..............................

Wednesday, September 8, 2010

ရှမ်း အပစ်ရပ်အဖွဲ့ ထိန်းချုပ်ဒေသ စစ်တပ်အင်အား တိုးချဲ့

သန်းထိုက်ဦး
Tuesday, September 07, 2010

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ် ထားသော တပ်မဟာ ၁ ဒေသတွင် မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း စစ်တပ်အင်အား တိုးချဲ့ထားကြောင်း ရှမ်းပြည်နယ် အတွင်း စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့် နေသူများက ပြောသည်။

ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ မှ တပ်ရင်း တချို့တို့ကို SSA-N ထိန်းချုပ် ထားသော တပ်မဟာ ၁ ဒေသအနီး တ၀ိုက်တွင် တိုးချဲ့ ချထားခြင်း ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် (SSA) တောင်ပိုင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ် တဦး ဖြစ်သည့် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

SSA-N တပ်မဟာ ၁ အနေဖြင့် စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို သဘော မတူသည့် အတွက်ကြောင့် စစ်ရေး အရ ဖိအားပေးတဲ့ ပုံစံမျိုး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်း SSA-N တပ်မဟာ ၁ ကို ဗိုလ်မှူးကြီး ပန်ဖက ဦးဆောင်လျက်ရှိပြီး ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေ တ၀ိုက် တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် တပ်အင်အား ဖြည့်ဆည်း ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသော အပစ်ရပ် SSA-N မှ တပ်မဟာ ၃ နှင့် ၇ တို့ကိုလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လွန်ခဲ့သော သြဂုတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ကာ လက်နက်ချ ခိုင်းကြောင်း သိရှိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေခြင်း ဖြစ်သည်။

ယခုအခါ စစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ဒေသခံတချို့ ထွက်ခွာနေမှုများရှိကြောင်း အမည်မဖော်လိုသူ ဒေသခံ တဦးက ပြောသည်။

“စစ်ကားတွေလာတယ် အစီးရေလည်းများတယ်၊ တချို့ကားတွေဆိုရင် လက် နက်တွေလား မသိဘူး။ တစီးလုံး မိုးကာတွေနဲ့ အုပ် ထားတယ်၊ တပ်မဟာ ၁ နယ်တဝိုက်မှာ နေတဲ့သူ တချို့တော့ စစ်ဖြစ်မှာစိုးလို့ တခြား နည်းနည်းဝေးတဲ့ ရွာတွေဆီကို ပြောင်းသွား ကြတယ်” ဟု ၎င်းက ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်ကမူ“၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား ထိန်းချုပ် ဒေသရှိ တရုတ် နယ်စပ် တလျှောက်တွင် တရုတ် အာဏာပိုင်များက ဒေသခံများ၏ ၀င်ထွက်သွားလာမှုများကို ယခင်ကထက် စစ်ဆေးမှုများ ပိုမို ပြုလုပ်လာကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့ စတင်သော မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဖိအားပေးရေး အစီအစဉ်လည်း ပါဝင်နိုင်ကြောင်း စစ်ရေး လေ့လာသူများက ပြောဆို နေကြသည်။

မိုင်းလားနှင့် UWSA ဒေသမြို့များသို့ ပို့ထားသည့် အစိုးရ၀န်ထမ်းများကိုလည်း နအဖ စစ်အာဏာပိုင် များက ပြီးခဲ့သော တပတ်က နေရပ်သို့ ပြန်ခိုင်းနေကြောင်း သိရသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန် ခဲ့ကြ သကဲ့သို့ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ဖော်ပြချက်များ အရ သိရ သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့