..............................

Wednesday, September 8, 2010

အပစ်ရပ်များအရေး အန်အယ်ဒီ ခရီးဆက်မည်

ဖနိဒါ
အင်္ဂါနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ)။ ။ စည်းရုံးရေး ခရီးစဉ်များအပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေများ အရေး ရှင်းလင်းမည့် ခရီးစဉ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမည့် ရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်သည်။

ပထမအဆင့်အဖြစ် လူထုစည်းရုံးရေး ခရီးစဉ်များကို နိုင်ငံတဝှန်း သွားရောက်ခဲ့ပြီးနောက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ မှာကြားချက်အရ ဒုတိယအဆင့်အဖြစ် ယခုခရီးစဉ်ကို သတ်မှတ်ကာ ခရီးစဉ်သစ်များ စတင်ရန် NLD က စီစဉ်လိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ အနာဂတ် လူငယ် မျိုးဆက်သစ် တွေနဲ့ ပတ်သက်လို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ အဲဒါတွေ ပြည်သူသိအောင် အကျေအလည် ချပြမယ့် အစီအစဉ်ပါ။ ဒီသတင်း စကားတွေ ပေးမှာ။ ပထမ အသုတ်က စည်းရုံးရေး ဆန်တာပေါ့။ အင်အားကို ချိန်ဆကြည့်တာ။ ဒုတိယ ခရီးစဉ်က နိုင်ငံရေး လုပ်ငန်း သက်သက် ဖြစ်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ရေးဟာ ကျနော်တို့ လက်ခံထားတဲ့ မူဖြစ်တယ်။ ဘယ်လို အကောင် အထည် ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားထားတာကို ရှင်းပြမှာပါ။ ပြောင်းလဲ လာတဲ့ နိုင်ငံရေး အခြေအနေအပေါ် သူတို့ရဲ့ ရပ်တည်ချက်တွေ ပြောမှာပေါ့။ အမြင်ချင်း တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တဦးနဲ့ တဦး နားလည်လာမယ်’’ ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမထည့်မီ ၂ဝဝ၈ အခြေခံ ဥပဒေကို နားလည်စေရန် ရှင်းပြခြင်း၊ မိမိ ရပိုင်ခွင့်များအရ ဥပဒေနှင့်အညီ မဲပေးရေးနှင့် မဲမပေး၍လည်း ရနိုင်ကြောင်း စသည့် ပြည်သူလူထုထံ မှာကြားချက်ကို NLD က ခရီးစဉ်များတွင် ရှင်းပြ သွားမည်ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မပြေလည်မှုများကို နိုင်ငံရေး နည်းလမ်းအရ ညှိနှိုင်း အဖြေရှာလျှင် ရေရှည် အကျိုးရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က တွေ့ဆုံခွင့် ရရှိစဉ် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းကို ပြောဆိုခဲ့သည်။

ယခု ခရီးစဉ် အစပြုရေးအတွက် NLD ဗဟိုအလုပ်အမှုဆောင်ဝင်များ၊ ဗဟိုဦးစီး အဖွဲ့ဝင်များ၊ အမျိုးသမီး အဖွဲ့များ၊ လူငယ်များ အပါအဝင် ၁၅ ဦးခန့်က ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယမန်နေ့က အစည်းအဝေး ကျင်းပကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်နှင့် ခံယူချက်သည် ကောင်းမွန်သည့် သဘောထားများ ဖြစ်သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောသလား၊ မပြောဘူးလားဆိုတာတော့ ကျနော်တို့အနေနဲ့ မသိဘူး။ ဒါပေမဲ့ ရှေ့နေကနေ ပြောလာတယ် ဆိုတော့ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်က အဲဒီအပြော၊ အဲဒီအမြင် ခံယူချက်ကတော့ ကျနော်တို့ အားလုံးအတွက် ကောင်းမွန်တဲ့ အယူအဆ၊ သဘောထားတရပ် ဖြစ်ပါတယ်’’ ဟု သူက ပြောသည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက ဧရာဝတီတိုင်းအတွင်း ၄ ရက်ကြာ ခရီးစဉ်တွင် ပါတီဝင်များက ရွေးကောက်ပွဲကို NLD က သပိတ် မှောက်ခြင်းကို တညီ တညွတ်တည်း ထောက်ခံမှုရယူကာ ပထမ ခရီးစဉ်ကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

ပထမအဆင့် ခရီးစဉ်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်၊ မကွေး၊ ရှမ်း အစရှိသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ် ၂ဝဝ ကျော်သို့ သွားရောက် စည်းရုံးခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၅ဝ အတွင်း ပထမ ခရီးစဉ်ကို သွားရောက်ခဲ့သည်။

“ပထမခရီးစဉ်က NLD ဆိုတာ ထုနဲ့ထည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအောက်မှာ အခိုင်အမာ၊ ညီညီညွတ်ညွတ်နဲ့ ရှိနေသေးတယ် ဆိုတာကို အသံညှိတဲ့ သဘောပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD က ပါတီဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကို ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ဦးတိုက် လျှောက်ထား ခဲ့သည့် အမှု ၂ မှု လျှောက်လဲချက်များ ပြင်ဆင်ကာ တရားရုံးချုပ်သို့ မကြာမီ တင်ပြသွားမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်း အဆိုအရ သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့