်စ် တောင်းရန် မလိုသကဲ့သို့ လမ်းခရီး နှောင့်နှေး ကြန့်ကြာမှု မရှိသည့်အပြင် ဂိတ်ပတ်စ်ဖိုး ယွမ်ငွေ ၂၀ (ဗမာငွေ ကျပ် ၃၀၀၀ ကျော်) လည်း သက်သာ သွားသည်ဟု ကားဆရာတဦးက ၀မ်းသာအားရ ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့