..............................

Sunday, August 30, 2009

ကိုးကန့် တပ်ဖွဲ့ဝင် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ

ရန်ပိုင်
Saturday, 29 August 2009 19:55

ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့ နေ့လယ်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ် အစိုးရထံတွင် လက်နက် အပ်လိုက်ကြောင်း သိရသည်။

ထိုသို့ လက်နက်ချလိုက်သောကြောင့် တိုက်ပွဲများ ဆုံးခန်းတိုင်လု ဖြစ်သွားသည်ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုသည်။

“ကိုးကန့်တပ် အင်အား ၇၀၀ လောက် ဒီနေ့နေလယ်က တရုတ်ဘက်ကို ၀င်သွားပြီး၊ တရုတ် အစိုးရဆီမှာ လက်နက် ချလိုက်တယ်၊ တပ်ဖွဲ့ငယ် လေးတွေပဲ ကျန်တော့တယ်၊ ညီနောင် တပ်ဖွဲ့တွေလည်း ဒီနေ့ မနက် လေးနာရီမှာ ဆုတ်သွားပြီ”ဟု ၎င်း က ပြောသည်။

စစ်အစိုးရတပ်က လက်နက်ကြီးများ၊ တင့်ကားများဖြင့် ထိုဒေသ အတွင်းသို့ ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း လည်း သိရသည်။

“မြန်မာပြည်သူများ မျက်နှာမထောက်ဘဲ ကုလသမဂ္ဂမှာ စစ်အစိုးရဘက်မှ လိုက်ခဲ့တဲ့ တရုတ်နိုင်ငံကို စစ်အစိုးရက ဂရု မစိုက် ကြောင်း ပြသ လိုက်တာပဲ ဖြစ်တယ်၊ တရုတ်က တိုက်ပွဲကြီး မဖြစ်ပါစေနဲ့ ပြောတယ်၊ စစ်အစိုးရက လက်နက် ကြီးနဲ့ ပစ်ပြလိုက် တယ်”ဟု ဦးအောင်ကျော်ဇော ကဆက်ပြောသည်။

ယခု ကိုးကန့်တပ်ဖွဲ့ဝင်များ လက်နက်ချသတင်းနှင့် ပတ်သက်ပြီး ဧရာဝတီက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်အစိုးရ တပ်က ပစ်ခတ်မှုကြောင့် တရုတ် နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များ ကျရောက်ပြီး တရုတ်လူမျိုး တဦး သေဆုံး၍ ၂ ဦးဒဏ်ရာ ရရှိခဲ့သော်လည်း၊ ယနေ့တွင် လက်နက်ကြီးများနှင့် ဆက်လက် ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

ယမန်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွားနေသော တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ် အစိုးရကို တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြား ထားသည်။

“မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာကိုင်တွယ်ရန် လိုကြောင်း၊ တရုတ် အစိုးရ အနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ် နိုင်ငံသားများအား နိုင်ငံသား အခွင့်အရေးများ နှင့် အကာအကွယ် ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jian Yu ကပြောကြား ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းကမှု “ဗမာ စစ်အစိုးရ ဆိုတာ ဘယ်သူမှ ဂရု မစိုက်ဘူး၊ ကိုယ့်ကိုယ် ကိုယ်သာ အထင်ကြီး တယ်၊ တရုတ်ကိုလည်း ထည့်စဉ်းစားမယ် မထင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကိုးကန့်ဒေသမှ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိလာသည့် အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့် ရှိသူ မီရှဲလ် မွန်းတပ်စ်က ပြောဆိုသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွား ခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်း သွားခဲ့ရာမှ စစ်အစိုးရ တပ်များ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့