..............................

Tuesday, September 7, 2010

ကေအိုင်အို ခရီးသွားလာမှု ထိန်းချုပ်ခံရ

တနင်္လာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုကို မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က ယခုလ ၅ ရက်နေ့မှစ၍ ခရီးသွားလာမှုကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ကေအိုင်အို ဗဟိုကော်မတီဝင်များ၊ ဝန်ထမ်းများ၊ တိုက်နယ်မှူးအထက် အရာရှိများအနေဖြင့် ခရီးသွားရာတွင် နယ်မြေခံ စစ်ဘက် ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) သို့ သတင်းပို့ပြီး၊ မပခ စစ်ဌာနချုပ်က ခွင့်ပြုမိန့် ပေးမှသာ သွားရမည်ဟု မပခ ဌာနချုပ်ရှိ စရဖ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီး စည်သူက ကေအိုင်အို ဆက်ဆံရေးအရာရှိ ဗိုလ်မှူးဒီးရမ်ကို ယခုလ ၅ ရက်နေ့တွင် ပြောဆိုခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက ယခုလ ၁ ရက်နေ့ နောက်ဆုံးထားကာ ရာဇသံ ပေးခဲ့သော်လည်း ကေအိုင်အို က ငြင်းဆန်ဆဲ ဖြစ်သည်။

ထိုသို့ သွားလာရာတွင် လက်နက်ကိုင်ဆောင်ခွင့်နှင့် စစ်ယူနီဖောင်း ဝတ်ဆင်ခွင့်ပါ ခွင့်မပြုကြောင်း ပြောဆိုခဲ့ရာ၊ ဗိုလ်မှူးဒီးရမ်က ၎င်း၏ ဗဟိုကော်မတီနှင့် ဗဟိုစစ်ရုံးချုပ်သို့ ဆက်လက်၍ တင်ပြ ထားပြီးဖြစ်ကြောင်း အမည်မဖော်လိုသူ ကေအိုင်အို ဗဟိုစစ်ရုံးချုပ်မှ အရာရှိငယ် တဦးက မဇ္ဈိမကို ပြောသည်။

ကေအိုင်အိုနှင့် ၎င်း၏ စစ်တပ်ဖွဲ့ အေအိုင်အေ ဝန်ထမ်းများသည် မြစ်ကြီးနား အပါအဝင် မြို့ရွာများတွင် မိသားစု နေအိမ်များနှင့် နေထိုင်သည်သာမက လိုင်ဇာမြို့ရှိ ဗဟိုဌာနချုပ်သို့ သွားလာရာတွင်လည်း မြို့ရွာများကို ဖြတ်သန်း သွားလာကြရသည်။

ထို့ပြင် ဗိုလ်ကြီးစည်သူက ကေအိုင်အို ဗဟိုကိုယ်စားလှယ်ရုံးတွင် လုံခြုံရေး တာဝန်ယူထားသော တပ်ဖွဲ့ဝင်များကို စစ်ယူနီဖောင်း ဝတ်ဆင်ခွင့် မပြုတော့ကြောင်းနှင့် ဤသည်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားချက် မဟုတ်ဘဲ မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင် ညွှန်ကြားခြင်းဖြစ်ကြောင်း ဗိုလ်မှူးဒီးရမ်ကို ယခုလ ၄ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။

ထို့ကြောင့် ကေအိုင်အိုက ၎င်းတို့ ဗဟိုကိုယ်စားလှယ်ရုံးတွင် လုံခြုံရေးယူနေသော တပ်ဖွဲ့ဝင်များ အနေဖြင့် ယခုလ ၅ ရက်နေ့မှစ၍ စစ်ယူနီဖောင်း မဝတ်ဘဲ အရပ်ဝတ်ဖြင့်သာ တာဝန်ယူရန် ညွှန်ကြားခဲ့ပြီး ဖြစ်သည်။

၁၉၉၄ ခုနှစ် အပစ်ရပ်ပြီးချိန်မှစ၍ ကေအိုင်အိုသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာ ဒေသများတွင် မြစ်ကြီးနားမြို့ ဗဟို ကိုယ်စားလှယ်ရုံး အပါအဝင် ဆက်ဆံရေးရုံး ၂၃ ရုံးကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အချို့ရုံးများတွင် စစ်ယူနီဖောင်း ဝတ်ဆင်ကာ လုံခြုံရေး ချထားရန်ပါ စစ်အစိုးရနှင့် သဘော တူညီခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ရုံးစိုက်ထားသော ကေအိုင်အို ဗဟိုကိုယ်စားလှယ်ရုံးရှိ လုံခြုံရေး တပ်ဖွဲ့များကို စစ်ယူနီဖောင်း ဝတ်ဆင်ကာ ထားရှိခဲ့သည်မှာ ဆယ်စုနှစ် တခုပင် ကျော်လွန်ခဲ့ပြီဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့