..............................

Thursday, September 3, 2009

အကောင်း အဆိုး သိကြလားဟေ့

September 3, 2009

ဗီယက်နမ်နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသသည် တနိုင်ငံလုံး ဆန် အထွက်နှုန်း၏ တဝက် ကျော်ကျော်ကို ထုတ် လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ် နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲ သို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နုန်းးတင်မြေနု မြစ်ဝ ကျွန်းပေါ်ဒေသ ဖြစ် တော့သည်။

သို့သော်လည်း ဗီယက်နမ်လူမျိုးတို့ ခေါင်းခဲစရာ ပူပန်စရာ ဖြစ်လာသည့် ပြဿနာ ကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ် ရေ မျက်နှာပြင် မြင့်တက် လာနေပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန်နေ သော မြစ်ဝကျွန်းပေါ် တစိတ် တဒေသသည် အမြဲတန်း ပင်လယ်ရေငံ ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။

ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်ပိုင်း ပင်လယ်ရေအောက် ရောက်ရှိပါက ဗီယက်နမ် နိုင်ငံ၏ ဆန် အထွက်နှုန်းလည်း ကြောက်ခမန်း လိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန် အထွက်နှုန်း၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြထားသည်။

စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ် သားတို့ ဘာ ဆက်လုပ် ကြမည်နည်း။ ပင်လယ် ထဲ၌ ငါးဖမ်းခြင်း အလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက် မွေးမည်လော သို့မဟုတ် မြို့ပြ များသို့ ပြောင်းရွှေ့ကာ မြို့ပြ အခြေစိုက် အလုပ်သမားများ အဖြစ် အသွင်ပြောင်းမည်လော။ စဉ်းစားစရာပါပေ။ သေချာသည် တခုကတော့ ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ် ရေအောက်သို့ ရောက်ရတော့မည်။

ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်း တချို့ရေလွှမ်းခံရ သည့် အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခုထဲတွင်သာ အပျော်လွန်ပြီး တန့်၍ရပ်၍ နေမည်မဟုတ်။ ဒေသ တခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် နှစ်လက်မခန့် နိမ့်နေသည်ဟု ဆိုကြသည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့အတွင်း နေရာ အတော်များများတွင် ရေကြီးလေ့ရှိသည်။ အကြီးစား ပန့်များကို သုံးကာ ရေများကို စုပ်ထုတ် ပြစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသောအခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံ များဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာ ရှိ၍ ကားဆိပ်များ ကားဂိတ်များ နိတ္ထိတံ ရတော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော် အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန် တွင် ဒုတိယ ဗင်းနစ်မြို့တော် အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။

ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကို ပတ်၍ တမံတုပ်ဖို့သာ ရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက် လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထားနိုင် သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝ လာနေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်း တခုလုံးကို တမံ မတုပ်နိုင်ဘူး ထားဦး။ ဘန်ကောက်မြို့ ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။

တချိန်တည်းတွင်လည်း မြန်မာနိုင်ငံဖက်ကို ပြန်ကြည့်လိုက် ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသ တစိတ် တပိုင်းသည်လည်း ပင်လယ်ရေ လွှမ်းခြင်းကို ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဖက် မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝ ကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေ ယာ ပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့် ဆိုတာ ဆက်၍ပြောပါမည်။

မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံး အသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့ လိုက်ပါက အောက်ပိုင်းသို့ ဆက်လက် စီးဆင်းမည့်ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝ ကျွန်းပေါ် ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။

နားလည် လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ ချောင်းကလေးများ၏ ရေ အနက်သည် ဆယ်ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည် ပိတ်လိုက်သောကြောင့် စီးဆင်းရမည့် ရေ များတန့်ကာ ယခင်ကလို အောက်ဖက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်း များ၏ ရေအနက်သည် ငါးပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ငါးပေနိမ့်သွားသည်။ စီးဆင်းလာရ မည့်ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလ တွင် ပင်လယ်ရေသည် ကမ်းရိုးတန်း တလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင်သုံးလေး ဆယ်ခန့်အထိ တိုး၍ဝင်ရောက် လာနိုင်သည်။ မူလကဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှ စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဖက်သို့ တိုးဝင်ခြင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကို ရေခြင်း ဟန့်တား ကာထားပေးသည်။ ရေချိုနှင့် ရေငံ ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်းမှာလည်း သဘာ ဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေနိမ့်ကျ သွားသောအခါ ပင်လယ်ရေငံများ အထက်ပိုင်း အထိပါ ဒလ ဟော တိုးဝင်လာတော့မည်။

ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသ တခုလုံး ဆားငံရေ များ အောက်သို့ ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝ ကျွန်းပေါ်သားများ အထက်ဖက် မိုင်သုံးလေး ဆယ်သို့ ပြောင်းနေ ရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများ ဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများ အဖြစ် နေထိုင် ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းပိုက်သည်လည်း နှစ်လေးငါးဆယ် အတွင်း ကွယ်ပျောက် ရတော့မည်။ နောင်အနှစ် လေးငါးဆယ် အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍ တင်သွင်းရတော့မည်။ အာဖရိက တိုက်တွင် မိုး ခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံမှာတော့ စပါးခင်းများတွင် ရေငံဖုံး သောကြောင့် အငတ်ဘေးကြီးကို ရင်ဆိုင် တွေ့ကြလိမ့်ဦးမည်။

ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဒေသ တဝိုက်တွင် ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက် လာခဲ့သည့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံ ဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ခြောက်ဆယ်ထက် မနည်း၊ လူဦးရေ သောင်းဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်း တော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေ ထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေ ဆုံးရှုံးမှုတင် မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။

ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်း တလျှောက် မြစ်ဝ ကျွန်းပေါ် အထိ နေထိုင် ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီ မြစ်ကြီးသည် မြစိမ်းရောင် အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေ သည့် အခြေအနေမှ ချောင်းသာသာ မြောင်းသာသာ အဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။

တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာဘဲ ဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျှင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည် မဟုတ် ပြောမည် မဟုတ်။

အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြ ဝေဖန် သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်း အချို့က ထောက်ပြ ကြသော်လည်း မြန်မာနိုင်ငံ အတွင်းမှာ ရှိနေသည့် မည်သည့် အဖွဲ့အစည်း များကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများ ထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရ သောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့ အစည်းများကို နားလည် ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ် သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာ စစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်း တို့က ဆိုထားသည် မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ် အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံ တကာ ကွန်ဖရင့်တွေ မှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာ လည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။

တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာ ထိုင်ခုံက ဆင်းမပေးချင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည် တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာ နောက်သားတို့ အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့ မှာတော့ တတိယလှိုင်း သမားတို့ မပြောရဲရှာပါ။ အာဏာ အပြောင်း အလဲကို အသာထား သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက် ကြီးမားသော ကိစ္စများ အပြောင်းအလဲများကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည် ဆိုတာက သံသယဖြစ်စရာပါ။

လူမိုက်များ၊ လူကောင်းယောင် ဆောင်နေသူများ၊ အစွန်း မရောက်သူဟု ကြေငြာနေသူများ ထိုသူတွေ အားလုံးသည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာ ဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခု တည်းနှင့်ပင် ကွက်ကွက် ကွင်းကွင်း မြင်လိုက်ရ တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)

0 comments:

အပေါ်သို့