..............................

Friday, September 10, 2010

ရန်တကာအောင်တို့ အဖေ

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း)

စက်တင်ဘာ ၉၊ ၂၀၁၀ မိုးမခ

အခန်း (၁)
ဘဝ တလျှောက်လုံး ယုံကြည်ချက်အတွက် အလုပ်လုပ်ခဲ့သူ များစွာရှိမှာပါ။ ကိုယ့်ယုံကြည်ချက်ကို အသက်ထက် တန်ဖိုး ထားသူတွေထဲက တွေ့ခဲ့ဖူးသူ တယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူဟာ ကျောင်းသားဘဝ ငယ်ရွယ်စဉ် ကတည်းက ယုံကြည်ချက် အတွက် တိုက်ပွဲတွေဝင်ရင်း အာဏာရှင်တို့ရဲ့ ငရဲခန်းမျိုးစုံကို ကျော်ဖြတ်ခဲ့ရသူပါ။ သူ့ကိုစတွေ့စဉ်က ၁၉၉၄ ဇွန်လမှာ ဖြစ်တယ်။ ဦးဇင်းတို့ကို ဇွန်လ ၁၁ ရက်နေ့မှာ အင်းစိန်ထောင်ကနေ သာယာဝတီထောင် ပြောင်းရွှေ့ခံရတော့ ဦးဇင်းတို့က သီးသန့် အနောက်တိုက် သူက သီးသန့် အရှေ့တိုက်မှာပါ။ ထုံးစံအတိုင်း ထောင်ထဲ အနေကြာလာတော့ တယောက်အကြောင်း တယောက် သိလာကြတယ်။

တယောက်ရဲ့ဖြတ်သန်းမှုဟာ နောက်တယောက်အတွက် နည်းယူစရာတွေဖြစ်တယ်။ ဦးဇင်းတို့ထဲမှာ ဖြတ်သန်းမှု အများဆုံး ရှိခဲ့တဲ့ သူ့ထံက သင်ယူစရာတွေ မေးမြန်းစရာတွေ လေ့လာစရာတွေ အမြောက်အများ ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။ အခု သူနဲ့ ကြုံဆုံ ခဲ့ရစဉ်ထဲက မှတ်ဉာဏ်ထဲ ပေါ်လာသမျှကို ကြိုးစားပြီး ရုပ်ပုံလွှာတခု အဖြစ် ချယ်မှုန်းဖို့ ကြိုးစား ကြည့်တာပါ။ ကြီးမားသော သူ့ရဲ့ ဖြတ်သန်းမှု အတွေ့ အကြုံတွေထက် စာရင် ယခု ရေးပြမှာက လိုအပ်ချက်တွေများစွာ ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြုံတွေ့ခဲ့ရတဲ့ သက်ရှိ သမိုင်းစာအုပ်ထဲက မှတ်မိသမျှ စာမျက်နှာအချို့ကို ပြန်လည် မျှဝေကြည့်တာပါ။ သူနဲ့ ဦးဇင်း ဘာသာတရားက စည်းတား ထားပေမယ့် ယုံကြည်ချက်က ဦးဇင်းတို့ နှစ်ယောက်ကို ပေါင်းစည်းစေတယ်။ မျှော်မှန်းချက်က လက်တွဲစေတယ်။ တူညီတဲ့ ဆုံးဖြတ်ချက်က ခြားနားမှုတွေကို ကျဉ်းမြောင်းစေတယ်။

အခန်း(၂)

သူ့ကို ဦးဇင်းတို့အားလုံးက ဦးသုလို့ ခေါ်တယ်။ စရောက်ခါစ ဦးဇင်းတို့အတွက် သာယာဝတီ ထောင်ဟာ အားလုံး အသစ် အဆန်း တွေချည်းပဲ။ အရင်ရောက်နှင့် သူတွေကလည်း ကိုယ်နှင့် ကြုံဆုံဖူးသူ တဦးတယောက် မျှမပါဘဲကို။ တချို့တော့ နာမည် ကြားဖူးတယ်။ ဒါပေမယ့် နိုင်ငံရေး သမားတွေဆိုတာက အဆောင်က ရာဇဝတ်သား (criminal) တွေလို ချွတ်ခွာတို့ ရိုက်စားတို့ ဆိုတာ သိက္ခာအရ ရှောင်ကျဉ် ထားပြီးသား ရောက်လာတဲ့ လူသစ်ကို ဘယ်လို ကူညီရမလဲဆိုတဲ့ စိတ်ဓာတ် အပြည့်အဝရှိပြီး သူတွေချည်းပဲလေ။ ဒီအထဲမှာ ထူးထူးခြားခြား သတိထား မိတာက မနက်မိုးလင်းတိုင်း ရှေ့တိုက်က လမ်းလျှောက်ရင်း အသစ်ပြောင်းလာတဲ့ ဦးဇင်းတို့ကို ကိုယ်အမူအရာ အားဖြင့် အားပေးစကား ပြောကြား သူတွေထဲက လက်မထောင် အားပေး စကားပြောကြားသူ ဦးသုကို ထူးထူးခြားခြား မှတ်မိနေတယ်။ အသက်အရွယ်အရ အရင့်ဆုံးသူရဲ့ အတက်ကြွဆုံးသော အားပေးမှု ကိုယ်အမူ အရာက ဦးဇင်းတို့ အားလုံးကို အားတက် စေတယ်။ စရောက်ခါစက လူသစ်နဲ့ လူဟောင်း အကန့်အသတ် ကြီးကြီးမားမားနဲ့ ကန့်သတ် စည်းတား ထားပေမယ့် ရက်တွေ ကြာလာတော့ တယောက်နဲ့တယောက် စကားပြောလို့ ရလာတယ်။ အဲဒီတော့မှ သူ့ရဲ့သမိုင်းကြောင်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို တအံ့တသြ ငေးမောခဲ့ရတယ်။ သူဟာ ကျောင်းသား ဘဝထဲက ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး လူငယ် ဘဝထဲက ထောင်ကို ရောက်ခဲ့တယ်။ ထောင်ကို ရောက်ပြီးတော့လည်း မကြာခင် ကျွန်းကို အပို့ခံရတဲ့အထဲ ပါသွားခဲ့တယ်။ ကျွန်း အပို့ခံရတဲ့ မနက် မြင်ကွင်းကို ဦးသု က ဒီလို ပြောပြဖူးတယ်။

“အဲဒီမနက်က ကျွန်တော်တို့ကို မှန်လုံကားကြီးနဲ့ ခေါ်သွားတယ်။ မှန်တွေကို ထုံးသုတ်ထားတယ်။ ဘာမှ မတွေ့ရဘူး၊ နောက် သင်္ဘော ဝမ်းဗိုက်ထဲမှာ ထည့်ခေါ်သွားတာ”

သူတို့ကို လူမသိသူမသိ ခေါ်ဆောင်ပြီး လူသူနဲ့ ဝေးရာ ရေလယ်ခေါင်ကို ပို့တော့မှာပါ။ ကျွန်းပေါ်မှာ သူတို့ ရုန်းကန် ခဲ့ရပုံတွေ၊ တိုက်ပွဲမျိုးစုံ တိုက်ခဲ့ ရတာတွေကို သူက ပြောပြတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြားက ထွက်လာရသူ ပီပီ ရန်သူအပေါ် မြင်တဲ့ အမြင်ကတော့ ပြတ်သားတယ်လို့ ဆိုရမယ်။ ကျွန်းတိုက်ပွဲမှာ ကြုံခဲ့ရတာတွေကို သူက မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းတယ်။ အထူးသဖြင့် သူနဲ့ တွေ့ဆုံချိန်မှာ ကျွန်းတိုက်ပွဲရဲ့ ၂၅ နှစ်ပြည့် ငွေရတုနှစ် ဖြစ်နေတယ်။ ဒီငွေရတုကို ရှေ့တိုက် နောက်တိုက် နှစ်တိုက်ထဲမှာ တဦးတည်းသော ကျွန်းပြန်ကြီး ဦးဇင်းတို့ ခေါ်တဲ့ ဦးသု (နာမည်ရင်း ဦးအောင်မေသုဟာ) အတက်ကြွဆုံး စိတ်နဲ့ ကျင်းပတယ်။ သုံးရက်လုံးလုံး ကျွန်းတိုက်ပွဲနဲ့ ကျွန်းပေါ်မှာ နေထိုင်မှု အမျိုးမျိုးကို အားပါးတရ လက်ဆင့်ကမ်းတယ်။

ကျွန်းတိုက်ပွဲမှာ ပြောင်မြောက်တဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားတဲ့ သတ္တိကတော့ မျိုးဆက်သစ်တွေ၊ သိကို သိထားသင့်တဲ့ သမိုင်း ကိစ္စတွေဖြစ်တယ်။ ကိုယ့်ဘက်က တက်ညီ လက်ညီသာ တိုက်ပွဲဝင်၊ ရန်သူဟာ ကိုယ့်ကို လေးစား လာရမယ်ဆိုတာ ကျွန်းတိုက်ပွဲက အများကြီး သက်သေပြနေတယ်။ ကျွန်းတိုက်ပွဲမှာ ရဲဘော်တယောက် ကျဆုံးပြီ ဆိုတာနဲ့ ကျွန်းပေါ် ကျန်ရစ်သူ အားလုံးက တညီတညွတ်တည်း အင်တာနေရှင် နယ်သီချင်းနဲ့ ဂုဏ်ပြု ဦးညွတ်တာဟာ ကြားရသူတွေကို အတွေးထဲ အသားထဲအထိ စူးဝင်သွားအောင် သူ့ရဲ့ သတင်းစကားတွေက အစွမ်းထက်တယ်။ ကျွန်းပေါ်မှာ ရှင်သန်ရေး အတွက် ကြိုးစား ရပ်တည်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ ကြိုးပမ်း အားထုတ်မှုဟာလည်း လေးစားစရာတွေ ချည်းပဲ။ ကျွန်းနဲ့ မလှမ်းမကမ်းမှာ တွေ့ရတဲ့ သင်္ဘောပျက်ကြီး ဆီက ရရှိတဲ့ ပစ္စည်းတွေနဲ့ ကျွန်းပေါ်နေ ရဲဘော်များရဲ့ အသုံးအဆောင် မျိုးစုံကို ဖန်တီး ကြတာဟာလည်း သူပြောပြတဲ့ ကျွန်းဇာတ်လမ်းထဲက အဖြစ်အပျက် တွေထဲမှာ ပါတယ်။ ကျွန်းဖျက်သိမ်းရေး တိုက်ပွဲရဲ့ နောက်ဆုံးနေ့ အတွင်း အစာငတ်ခံ ဆန္ဒပြကြတဲ့ ရဲဘော်တွေရဲ့ ပြတ်သားတဲ့ မြင်ကွင်း ရန်သူ တုန်လှုပ် ခဲ့ရတဲ့ အဖြစ်တွေကတော့ ဦးသုတို့ ကျွန်းတိုက်ပွဲ အောင်မြင်တယ် ဆိုတာကို သက်သေ ပြနေတာပါပဲ။ ရန်သူရဲ့ ဝန်ကြီးကိုယ်တိုင် လာရောက်ပြီး စကားပြောရတဲ့ အဖြစ်ကို ရောက်အောင် ကျွန်းတိုက်ပွဲဟာ ပြောင်မြောက် ခဲ့တယ်။ ရန်သူဝန်ကြီးဟာ သူရောက်နေစဉ် ကျဆုံးသွားတဲ့ ရဲဘော်ကို ဦးညွတ် သွားခဲ့ရတယ်။ ဒါတွေဟာ ဘာလဲ ဆိုရင် နှောင်းလူတွေကို သင်ခန်းစာ ပေးလိုက်တာပါပဲ။ မျိုးဆက်သစ်တွေ အနေနဲ့ ယူတတ်မယ်ဆိုရင် ကိုယ့်ဘက်ကသာ သိက္ခာရှိရှိ ရပ်တည်ချက် မှန်မှန်နဲ့ ရန်သူကို ရင်ဆိုင်လိုက်ပါ။ ရန်သူဟာ ကိုယ့်ကို တလေးတစားနဲ့ ဆက်ဆံ လာရတယ်ဆိုတာ ကျွန်းတိုက်ပွဲ အတွေ့အကြုံ တွေက ပြသနေပါတယ်။ ဒီကျွန်းတိုက်ပွဲ အကြောင်းတွေကို ဦးသုဟာ မနားတမ်း မမောမပမ်း သုံးရက်ဆက်တိုက် လူငယ်တွေကို ပြောပြတယ်။ ဦးဇင်းတို့ကလည်း ငွေရတု ကျင်းပမယ့်ရက်မှာ ကိုယ့်ရှိတဲ့ မုန့်၊ ကော်ဖီ စတာတွေကို ထည့်ဝင်ပြီး ဦးသုရဲ့ ပွဲကို ဝိုင်းပံ့ပိုးကြတယ်။

အခန်း(၃)

ဦးသု ထောင်ထဲမှာနေတုန်း ထူးထူးခြားခြားကြုံတွေ့လိုက်ရတာ တခုက အစာအိမ် ရောဂါကြောင့် ဗိုက်ခွဲ လိုက်ရပါတယ်။ ဒီရောဂါဟာ အချိန်မရွေး သူ့ကို ပြန်လည် စိမ်ခေါ် လာနိုင်တာမို့ သူ သတိအမြဲတမ်း ထားနေတယ်။ အစာထဲမှာ စပါးလုံး မပါဖို့ကို အချိန်ပေးပြီး စပါးလုံးရွေးတဲ့ အလုပ်ကို သူလုပ်တယ်။ သူတို့ စားဝိုင်းမှာ လူများစွာ ရှိသော်လည်း သူသတ်မှတ်ထားတဲ့ အချိန်မှာ သူထမင်းကို စားတယ်။ ကျန်တဲ့ ရဲဘော်တွေကလည်း နားလည်စွာနဲ့ သူ့ကို ခွင့်လွှတ်ကြတယ်။ ဒါက ရောဂါနဲ့ပတ်သတ်လို့ သူထောင်ထဲမှာ နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲ တခုပါ။ အပြင်နိုင်ငံရေးနဲ့ ပတ်သတ်လို့ သူ့အိမ်မှာ တင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်ကို ဖြုတ်မချဖို့ အပြင်မှ လူများကို ပြင်းပြင်းထန်ထန် သတိပေးတဲ့ ကိစ္စက သူ အမြဲတမ်း လုပ်နေတဲ့ အလုပ်တွေထဲက အလုပ်တခုပဲ။ သူက ပြောဖူးတယ်။

“ကျွန်တော် တသက်မှာ ဘယ်ပါတီမှာမှ မဝင်ဖူးဘူး၊ အန်အယ်လ်ဒီတခုပဲ ဝင်ဖူးတယ်။ ဒါကြောင့် ဒီပါတီအပေါ် ကျွန်တော် သစ္စာရှိရမယ်”

မင်းလှမြို့ရှိ သူ့အိမ်က ဆိုင်းဘုတ်ကိုဖြုတ်တော့မယ်လို့ သတင်းစကား ကြားတိုင်း ဒေါသတကြီးနဲ့ သူက တုံ့ပြန်စမြဲ။ တခါကတော့ သူ့ရဲ့ သားငယ်ကို ပြဿနာရှာပြီး မှောင်ရိပ်ခိုလို မှုမျိုးနဲ့ ရဲကဖမ်းတယ်။ တကယ်က ဦးအောင်မေသုသား ဖြစ်နေခြင်းက ရဲဖမ်းခြင်းရဲ့ အဓိက အကြောင်း ဖြစ်တယ်။ သူ့သားနာမည်ကို သူတို့ ဘာသာရေး အရ နာမည် မှည့်ထားမယ်လို့ ထင်ခဲ့တာ။ သူ့ဆီက သူ့သားနာမည် ကြားရတော့ အထင်လုံးဝ မှားကြောင်း သိလိုက်ရတယ်။ တိုက်ပွဲထဲမှာ ပါဝင်အောင် မှည့်ထားလိုက်တဲ့ နာမည်က ရန်တကာအောင် တဲ့။ ဒီလိုမျိုး မိမိပါမက ကိုယ့်မိသားစုရော ပတ်ဝန်းကျင် တခုလုံးကို ပြဿနာရှာ ဒုက္ခပေးတဲ့ အစဉ်အလာကြီးကို ဦးသုတယောက်လည်း ခံလိုက်ရ ရှာတယ်။ ထောင်ထဲမှာ မှတ်မှတ်ရရ ဦးသု ပါဝင်ခဲ့တာလေး တခုကို သတိရနေတယ်။ ဦးသုတို့ အမှုတွဲတွေ လွတ်ရက်စေ့လျက် မလွတ်ဘဲ ဖြစ်နေခြင်းအပေါ် အမှုတွဲအားလုံး စုဝေးကြတယ်။ တိုင်ပင်ကြတယ်။ သူတို့ ဆုံးဖြတ်ချက်တခု ချကြတယ်။ အဲဒါကတော့ အစာငတ်ခံ ဆန္ဒပြဖို့ပဲ။ ဒီကိစ္စကို ဦးသုဟာ လုံးဝ မထောက်ခံပါဘူး။ ဒါပေမယ့် ကျွန်းတိုက်ပွဲမှာ သူတွေ့ကြုံခဲ့ရတဲ့ အစာငတ်ခံ ဆန္ဒပြသူတို့ ရင်ဆိုင်ရမည့် အခက်အခဲများကို သူက သေသေချာချာ ပြောပြတယ်။ ဒီကိစ္စကို ဦးဇင်းတို့ ဘေးကနေ ပွဲကြည့် ပရိသတ်အဖြစ် မြင်နေရတာပါ။ သာယာဝတီ ထောင်ရဲ့ အစာငတ်ခံ ဆန္ဒပြပွဲမှာ ကိုအောင်ကျော်မိုး ဆိုတဲ့ ရဲဘော်တယောက် သတ္တိပြောင်စွာနဲ့ အသက်ပေး တိုက်ပွဲ ဝင်သွားတယ်။ တိုက်ပွဲ တခုလုံးရဲ့ အခင်းအကျင်း ပေါ်ပေါက်လာနိုင်တဲ့ အနေအထား အားလုံးကို ဦးသုက တွက်ပြထားပြီးသား ဖြစ်တယ်။ ဒီတိုက်ပွဲမှာ ဦးသုဟာ တာဝန်ကျေစွာ သူလုပ်ရမယ့် အလုပ်ကို လုပ်ခဲ့တယ်လို့ ထင်တယ်။ ၁၉၉၉ ခုနှစ်မှာ ဦးသုတို့ရှိတဲ့ သာယာဝတီ ထောင်ကနေ အင်းစိန်ထောင်ကို ဆေးကုဖို့ ဦးဇင်းပြန်ခဲ့ရတယ်။ အဲဒီ အင်းစိန်ကနေတဆင့် တောင်ငူထောင်ကို ရွှေ့ခဲ့ရပြန်တယ်။ ထောင်တွေ ပြောင်းခဲ့ရပေမယ့် ထောင်တွင်း ကျန်နေခဲ့တဲ့ ရဲဘော်တွေရဲ့သတင်းကတော့ အမြဲမပြတ် ကြားသိနေရတယ်။ ဦးသုတယောက် လွတ်ရက်စေ့ပြီးနောက် ၁၀(က) နဲ့ ထပ်မံ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ကြားရတယ်။ နောက် မကြာခင်မှာပဲ ဦးသု တယောက်ဆုံးပြီ ဆိုတဲ့သတင်း တောင်ငူထောင်ထဲကို ရောက်လာပါတယ်။ တကယ်ကတော့ သူအစိုးရိမ်ဆုံးနဲ့ သတိ အထားဆုံး ရောဂါက သူ့ရဲ့ အသက်ကို အပါ ခေါ်သွားတာပါပဲ။ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝနီးပါး မရှိတဲ့ အရပ်မှာ အချိန်မရွေး ကျရောက်လာနိုင်တဲ့ ရောဂါရှိသူတွေ အတွက် သေမင်းကို တံခါးဖွင့် ကြိုဆိုထားသလိုပါပဲ။

အခန်း(၄)

ဦးသုဟာ ဘဝတလျှောက်လုံး ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့သူပါ။ သူနဲ့ အတူနေစဉ်က ...

“တကယ်လို့များ ဦးသုကို လက်မှတ် လာထိုးခိုင်းရင် ဘယ်လိုပြောမလဲ”

ဒီမေးခွန်းကို မေးတဲ့သူတိုင်းကို သူက …

“ကျုပ် တသက်လုံး နိုင်ငံရေးလုပ်မယ်၊ ထောင်က လွတ်သွားလည်း လုပ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဒီလိုပြောလို့ မလွှတ်ဘူးဆိုရင် တသက်လုံး ထောင်ထဲထား”

ဒီစကားက ဦးသု ပြောနေကျစကားပါ။ သူ့စကားအတိုင်းပဲ လွတ်ရက်စေ့တော့ စိတ်မချရသူများကို ၁၀(က) နှင့် ပြန်ဖမ်းတဲ့ အထဲမှာ ဦးသုက ထိပ်ဆုံးက ပါသွားတယ်။ သူ့ရောဂါ ဝေဒနာဟာ အပြင်ဘက်မှာဆို လုံးဝ ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။ ဒါပေမယ့် စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းထဲမှာ ပစ်စလတ်ခတ် အထားခံရခြင်းက အသက်ကို သက်တမ်းစေ့ မနေနိုင်အောင် ပြုလုပ်လိုက်ခြင်း အကြောင်း အရင်းပါပဲ။ အာဏာရှင်တို့ကတော့ ဦးသုကို သတ်တာ အစာအိမ်ရောဂါလို့ ပြောမယ်။ နောက် အစာအိမ် ကင်ဆာလို့ ပြောမယ်။ ရဲဘော်တယောက် ရေးဖူးတဲ့ ကဗျာထဲက စာသားကိုပဲ ဦးဇင်း ကျယ်လောင်စွာ ရွတ်ဆိုရတော့မယ်။

“ကင်ဆာ ဦးသုကို သတ်တဲ့ ကင်ဆာ အမြန်ဆုံး ကျဆုံးပါစေ”

0 comments:

အပေါ်သို့