..............................

Tuesday, September 1, 2009

နအဖ ဆိုတဲ့ (အ)နူ ကလီးယား

(အထူးဆောင်းပါး)

ဂါမဏိ
၂၈ သြဂုတ် ၂၀၀၉

ဗမာပြည်မှာ နအဖက သုတေသနအတွက် အဏုမြူ ဓာတ်ပေါင်းဖို တခု တည်ဆောက်မယ်လို့ တရားဝင် ကြေညာထားပြီး ရုရှားနိုင်ငံက ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ ရုရှားနိုင်ငံဟာ အဏုမြူ လက်နက် မပြန့်ပွားရေး စာချုပ် လက်မှတ် ထိုးထားပြီး အိုင်အေအီးအေ ခေါ် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ အဖွဲ့ဝင် ဖြစ်တဲ့အတွက် သူတို့ရောင်းတဲ့ ဓာတ်ပေါင်းဖို ကနေ အဏုမြူလက်နက် ထုတ်လုပ်တာ မဖြစ်ရအောင် အထိန်းအချုပ် အကွပ်အညှပ်တွေ မလုပ်မနေရ လုပ်ရပါတယ်။ အိုင်အေအီးအေ အာဏာပိုင် တွေကိုလည်း စစ်ဆေး ချုပ်ကိုင်ခွင့် ပြုရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ကတော့ ဒီလို အထိန်း အချုပ်တွေနဲ့ ကင်းလွတ်ပြီး လုပ်ချင်ရာ လုပ်နေတဲ့ စည်းအပြင်က နိုင်ငံ ဖြစ်နေတာကြောင့် နအဖဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အတွက် မြောက်ကိုရီးယားကို တိုက်ရိုက် အားကိုးရမှာ ဖြစ်ပြီး ရုရှား၊ ပါကစ္စတန် တို့ကိုတော့ သွယ်ဝိုက် အားကိုးလို့ပဲ ရနိုင်ပါတယ်။

အဏုမြူဗုံးလုပ်ရာမှာ ယူရေနီယမ် သတ္တုကို သုံးတယ်ဆိုတာ လူ အတော်များများ သိကြပါတယ်။ ဒါပေမယ့် သာမန်ရိုးရိုး ယူရေနီယမ်ကို သုံးလို့ မရပါဘူး။ ‘အိုင်ဆိုတုပ်’ လို့ ခေါ်တဲ့ ရေဒီယို ဓာတ်ကြွ မျိုးကွဲတွေထဲက တမျိုးကိုပဲ သုံးရတာ ဖြစ်ပါတယ်။ ယူရေနီယမ်ဟာ ဒြပ်စင် အမှတ်စဉ် (၉၂) ဖြစ်တဲ့ အတွက် သူ့အဏုမြူထဲမှာ ပရိုတွန် (၉၂) လုံး၊ အီလက်ထရွန် (၉၂) လုံးရှိပါတယ်။ ယူရေနီယမ် အိုင်ဆိုတုပ်တွေ ထဲမှာ သဘာဝအတိုင်း မြေကြီး ထဲကနေ အများဆုံး တူးဖော်ရရှိတာက ယူရေနီယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝယူရေနီယမ်စုစုပေါင်းရဲ့ (၉၉.၂၈၄) ရာခိုင်နှုန်းရှိပါတယ်။ ယူရေနီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) ကတော့ သဘာဝ သတ္တုရိုင်းထဲမှာ (၀.၇၁၁) ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။ (၂၃၅) ဖြစ်ဖြစ် (၂၃၈) ဖြစ်ဖြစ် ယူရေနီယမ် မှန်ရင် သတ္တုရိုင်းတွေကလည်း ရေဒီယို ဓာတ်ကြွတဲ့အတွက် သတ္တုတွင်းတူး အလုပ်သမားတွေ၊ သယ်ယူ ပို့ဆောင် ကိုင်တွယ်ရတဲ့ အလုပ်သမားတွေ၊ စစ်သည်တွေ အတွက် အန္တရာယ် ကြီးလှပါတယ်။

အဏုမြူဗုံး လုပ်တဲ့အခါ ယူရေနီယမ် (၂၃၅) ကို သုံးရပါတယ်၊ ဒါမှမဟုတ် ယူရေနီယမ် (၂၃၈) ကို ပလူတိုနီယမ် ဖြစ်အောင် ပြောင်းလဲပြီး သုံးနိုင်ပါတယ်။ (ဟီရိုးရှီးမားမှာ ချတဲ့ အဏုမြူဗုံးဟာ ယူရေနီယမ် (၂၃၅) နဲ့ လုပ်တာ ဖြစ်ပြီး နဂါစကီမှာ ချတဲ့ အဏုမြူဗုံး ကတော့ ပလူတိုနီယမ်နဲ့ လုပ်တာ ဖြစ်ပါတယ်။) ဒါပေမယ့် ဒီ ဒုတိယ နည်းအတွက် ပလူတိုနီယမ်ကို အဏုမြူ ဓာတ်ပေါင်းဖိုနဲ့ ထုတ်လုပ် ရတာဖြစ်လို့ ခက်ခဲပြီး အဆင့်မြင့်ပါတယ်။ တန်ဖိုးလည်း ကြီးပါတယ်။ ဒါကြောင့် အဏုမြူဗုံးကို ပေါချောင်ကောင်း ရချင်တဲ့ အာဏာရှင် စနစ်ထွန်းကားရာ နည်းပညာ အဆင့်နိမ့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေကတော့ စစချင်းမှာ ယူရေနီယမ် (၂၃၅) ကတဆင့် အဏုမြူဗုံးကို အဓိက ထုတ်လုပ်ပြီး တချိန်တည်းမှာ ပလူတိုနီယမ် ကိုလည်း ခိုးလုပ်နိုင်အောင် အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးစား ကြပါတယ်။

ဒါကြောင့် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ဖြစ်စေ၊ အဏုမြူဗုံး လုပ်ဖို့ ဖြစ်စေ အစ ကနဦး အနေနဲ့ ယူရေနီယမ် (၂၃၅) ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ သဘာဝ သတ္တုရိုင်း ထဲကနေ အင်မတန် အချိုးအစားနည်းနည်းပဲပါတဲ့ ယူရေနီယမ် (၂၃၅) ကို စုယူနိုင်ဖို့အတွက် နည်းလမ်း အမျိုးမျိုး ရှိတဲ့အနက် အထိရောက်ဆုံး အသုံး အများဆုံးနဲ့ စရိတ် အသက်သာဆုံး ကတော့ ဗဟို ဆွဲအား စက်တွေ ဖြစ်ပါတယ်။ ဗဟိုဆွဲအား Centrifuge ရဲ့ သဘော တရားကတော့ ရွှေကျင်ရာမှာ အလေးဆမတူတဲ့ သဲတွေ၊ ကျောက်တွေနဲ့ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပါပဲ။

ဆေးရုံတွေမှာလည်း သွေးစစ်ရာမှာ သွေးထဲပါတဲ့ အမှုန်အမွှား အမျိုးမျိုးကို ခွဲခြားနိုင်ဖို့ ဖန်ပြွန်တွေထဲ ထည့်ပြီး ဗဟိုဆွဲအား စက်ထဲ ထည့်လှည့် ရပါတယ်။ အလေးဆ နည်းနည်းလေးပဲ (၁.၂၆ ရာခိုင်နှုန်း) ကွာတဲ့ (၂၃၈) နဲ့ (၂၃၅) နှစ်မျိုး ရောနေတာကို ကျတော့ လက်နဲ့ စကောဝိုင်း တာထက် အဆပေါင်းများစွာ မြန်တဲ့ စက်နဲ့ မွှေ့လိုက်တဲ့ အခါ ပိုပေါ့တဲ့ (၂၃၅) က အပေါ်မှာ သို့မဟုတ် အလယ်မှာ လာစုပါတယ်။ သဘာဝ သတ္တုမှုန်တွေ ထဲမှာ (၀.၇) ရာခိုင်နှုန်းပဲ ပါတဲ့ (၂၃၅) ကို များများ ရဖို့ ယူရေနီယမ် ဓာတ်ငွေ့တွေကို ဆလင်ဒါ ပြွန်လုံး ရှည်ကြီးတွေထဲ ထည့်ပြီး လှည့်တဲ့အခါ (၂၃၈) က ပြွန်လုံး ဘေးမှာကပ်ပြီး (၂၃၅) တွေက အလယ်မှာ လာစုပါတယ်။ အလယ်မှာ စုနေတဲ့ (၂၃၅) တွေကို ပိုက်တွေနဲ့ စုပ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်တွေ ထဲလွှတ်၊ ဗဟိုဆွဲအား နည်းနဲ့ ထပ်ခါထပ်ခါ စစ်ထုတ် စုယူရပါတယ်။ အဏုမြူ ဓာတ်ပေါင်းဖိုမှာ သုံးဖို့ဆိုရင် (၂၃၅) ငါးရာခိုင်နှုန်း လောက်အထိ ဖြစ်လာရင် သုံးလို့ရပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ ဆိုရင်တော့ (၂၃၅) ကိုးဆယ် ရာခိုင်နှုန်းကျော် အထိ သန့်စင်ဖို့ လိုတဲ့ အတွက် ဗဟိုဆွဲအား ဆလင်ဒါ ပြွန်လုံးတွေ ထောင်နဲ့ချီ လိုတာဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုဆွဲအား စက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့ အတွက် သိသာ မြင်သာတဲ့ စက်ရုံ အကျယ်ကြီးတွေ တည်ဆောက် ရပါတယ်။ ဒီ ဗဟိုဆွဲအား စက်ရုံ မရှိရင် အဏုမြူဗုံး ဘယ်လိုမှ မထုတ်လုပ် နိုင်ပါဘူး။

ဒါတွေလုပ်ဖို့အတွက် ပထမဆုံးအဆင့်မှာ သတ္တုတွင်းက တူးဖော် ရလာတဲ့ ယူရေနီယမ် မြေသား အရိုင်းကို ကြိတ်ခွဲပြီး ဓာတုဗေဒ နည်းနဲ့ သန့်စင် အရည်ဖျော် အခြောက်ခံလိုက်တဲ့ အခါ ‘အဝါရောင် ကိတ်မုန့်’ Yellow Cake လို့ လူသိများတဲ့ ဒုတိယဆင့် သတ္တုရိုင်း ဖြစ်လာပါတယ်။ ဒါကို နောက်တခါ အက်ဆစ်၊ ဇဝက်သာ၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်တို့နဲ့ အဆင့်ဆင့် ဓာတ်ပြု စေတဲ့အခါ နောက်ဆုံးမှာ ယူရေနီယမ် ဟက်ဆာ ဖလိုရိုဒ် ဓာတ်ငွေ့ ရပါတယ်။ အဲဒီယူရေနီယမ် ဓာတ်ငွေ့ကို စောစောက ပြောတဲ့ ဗဟိုဆွဲအား ပြွန်လုံးတွေထဲ ထည့်ပြီး ‘ကျင်’ ယူရတာ ဖြစ်ပါတယ်။

အခု သတင်းထွက်တာက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်နဲ့ ပွင့်ဖြူဘက်မှာ နျူကလီးယား စက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သပိတ်ကျဉ်း စက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့ သုတေသန နည်းပညာတပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ် ဟက်ဆာ ဖလိုရိုဒ် ဓာတ်ငွေ့ အဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီယမ် သန့်စင် စက်ရုံ ဒါမှမဟုတ် ရှေ့ပြေး စမ်းသပ် အဆင့် Prototype ဗဟိုဆွဲအား စက်ရုံလို့ ခန့်မှန်း ရပါတယ်။ စက်ရုံ အရွယ်အစား ကြည့်ရတာလည်း မေမြို့နဲ့ မြိုင် စက်ရုံတွေလောက် မကြီးပါဘူး။ မေမြို့နဲ့ မြိုင် စက်ရုံတွေ သတင်း မပေါ်ခင် ကတည်းက သတင်းထွက်နေတာ ဖြစ်လို့ ရှေ့ပြေးအဆင့် Pilot plant လို့ ယူဆနိုင်တာ ဖြစ်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုကို သပိတ်ကျဉ်းလို ငလျင်ကြော တည့်တည့်ပေါ် သွားဆောက်ရင်တော့ နအဖလောက် မိုက်မဲတဲ့လူ ရှိမှာ မဟုတ်တော့ပါ။ ဒါပေမယ့် ဗမာပြည်မှာ ယူရေနီယမ် အဓိက ထွက်တဲ့ နေရာက ရှမ်းပြည်၊ တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက် သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီမှာ ရုရှားနဲ့ပေါင်းပြီး ယူရေနီယမ် အကြီးအကျယ် တူးဖို့ လက်တွေ့ လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်း မြေကြီးကို သန့်စင်တဲ့ အဓိက နေရာ ဖြစ်လာ ပါလိမ့်မယ်။

ဂူဂယ်အတ်သ် (Google Earth) ကနေကြည့်တဲ့အခါ သပိတ်ကျဉ်း ဘက်မှာ ထူးခြားတဲ့ အဆောက်အဦး မတွေ့ရပါဘူး။ မေမြို့ ဘက်မှာတော့ ထူးခြားတဲ့ အဆောက်အဦး တွေ့နေရပါပြီ။ မေမြို့အရှေ့ဘက် (၁၀) မိုင်အကွာ နောင်လိုင်နားမှာ တည်ဆောက်နေတဲ့ ပေ (၃၀၀) ပတ်လည် အဆောက်အဦး ကြီးဟာ နျူကလီးယား ဓာတ်ပေါင်းဖိုတော့ မဖြစ်နိုင်ပါဘူး။ နျူကလီးယား ဓာတ်ပေါင်းဖိုတွေရဲ့ ဓာတ်ပုံက ဒီလို မဟုတ်ပါဘူး။ ဒါ့အပြင် ဓာတ်ပေါင်းဖို ဆိုတာ ရေပေါပေါများများ ရနိုင်တဲ့နေရာမှာ ဆောက်ရပါတယ်။ ဒါမှ ဓာတ်ပေါင်းဖို ထဲက ထွက်လာတဲ့ အပူဓာတ်ကို ထိန်းနိုင်မှာ ဖြစ်သလို တာဘိုင် ဂျင်နရေတာတွေ ကိုလည်း ရေနွေးငွေ့နဲ့ လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်တာက ယူရေနီယမ် သန့်စင်တဲ့ ဗဟိုဆွဲအား စက်ရုံ Centrifuge Plant ပဲ ဖြစ်နိုင်ပါတယ်။ အဏုမြူ လက်နက် လုပ်ငန်းမှာ ဗဟိုဆွဲအား စက်ရုံဆိုတာ အရေးကြီးအဆင့် လျှို့ဝှက်အဆင့် ရောက်လာပြီ ဖြစ်လို့ မေမြို့လို တပ်မြို့နားမှာ ဆောက်တာ အများကြီး ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာက ယူရေနီယမ် သန့်စင်ရေး ဗဟိုဆွဲအား စက်ရုံတွေရဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်ပါ။

နောက်သတင်းရတဲ့ မကွေးတိုင်း မြိုင်မြို့နယ် နှမ်းစားကျင်း ဒေသဘက်က လျှိုကြီးကို တူးထုတ် ချဲ့ထွင်ပြီး ဆောက်ထားတဲ့ စက်ရုံကို Google Earth မှာ ရှာမတွေ့သေးပေမယ့် ဓာတ်ပုံမှာ တွေ့ရတာကတော့ နောင်လိုင် စက်ရုံလိုမျိုး ဗဟိုဆွဲအား စက်ရုံ ဖြစ်ဖို့ များပါတယ်။ နောင်လိုင် စက်ရုံနဲ့ ပုံစံတူ ပေ (၃၀၀) ပတ်လည် စက်ရုံကြီး ဖြစ်ပါတယ်။ နောင်လိုင် စက်ရုံက အိုင်အေအီးအေ အစစ်ဆေးခံမယ့် (၂၃၅ ငါးရာခိုင်နှုန်း အထိပဲ ထုတ်မယ့်) စက်ရုံဖြစ်ပြီး မြိုင် စက်ရုံကတော့ အိုင်အေအီးအေ အသိမခံတဲ့ (၂၃၅ ကိုးဆယ်ရာခိုင်နှုန်း အထိ ထုတ်မယ့်) စက်ရုံ ဖြစ်နိုင်ပါတယ်။ အသုံးမကျတဲ့ နအဖ ပီပီ စက်ရုံကိုတော့ တော်ရုံတန်ရုံ မတွေ့နိုင် လေယာဉ်ဗုံးကြဲလို့ မလွယ်နိုင်တဲ့ တောင်ပေါ်လျှိုထဲ လျှို့ဝှက် ဆောက်နေပြီး စက်ရုံဆီသွားတဲ့ ကားလမ်းကိုတော့ လေးလမ်းသွား လမ်းမကြီးနီးနီး ဖြူးနေအောင် ဖောက်ထားပါတယ်။ တောင်တွေဖြိုပြီး လျှိုကြီးကို တူးချဲ့ရာမှာ သေခဲ့တဲ့ အလုပ်သမားတွေ၊ ရွာသားတွေလည်း မနည်းပါဘူး။

ဒီနေရာမှာ အရေးပါတဲ့ ပြဿနာတခုက နအဖ ဗဟိုဆွဲအား စက်ရုံအတွက် ထောင်နဲ့ချီတဲ့ ဆလင်ဒါ ပြွန်လုံးရှည်တွေကို ဘယ်သူက ရောင်းပေးသလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီဆလင်ဒါတွေကို တွေ့ကရာ ဒန်အိုး ဒန်ခွက်တွေနဲ့ လုပ်လို့ မရပါဘူး။ သီးသန့် ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။ ရောင်းပေးတဲ့ နိုင်ငံ၊ ရောင်းပေးတဲ့ ကုမ္ပဏီဟာ နိုင်ငံတကာ စည်းမျဉ်းတွေ၊ ကုလသမဂ္ဂ ကန့်သတ်ချက် တွေကို လုံးဝ ဖောက်ဖျက်တာ ဖြစ်တဲ့အတွက် မှောင်ခိုရောင်းသူတွေကို နိုင်ငံတကာက ဖော်ထုတ် အရေးယူရမှာ ဖြစ်သလို မရောင်းရ သေးရင်လည်း မရောင်းနိုင်အောင် ပိတ်ပင် တားမြစ်ရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သင်္ဘော ဗမာပြည်သွားမှာကို တောက်လျှောက် စောင့်ကြည့်နေတဲ့ အတွက် ကိုရီးယားသင်္ဘော၊ ဗမာ သင်္ဘောတွေ မသုံးဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်လို ပိုက်ဆံရ ပြီးရောဆိုတဲ့ တတိယ နိုင်ငံတခုရဲ့ သင်္ဘောတွေနဲ့လည်း သယ်မယ့် အလားအလာ ရှိနေပါတယ်။

အန္တရာယ်ကြီးလှတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ကိုတော့ လူနေ ထူထပ်တဲ့ မေမြို့မှာ ဖြစ်စေ၊ ကျောက်ဆည်မှာ ဖြစ်စေ၊ ကြပ်ပြေး နေပြည်တော်မှာ ဖြစ်စေ ဆောက်မယ် မထင်ပါ။ အဏုမြူဗုံးကို လုံးချင်း အဓိပ္ပာယ် အတိအကျ အတိုင်း literally ဖင်ခွ ထိုင်နေလောက်အောင် မိုက်မဲရင်လည်း အုပ်ချုပ်ရေး စွမ်းရည် ညံ့ဖျင်း လဘော်ကျလှတဲ့ နအဖတွေ မြန်မြန် ကမ္ဘာမြေပေါ်က ပျောက်သွားဖို့ လွယ်သွား ပါလိမ့်မယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဆောက်နေတဲ့ စက်ရုံကတော့ ရုရှားက ဝယ်တဲ့ (အိုင်အေအီးအေ အစစ်ဆေးခံမယ့်) အဏုမြူ ဓာတ်ပေါင်းဖို ထားဖို့လို့ ယူဆရပါတယ်။ အခုထိတော့ ရုရှားက ဗမာပြည်ကို ပို့လိုက်တဲ့ သတင်း မကြားရ သေးပါဘူး။ ငဖဲမြို့နယ် ထဲက ကပစ (၁၄) စက်ရုံ ကတော့ မြောက်ကိုရီးယားက ဝယ်မယ့် (အိုင်အေအီးအေ အသိမခံတဲ့) အဏုမြူ ဓာတ်ပေါင်းဖို ထားဖို့ ဖြစ်နိုင်ပါတယ်။ ငဖဲမြောက်ဘက် စေတုတ္တရာမှာတော့ အဏုမြူဗုံးကို ဒုံးကျည် ထိပ်ဖူးအဖြစ် ထုတ်လုပ်ဖို့ ကပစ (၂၀) စက်ရုံ တည်ဆောက် နေပါတယ်။ ဒါတွေကိုလည်း Google Earth မှာ မတွေ့သေးပါဘူး။ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ နယ်ချင်း စပ်နေတဲ့ အတွက် ဒီစက်ရုံတွေဟာ တဆက်တည်းလည်း ဖြစ်နိုင်သလို ပုံမှားရိုက်ဖို့လည်း ဖြစ်နိုင်ပါတယ်။ (Google Earth မှာ မြိုင်၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ မြို့သစ် နယ်မြေတွေကို မေမြို့လို အသေးစိတ် ပြတဲ့အခါ ပြေးမလွတ် တွေ့နိုင်မှာပါ။)

နအဖဟာ နျူကလီးယားနဲ့ ဆက်စပ်ပတ်သက်တဲ့ စက်ရုံတွေ၊ အဆောက် အဦးတွေ အားလုံးကိုလည်း မြေအောက်မှာ မလုပ်နိုင်သေးပါ။ လက်ရှိ ဥမင် လှိုင်ခေါင်းတွေဟာ အမိန့်ပေး ကွပ်ကဲရေး စခန်းတွေ Command post ၊ ခိုလှုံရာစခန်းတွေ Bomb Shelter နဲ့ သာမန် ခဲယမ်း ရိက္ခာထောက် စခန်းတွေ Logistic depot ပဲ ဖြစ်ပြီး (ဒုံးပျံတွေ ထားနိုင်တဲ့) အကြီးစား မြေအောက် သိုလှောင်ရုံနဲ့ မြေအောက် ထုတ်လုပ်ရေး ဌာနတွေ မဆောက်ရသေးပါ။ မကြာခင် ကာလအတွင်း ဆောက်လာ နိုင်စရာလည်း ရှိနေပါတယ်။

နအဖမှာ အဏုမြူဗုံးတင်ပြီး ဘန်ကောက်နဲ့ ဒါကာကို ဗုံးသွား ကြဲနိုင်မယ့် (ရန်သူပစ်ချတာ မခံရနိုင်မယ့်) ခေတ်မီ စစ်လေယာဉ် မရှိပါ။ ကိုးကန့် ငြိမ်းအဖွဲ့နဲ့ တင်းမာမှုဖြစ်ပြီးနောက် F-7 လေယာဉ်တွေကို ခါတိုင်း ပုံမှန်လေ့ကျင့် ပျံသန်းမှုထက် အင်အားနှစ်ဆတိုး၊ ပျံသန်းချိန် နှစ်ဆတိုး ပျံသန်း အင်အားပြခိုင်းတဲ့ အခါ စစ်လေယာဉ် တစီး ရွှံ့ဗွက်ထဲ ခေါင်းစိုက်သွားလို့ ကျန်တဲ့ လေယာဉ်မှူးတွေ ဘယ်သူမှ တရုတ်လေယာဉ် မမောင်းရဲတော့ဘဲ ခွင့်မဲ့ပျက်ကွက် ဖြစ်ကုန်ကြပါတယ်။ ဒီလို ဒိတ်ကုန်နေတဲ့ တရုတ်လုပ် စစ်လေယာဉ် အဟောင်း အစုတ်တွေ၊ ဒိတ်ကုန်ခါနီး ရုရှား စစ်လေယာဉ် တွေကလည်း ဗုံးကြဲလေယာဉ် မဟုတ်လို့ အဏုမြူ လက်နက်ကို အသုံးချချင်ရင် တာဝေးပစ် ဒုံးပျံ ရှိဖို့ လိုပါတယ်။ အဏုမြူလက်နက် ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ မြောက်ကိုရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်တို့တောင် အခုထိ ဒုံးပျံ နည်းပညာကို ကောင်းကောင်း မပိုင်နိုင်သေးပါဘူး။ ခဏခဏ စမ်းသပ်နေရဆဲ၊ အလွဲလွဲ အချော်ချော် ဖြစ်နေဆဲ ဖြစ်ပါတယ်။ အနုမြူ လက်နက် မလုပ်သေးတဲ့ အင်မတန် တိုးတက်ဖွံ့ဖြိုးတဲ့ ဂျပန်နိုင်ငံတောင် ဒုံးပျံနည်းပညာမှာ နိမ့်နေဆဲဖြစ်ပါတယ်။

လက်နက်ဈေးကွက်မှာရောင်းတဲ့ ဒုံးပျံတွေက တာဝေးလည်း မရ၊ အဏုမြူထိပ်ဖူး တပ်ဆင် နိုင်လောက်အောင်လည်း အဆင့် မမြင့်သလို ပစ်မှတ် တိကျမှု ပိုင်းမှာလည်း မကောင်းသူထိပ် ကောင်းသူထိပ် သဘောပဲ ရှိပါတယ်။ ဒါကြောင့် နအဖဟာ အဲဒီ ဒုံးပျံတွေကိုဝယ်၊ သုတေသန လုပ်ပြီး တာဝေးပစ် ဒုံးပျံဖြစ်အောင် အဆင့်မြှင့်ဖို့ လုပ်ရပါမယ်။ ဒီအတွက် မကွေးတိုင်း အထက် မင်းလှမှာ ရှိတဲ့ ကပစ (၁၀) စက်ရုံနဲ့ တောင်တွင်းကြီးမြို့နယ် မြို့သစ်နားက ကပစ (၁၅) စက်ရုံမှာ မြောက်ကိုရီးယား အကူအညီနဲ့ ကြိုးစား နေပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း နအဖလို အရည်အချင်းမျိုးနဲ့ ဆိုရင် အဏုမြူပဲ ဖြစ်ဖြစ်၊ တာဝေးပစ် ဒုံးပျံပဲ ဖြစ်ဖြစ် ချာနိုဘိုင်လ်ထက် ပိုဆိုးမယ့် အလားအလာ “ရှေ့ ၄၊ နောက် ၆၊ ငါပါ ၁၁ ယောက်” ဖြစ်ဖို့ အလားအလာပဲ များပါတယ်။ နျူကလီးယား မဖြစ်ဘဲ (အ) နူ ကလီးယားပဲ ဖြစ်သွား ပါလိမ့်မယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့