..............................

Wednesday, September 8, 2010

ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း

ရဲရင့်
၀၇ စက်တင်ဘာ ၂၀၁၀

နအဖ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကားကြီးများ ဝေါလေဒေသ အခြေစိုက် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) နှင့် ဒီကေဘီအေ တပ်မဟာ (၅) ဒေသများသို့ မြ၀တီမှ တဆင့် ထွက်ခွာ သွားကြောင်း ကေအန်အယ်လ်အေ တပ်ရင်းမှူး တဦးက ပြောကြားသည်။

ကေအင်အယ်လ်အေ တပ်ရင်း (၂၀၁) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဘူးဖောက “ကျနော်တို့ ဒီသတင်းကို ရထားပါတယ်။ မနေ့က အလုံပိတ် စစ်ကား (၆) စီးနဲ့ သူတို့ တပ်အင်အားတွေ ဖြည့်ပြီး ၀င်လာတာ ရှိတယ်။ စစ်မက် ဖြစ်ပွားမယ့် အနေအထား တွေရဲ့ အရိပ်အရောင်တော့ စလာပြီ။ ကျနော်တို့ ဘက်ကတော့ စစ်ရေးသတိ အမြဲ ထားပါတယ်။ အင်အားခြင်း ကွာပေမယ့် ခံစစ်ရှင် ပြောက်ကျား စနစ်နဲ့ ရင်ဆိုင် သွားမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှ တပ်မှူးတဦးကလည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းထားသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ဟောင်းများကို အသေခံ ရှေ့ပြေးထား၍ စစ်ဆင်ရေး စတင်မည်ဟု ခိုင်လုံသည့် သတင်းများ ရရှိထားကြောင်း ပြောကြားသည်။

၎င်းက “နအဖကို မကြိုက်လို့ ကျနော်တို့ အသွင်မပြောင်းဘဲ ဆန့်ကျင်တာပါ။ သူတို့ လာတိုက်ရင် ပြန်တိုက် ရမှာပဲ။ နယ်ခြားစောင့် တပ်ရယ်၊ နအဖတပ်ရယ် ဘာမှ ခွဲနေဖို့ မလိုဘူး။ ကိုယ်ဘာလည်း ဆိုတာ မသိတဲ့ လူတွေကိုလည်း ဘာမှ သက်ညာနေစရာ မလိုဘူး” ဟု ပြောသည်။

စစ်ယာဉ်တန်းများကို တွေ့ရှိသော မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက “တက်သွားတာကတော့ သေချာတယ်။ စစ်ဆင်ရေး ကာလလည်း မဟုတ်ဘူး၊ ထူးတော့ အတော့်ကို ထူးတယ်။ မြ၀တီကလူကြီးတွေ ယူဆတာကတော့ ရွေးကောက်ပွဲ မတိုင်မီ ဒီဝေါ်လေခွင်ကို အပြီး သိမ်းချင်တာ ဖြစ်မယ်လို့ ပြောနေကြတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲတွေကလည်း ခဏခဏဖြစ်နေတယ်” ဟု ပြောသည်။

ယင်းဒေသတွင် အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသည့် ကေအန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်မဟာ (၅) သည် တရားဝင် ပူးပေါင်းမှု ပြုလုပ်ထားခြင်း မရှိသော်လည်း စစ်ရေးအရ အပြန်အလှန် နားလည်မှု ယူထားသည်ဟု သိရသည်။

မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေဒေသသည် မြို့၏တောင်ဘက် မိုင် (၃၀) ခန့် အကွာအဝေးတွင် တည်ရှိပြီး ကေအန်အယ်လ်အေ၊ ဒီကေဘီအေ နှင့် စကခ (၈) လက်အောက်ခံ နအဖတပ်များ စစ်ရေး လှုပ်ရှားရာ ဒေ သဖြစ်ပြီး ထိုင်းနယ်စပ်မျဉ်း အနီး တည်ရှိသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့