..............................

Wednesday, September 8, 2010

တိုင်းမှူးသစ် သတင်းများတွင်ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှု မကြာမီ ပိုမို သိရှိလာနိုင်

မင်းချမ်း၊
ဝါခေါင်လဆုတ် ၁၃၊ ၁၃၇၂။ စက်တင်ဘာ ၇၊ ၂၀၁၀။

မင်းချမ်း(စက်တင်ဘာ-၇)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက်၊ လက်ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းဟု စစ်အစိုးရ သတင်းစာများ၌ ယနေ့တွင် ရေးသားဖေါ်ပြသည်။

ယခင်ရတခတိုင်းမှူးမှာ ဗိုလ်ချုပ်သက်နိုင်ဝင်းဖြစ်ပြီး ကစထမှူး(၄)သို့ ရာထူးတိုးမြင့် ခံရသည်ဟု အင်တာနက် သတင်းများ ပြန့်နှံ့ နေသော်လည်း အတည်ပြုချက် မရရှိသေးပေ။

ဆယ်စုနှစ်နှစ်စုခန့်အတွင်း ယခင်ရတခတိုင်းမှူးများမှာ ဗိုလ်ချုပ်အဆင့်များ ဖြစ်ကြပြီး လွန်ခဲ့သည့် သြဂုတ် နောက်ဆုံး အပတ်အတွင်း စစ်အစိုးရ တပ်မတော်မှ ရာထူး အပြောင်းအလဲများ ရုတ်တရက် ပြုလုပ်ခဲ့ရာတွင် ယခင် တိုင်းမှူး နေရာများ၌ ဗိုလ်မှူးချုပ် အဆင့် ရာထူးများကိုသာ တွေ့ရှိလာရသည်။

ထိုကဲ့သို့စစ်ရာထူးများအပြောင်းအလဲပြုလုပ်ခဲ့ရာတွင် ပြည်သူအများ သိရှိစေရန် စစ်အစိုးရမှ သတင်း ထုတ်ပြန်ခြင်း မပြုပဲ လှို့ဝှက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်းဖြစ်ကြောင်း သြဂုတ်လ(၃၁) ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများမှ စတင် ဖေါ်ပြခဲ့ပြီးနောက် ၄င်း၏ သတင်းများသည်လည်း သတင်းစာများတွင် နေ့စဉ်လိုလို ပါရှိလာခဲ့သည်။

ထို့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ်စိုးလွင် စသည့် တိုင်းမှူး နာမည်များလည်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

တဖန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ အနားယူလိုက်ပြီဟု သတင်း ထွက်ပေါ် လာပြီးနောက် ၄င်းတို့၏ နိုင်ငံခြား တိုင်းပြည်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည့် သတင်း ထွက်ပေါ်လာပြန်ရာ ရာထူးမှ အနားယူသည့်ကောလဟာလ သတင်းများ တိတ်ဆိတ် သွားသည်။

သို့ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည် ဆိုသည့်သတင်းများ သတင်းဌာန အသီးသီတွင် အတည်ပြု ရေးသား ကြသော်လည်း စစ်အစိုးရ သတင်းစာများ၌ ယခုတိုင် ဖေါ်ပြသည်ကို မတွေ့ရှိသေးပေ။

ယနေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုပ်ပြည်ခရီးစဉ်သွားရောက်မည် ဖြစ်ရာ စစ်အစိုးရ၏ ညနေပိုင်း ရုပ်မြင်သံကြား သတင်း အစီအစဉ်နှင့် မနက်ဖြန် သတင်းစာများတွင် ဖေါ်ပြလိမ့်မည်ဟု ယူဆရပြီး စစ်အစိုးရ တပ်မတော်အတွင်း ဖြစ်ပေါ်ခဲ့သော ရာထူး အပြောင်း အလဲများကိုလည်း သတင်း ဖေါ်ပြလာနိုင်ဖွယ် ရှိသည်ဟု စောင့်ကြည့် လေ့လာသူများက သုံးသပ်ကြသည်။


Ref: ကောင်းဝါ

0 comments:

အပေါ်သို့