..............................

Friday, September 10, 2010

နိုင်ငံတော်ခရီးစဉ်တွင် မိသားစုကို ဗိုလ်ချုပ်မှူးကြီး ရှေ့တန်းတင်

Thursday, September 09, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် နိုင်ငံတော် ခရီးစဉ်တွင် အစိုးရ အရာရှိများထက် မိသားစုဝင် များကို ပိုမိုရှေ့တန်းတင် နေသည်ကို တွေ့မြင်ရပြီး ထိုသို့ ပွဲထုတ်နေခြင်းသည် တော်ဝင် မိသားစုပုံစံ ပြုမူနေခြင်း ဖြစ်ကြောင်း စောင့်ကြည့် အကဲခတ်သူ များက ပြောသည်။

စက်တင်ဘာ ၆ ရက်နေ့က ဘေဂျင်း လေဆိပ်သို့ ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီးကို လေယာဉ်ပေါ်မှ ၎င်း၏ ကိုယ်ရေး အရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်၏ အကူအညီဖြင့် ဆင်းလာသည်ကို မီဒီယာများတွင် မြင်တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီး၏ နောက်တွင် ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်၊ သမီးများဖြစ်သည့် ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေနှင့် အေးအေးသစ်ရွှေ၊ မြေးဖြစ်သူ နေရွှေသွေးအောင် တို့ကို တွေ့ရသည်။

ဘေဂျင်းလေဆိပ်သို့ ဆိုက်ရောက်လာသည့် သတင်းဓာတ်ပုံများတွင် စစ်ဘက် ရာထူးများမှ မကြာသေးမီက အနားပေး ခံရသည့် သူရ ဦးရွှေမန်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကိုမူ ထင်ရှားစွာ မတွေ့ရဘဲ ရှိသည်။

တခြားဓာတ်ပုံများတွင် ဗိုလ်ချုပ်မှူးကြီးက တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူ၍ တရုတ် အရာရှိများကို နှုတ်ဆက်ရာတွင် မြေးဖြစ်သူ နေရွှေသွေးအောင်က အရေးပါသော မြန်မာ အစိုးရ အဖွဲ့ဝင်သဖွယ် ဗိုလ်ချုပ်မှူးကြီးနှင့် အတူ လိုက်ပါလာသည်ကို တွေ့ရသည်။

အာရှတွင်း နိုင်ငံတော်ခရီးစဉ်များတွင် ဗိုလ်ချုပ်မှူးကြီး၏မြေး နေရွှေသွေးအောင် အပါအဝင် မိသားစုဝင်များကို ပွဲထုတ်သည်မှာ ဤအကြိမ်သည် ပထမဦးဆုံး မဟုတ်ကြောင်း၊ နိုင်ငံတော် ခရီးစဉ်များ၌ သက်ဆိုင်ရာ အစိုးရ အရာရှိများထက် မိသားစုဝင်များကို ရှေ့တန်း တင်ခြင်းမှာ လိုက်ပါလာသည့် မြန်မာ အရာရှိများ အတွက်ရော၊ အိမ်ရှင် နိုင်ငံအတွက်ပါ အရှက်ရစရာ ဖြစ်စေသည်ဟု သံတမန်များက ပြောသည်။

မြန်မာ့အရေးလေ့လာသူ တရုတ်လူမျိုး အကဲခတ်တဦးက ဗိုလ်ချုပ်မှူးကြီးသည် အစိုးရ အရာရှိများထက် ဤသို့ မိသားစုကို ရှေ့တန်းတင်ပြီး အလည်အပတ် လာရောက်သည်ကို ကွန်မြူနစ် နိုင်ငံဖြစ်သော တရုတ်နိုင်ငံမှ ခေါင်းဆောင်များ နှစ်သက်မည် မဟုတ်သည်မှာ သေချာကြောင်း ထောက်ပြသည်။

ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်နှင့် သူ့မိသားစုဝင်များကပါ တော်ဝင်မိသားစုကဲ့သို့ ပြုမှုနေသဖြင့် နိုင်ငံတော် ခရီးစဉ်များတွင် ဤကဲ့သို့ လိုက်ပါ နေကြခြင်း ဖြစ်ကြောင်း စစ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

၂၀၀၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေဝင်းကို နေအိမ် အကျယ်ချုပ် ချပြီးနောက် ဗိုလ်ချုပ်မှူးကြီးသည် ပြည်တွင်း၊ ပြည်ပ အခမ်းအနားများ၌ မိသားစုကို ပွဲထုတ်လာခြင်း ဖြစ်သည်။

ထို့အပြင် မြို့သစ်တည်၍ “နေပြည်တော်” ဟု မှည့်ခေါ်စေခြင်း၊ နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး၏ နေအိမ်ကို “နန်းတော်” ဟု အမည်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အသိုင်းအဝိုင်းနှင့် အရပ်သားများက ဦးသန်းရွှေ မိသားစုကို“တော်ဝင်မိသားစု”ဟု ရည်ညွှန်း ခေါ်ဝေါ်ကြသည်။

အနှစ် နှစ်ဆယ်အတွင်းတွင် ဗိုလ်ချုပ်မှူးကြီးသည် ဘုန်းတန်ခိုးကြီးသည့် ရှေးဟောင်း မြန်မာမင်းများ ဖြစ်သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့၏ ပုံတူ ကြေးသွန်းရုပ်တု ကြီးများကို နေပြည်တော်၊ စစ်သင်တန်းကျောင်းနှင့် ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် စိုက်ထူစေခဲ့သည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် နေပြည်တော်တို့တွင် မြန်မာ ဘုရင် သုံးပါး၏ ကြေးရုပ်ကြီးများ ထားရှိစေခြင်းမှာ စစ်အစိုးရက သူတို့၏ တရားဝင်မှုကို သိရှိစေလို၍ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချုလာလောင်ကွန်း တက္ကသိုလ်မှ အာရှ လေ့လာရေး ဌာန ညွှန်ကြားရေးမှူး ဆူနိတ် ချူတင်တာရာနွတ်က ပြောသည်။

ဆူနိတ် ချူတင်တာရာနွတ်သည် ထိုင်း-မြန်မာ ဆက်ဆံရေး သမိုင်းနှင့် ပတ်သက်၍ စာအုပ်စာတမ်းများ ရေးသားခဲ့သည့် သမိုင်းပညာရှင် ဖြစ်သည်။

ဇူလိုင်လကုန်ပိုင်းက ဗိုလ်ချုပ်မှူးကြီး၏ အိန္ဒိယခရီးစဉ်တွင် ဒေါ်ကြိုင်ကြိုင်မှ အပ တခြား မိသားစုဝင်များကို သတင်း မီဒီယာများ တွင် တွေ့ရခြင်း မရှိပေ။

သြဂုတ်လ ကုန်ပိုင်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်သည် တရုတ်သို့ အလည်အပတ် ခရီးစဉ်တွင် ရာထူး ဆက်ခံမည့် သားဖြစ်သူ ကင်မ် ဂျောင်အွန် ကို တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပေးရန် ခေါ်ဆောင်လာပြီး ပွဲထုတ်ခဲ့ဖူးသည်ဟု လေ့လာ အကဲခတ်သူများက ထောက်ပြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့