..............................

Saturday, September 4, 2010

ဝ နှင့် မိုင်းလားနယ်မြေက နအဖတပ် နှင့် ၀န်ထမ်း အားလုံးကို ရုပ်သိမ်းလိုက်ပြီ

Friday, 03 September 2010

တရုတ်နယ်စပ်ရှိ အပစ်ရပ် ၀ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့တို့ထိန်းချုပ်နယ်မြေ အတွင်း တာဝန် ထမ်းဆောင်နေသည့် နအဖ စစ်တပ်နှင့် ၀န်ထမ်း အားလုံးကို နအဖ စစ်အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဝ ထိန်းချုပ်ဒေသ ပန်ဆန်း ၀ိန်းကောင်နှင့် မိုင်းမောမြို့များတွင် တပ်စွဲထားသည့် ခမရ ၃၂၆ နှင့် ခလရ ၁၂၇ တပ်ရင်းများ မှ တပ်များ အပါအ၀င် ၀ဒေသမှ ၀န်ထမ်း ၄၃ ဦးနှင့် မိုင်းလားအဖွဲ့ ထိန်းချုပ်ဒေသမှ ၀န်ထမ်း၂၀၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခန့်က ဒေသ အတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။

နအဖ စစ်အစိုးရက ရွေးကောက်ပွဲ အကြောင်းပြချက်ဖြင့် ၎င်းတို့၏နောက်ဆုံး ကျန်နေသည့် စစ်တပ်နှင့် ၀န်ထမ်းများကို ယမန်နေ့က ပြန်လည် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အပစ်ရပ် ၄ ဖွဲ့ ပူးပေါင်းထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ် ပေါင်းစု (PDF) မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွေးကောက်ပွဲနီးလာလို့ ပြန်ထွက်ခွာဖို့ မနေ့က သူတို့ဝန်ထမ်းအားလုံးကို ညွန်ကြားစာပို့တယ် ဒီနေ့မနက် အားလုံး ထွက်သွားပြီ ကျန်နေတဲ့ အဆောက်အဦတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားပါ နောက်ကို ပြန်လာမယ် ဆိုပြီးပြော သွားတယ် ” ဟု သူက ပြောသည်။

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်မည့် တရုတ်ပြည် ခရီးစဉ် မတိုင်မီ ရက်ပိုင်း အလိုတွင် ၀န်ထမ်းများ ရုပ်သိမ်းလိုက်သဖြင့် နယ်ခြားစောင့် ငြင်းဆန်နေသော တရုတ်နယ်စပ် အခြေဆိုက် အပစ် ရပ်များနှင့် ပတ်သက်သည့် နအဖ၏ သဘောထားကို ပြောကြားဖွယ်ရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့ရေးကိစ္စ ငြင်းဆန်နေသည့် ၀ နှင့် မိုင်းလားအဖွဲ့များ အပေါ် အမျက်ဒေါသ ထွက်နေပြီး အကြိမ်ကြိမ် အရှက်တကွဲ ဖြစ်နေသော နအဖသည် ယခုလိုဝန်ထမ်းများကို ရုပ်သိမ်းခြင်းမှာ ခြိမ်းခြောက်မှုထက် အမှန်တကယ် စစ်ဆင် လာဖွယ်ရှိကြောင်း သူက ဆက်ပြောသည်။

“ရွေးကောက်ပွဲမတိုင်ခင် နအဖက စစ်မတိုက်နိုင်ဘူးလို့ အရင် ယူဆချက်အတိုင်း ယူဆနေလို့ မရတော့ဘူး အခုက အပစ် ရပ် အဖွဲ့တွေရဲ့ နောက်ဆုံး သဘောထားကိုလည်း နအဖက သိပြီ နအဖ အနေနဲ့လည်း ထာဝရ ငြိမ်းချမ်းဖို့ဆိုတာ နယ်ခြားစောင့် တပ်ဖွဲ့ဖို့နဲ့ လက်နက်ချဖို့ပဲ ရှိတယ်ဆိုတော့ တိုင်းရင်းသားတွေကို နိုင်ငံရေးအရ မဆွေးနွေးဘူးလို့ ပြောလိုက်တာပဲ ” ဟု ဆိုသည်။

ဝ နှင့်မိုင်းလားနယ်မြေအတွင်းမှ နအဖ တပ်နှင့်ဝန်ထမ်းများအားလုံး ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် အဆိုပါ အဖွဲ့များနှင့် နအဖတို့ကြား စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့