..............................

Friday, September 10, 2010

ပတ်စပို့ အစစ်နှင့်အတုလဲသောကြောင့် စက်ရုံလုပ်သားများ ဆန္ဒပြ

မြတ်ခိုင်ဦး
၀၉ စက်တင်ဘာ ၂၀၁၀

အလုပ်မှအထုတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၆) ဦးတို့က ၎င်းတို့၏ ယာယီ ပတ်စပို့များနှင့် အလုပ်သမား ကတ်ကို ပြန်လည် တောင်းခံသောအခါ နဂိုမူလ စာအုပ်များ မဟုတ်သဖြင့် အလုပ်သမားများက မကျေနပ်ဘဲ ဆန္ဒပြ တောင်းဆိုမှုတခု ယမန်နေ့မှစတင်၍ ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ခန်းမြို့ရှိ Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံတွင် ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ညနေက ကိုအောင်သီဟ၊ ကိုအောင်ကျော်ဆန်း၊ ကိုသီဟထွန်း၊ မအိသဲဖြူ၊ မထွေးငယ်နှင့် ကိုဇင်လင်းအောင်တို့ အလုပ်သမား (၆) ဦးအား အလုပ်ပျက်ရက် များသည်ဟု ဆိုကာ အလုပ်မှ ထုတ်ပယ်ကြောင်း စက်ရုံ တာဝန်ရှိသူတို့က တရားဝင် စာထုတ် ကြေညာခဲ့သည်။

သို့အတွက် အဆိုပါအလုပ်သမားများက ယမန်နေ့နံနက် (၁၁) နာရီခန့်က မိမိတို့၏ တရားဝင် ယာယီ နိုင်ငံကူး လက်မှတ်များ ပြန်တောင်းရာမှ စတင်၍ မမှန်မကန် လုပ်ဆောင် ထားမှုများကို တွေ့ရှိ၍ အလုပ်သမား ထုက ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဆောင်သူ တဦးဖြစ်သည့် ကိုသူရိန်က ပြောကြားသည်။

၎င်းက “သူတို့ပြန်ပေးတဲ့ ဟာတွေမှာ ပတ်စပို့ ဗီဇာကို cancel ဆိုပြီး မင်နီနဲ့ ရေးထားတယ်။ လေဘာ ကတ်ကိုလည်း မိန်းကလေး နာမည်နဲ့ကတ်မှာ ယောက်ျားလေးပုံ ကပ်လို့ကပ်၊ ပြီးတော့ ကိုယ့်ဟာနဲ့ကိုယ် မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဆန္ဒပြမှုနှင့်ပတ်သက်၍ အလုပ်သမ မငြိမ်းက “မနေ့ည (၈) နာရီလောက်ကြတော့ ခေါင်းဆောင်တဲ့ သူတွေက ပြောတယ်။ ကိုယ့်အဆောင်ကို ကိုယ်ပြန် နားချင်ရင်လည်း နားကြပါလို့ ပြောတော့ လူနည်းနည်း ကျဲသွားတယ်။ ဒါပေမယ့် ည (၉) နာရီ လောက်ကြတော့ အားလုံး ပြန်လာပြီးစုကြတယ်။ ဒီမှာက ဓမ္မာရုံလို ဟာမျိုးရှိတယ်။ အဲဒီမှာ မိန်းကလေးတွေက စုအိပ်တဲ့သူက စုအိပ်ပေါ့။ ဘာလို့ဆို အဆောင်မှာနေရင် လာဖမ်းမှာ စိုးရတယ်လေ။ ဒီနေ့တော့ ညှိတဲ့သူတွေ လာညှိနှိုင်းပေးနေတယ်” ဟု ဆိုသည်။

ထိုသို့ဆန္ဒပြမှုအတွက် ကြားဝင်ဆောင်ရွက်ပေးရန် အလုပ်သမားရေးအဖွဲ့များအား အကူအညီ တောင်းခံထားရာ ယနေ့ နေ့လယ်တွင် (MAP) ဖောင်ဒေးရှင်း အဖွဲ့မှ အဆိုပါစက်ရုံသို့ ရောက်ရှိကာ လိုအပ်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“အလုပ်သမားကိုယ်စားလှယ် (၅) ယောက်နဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေရယ်၊ (MAP) ဖောင်ဒေးရှင်းက (၂) ယောက်ရယ်၊ အလုပ်သမားရုံးက ကိုယ်စားလှယ်တွေ ညှိနှိုင်းနေပါတယ်” ဟု အဆိုပါကိစ္စကို ကြားဝင် ဆောင်ရွက်ပေးနေသူ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

အလုပ်သမားများဘက်မှ ဘတ်လက်မှတ်ရှိထားသော သူများအတွက်လည်း တောင်းဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ခွန်ခန်းခရိုင်၏ တနေ့ အနည်းဆုံးလုပ်အားခသည် အလုပ်ချိန် (၈) နာရီအတွက် ဘတ်ငွေ (၁၅၇) ဘတ် ရမည် ဖြစ်သော်လည်း အလုပ်သမား များမှာ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအထိ အလုပ် လုပ်ကြရပြီး ပေးအပ်သော နှုန်းထားမှာ ညနေ (၆း၃၀) အထိ ဘတ်ငွေ (၁၄၀) သတ်မှတ်ထားပြီး နောက်ပိုင်း အချိန်ပို (၁) နာရီခွဲအတွက် ဘတ်ငွေ (၃၀) သာ ပေးအပ်သည်။ နေ့လယ်တွင် (၁) နာရီ ထမင်းစားချိန် ရကြသည်။

အဆိုပါစက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂,၃၀၀) ခန့်ရှိပြီး လာအိုလူမျိုး (၁,၀၀၀) ခန့်ရှိသည်။

အဆိုပါစက်ရုံသို့ ရောက်ရှိသည့်နေ့မှစကာ အလုပ်သမားများပိုင်ဆိုင်သော လက်မှတ်များကို စက်ရုံမှ သိမ်းဆည်း ထားခဲ့ခြင်းဖြစ်သည်။ အလုပ်မှ ထွက်ပြေးသွားသူ အချို့၏ ပတ်စပို့များကို ထိုကဲ့သို့ ဓာတ်ပုံကပ်၍ ဘတ်လက်မှတ်သာ ရှိသေးသော သူများအား ဘတ်ငွေ (၁၄,၀၀၀) မှ (၁၅,၀၀၀) အထိတောင်းယူ၍ ထိုပတ်စပို့များဖြင့် အစားထိုး လုပ်ဆောင်နေသည်ဟုလည်း ကြားရကြောင်း အလုပ်သမား တဦးက ပြောသည်။

အဆိုပါစက်ရုံတွင် ယာယီနိုင်ငံကူးလက်မှတ် မကိုင်ဆောင်ရသေးသော သူများမှာလည်း (၅၀၀) ခန့်ရှိမည်ဟု သိရသည်။

ယနေ့ညနေ့ပိုင်းတွင် လုပ်ငန်းရှင်အား အလုပ်သမားများ၏ ပတ်စပို့စ်နှင့် ဗီဇာများပြသရန် အလုပ်သမား အခွင့်အရေး ရုံးက တောင်းဆို ထားကြောင်း၊ သို့သော် အလုပ်ရှင်က အလုပ်သမားများအား (၃) ရက် အချိန် ပေးမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း အလုပ် ပြန်မဆင်းပါက ဥပဒေအရ အရေးယူမည်ဟု ပြောဆိုကြောင်း သိရှိရသည်။ မနက်ဖြန်တွင်လည်း ဆက်လက်ညှိနှိုင်းရန် သဘော တူထားကြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့