..............................

Friday, September 4, 2009

ကိုးကန့်ပဋိပက္ခနဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

02 September 2009

ပထမဦးဆုံး ကိုးကန့်ဆိုတဲ့ လူမျိုးအမည် မြန်မာ တိုင်းရင်းသား အဖြစ် ကြားသိခဲ့တာ မြန်မာပြည်မှာ နဝတ တက်လာချိန် ၁၉၈၈ နောက်ပိုင်းမှ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကန့် လူမျိုးတွေဟာ ပြည်ထောင်စုနဲ့ ဘယ်တုန်း ကတည်းက ပတ်သက် နေခဲ့သလဲ၊ ဘယ်အချိန် ကတည်းက တည်ရှိ ခဲ့သလဲ၊ လက်နက်ကိုင် တပ်ဖွဲ့ ထားရှိရေး၊ ဗဟိုချုပ်ကိုင်မှု၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ အခြေခံဥပဒေ၊ လက်ရှိ စစ်ရေး ပဋိပက္ခ ဆိုင်ရာများကို ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း၊ အင်ဒီးယားနား တက္ကသိုလ်မှာ နိုင်ငံတကာ ဥပဒေ ပညာရပ်တွေကို လေ့လာနေသူ ချင်းအမျိုးသား အင်ဒရူး ငွေကျုံလျန် တို့နဲ့ ဦးကျော်ဇံသာက သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးခွန်ဆိုင်း ။ ။ သက္ကရာဇ် ၁၆၀၀ ကျော်လောက်မှာ မင် မင်းဆက်တွေ ထီးနန်း ပြုတ်သွား ခဲ့ပြီးနောက် ယူနန်ဘက်ကို ပြေးလာ ခဲ့ချိန်မှာ ကိုးကန့် အမျိုးအနွယ်တွေလည်း ပါလာခဲ့ပါတယ်။ သူတို့ ပါလာခဲ့ပြီး အခု ရှမ်းပြည်နယ်လို့ ခေါ်တဲ့ အရှေ့မြောက်ပိုင်း ဘက်မှာ သူတို့ လာရောက် အခြေချပါတယ်။ အခြေချ လာခဲ့ရာမှ သူတို့ကို တရုတ်ဘက်က သူကောင်းပြုမှုကို ခံရပြီးမှ သူတို့နယ်နဲ့ သူတို့ပယ် မြို့စားအဆင့် အနေနဲ့ သူတို့ အုပ်ချုပ်ခဲ့ပါတယ်။ နောက်ပိုင်းကြတော့ သူတို့က အင်္ဂလိပ် ဝင်လာတဲ့အခါ သိန္နီ နယ်ထဲမှာ သိန္နီစော်ဘွား အောက်က မြို့စား အဖြစ် သူတို့ နေခဲ့ပါတယ်။ အဲဒီကနေ စပြီး မြို့စား အဆင့်ကနေ စော်ဘွား အဆင့်ထိ တက်လာပြီးတော့ ရှမ်းပြည်ထောင်စုရဲ့ ၃၄ ခုမြောက် စော်ဘွားနယ် တခု ပါဝင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရတဲ့အခါမှာ သူတို့လည်း ပါလာကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ သူတို့ ငြိမ်းချမ်းရေး၊ အခုတော့ ငြိမ်းချမ်းရေးလို့ စစ်အစိုးရက ခေါ်တာပေါ့လေ၊ အပစ်အခတ် ရပ်စဲရေး အဖြစ်နဲ့ သူတို့ လုပ်တဲ့အခါမှာ သူတို့ကို စစ်အစိုးရ ပေးခဲ့တဲ့ အာဏာရပ်တွေ အထဲမှာ သူတို့ လက်နက်ကိုင် တပ်ဖွဲ့ သီးခြား ထားရှိခွင့် ပေးခဲ့တယ်။ တကယ်တော့ ဖက်ဒရယ် ဆိုတဲ့ မြန်မာ တိုင်းရင်းသားတွေ တချိန်က တောင်းခဲ့ကြတဲ့ ဖက်ဒရယ် မပေးချင်လို့ စစ်တပ်က အာဏာ သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ ဖက်ဒရယ်မှာတောင် ဒီလို စစ်ရေးအားဖြင့် လွတ်လပ်ခွင့် military autonomy လို့ ခေါ်ရလေမလား၊ အဲဒါမျိုး မပေးခဲ့ပါဘူး ဆိုတော့ ကိုးကန့်တွေကို ပေးခဲ့တာ သိပ် excessive ဖြစ်နေတယ်၊ အလွန်အကျွံ အာဏာ ပေးခဲ့တယ်လို့ ဆိုနိုင်မလား၊ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံ ရှုထောင့်က ကြည့်မယ်ဆိုရင် ဒေါက်တာအင်ဒရူး ဘယ်လို သဘောရပါသလဲ။

အင်ဒရူး ။ ။ သူတို့ ကိုးကန့်တွေဖြစ်ဖြစ်၊ အခု ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေကို သူတို့ လက်နက် ကိုင်ဆောင်ခွင့် ပေးထားတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ အာဏာ အလွန်အကျွံ ပေးထားတယ်လို့ ဆိုလို့ မရပါဘူး။ ဘာလို့ဆို တချို့ ဖက်ဒရယ် ပြည်ထောင်စု တိုင်းပြည်တွေကို ကြည့်လို့ရှိရင် သူတို့ ပြည်နယ်တိုင်းမှာ သူတို့ပြည်နယ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ လွတ်လွတ်လပ်လပ် ထားရှိခွင့် ရှိပါတယ်။ ဒါပေမယ့် အခု ဗမာပြည်မှာ ဖြစ်နေတဲ့ ကိစ္စက နအဖရေးတဲ့ အခြေခံဥပဒေ ၃၃၈ ထဲက ရေးသား ထားတဲ့ဟာနဲ့ အရင်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်တုန်းက ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ vote ယူပုံယူနည်း၊ အခုကြမှ ပြဿနာ စပြီးတော့ ဖြစ်နေတဲ့ ကိစ္စ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုးကန့်မှာကြတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ပါတဲ့ လူတွေရဲ့ လက်နက်တွေကို နယ်စပ်မှာ ထားခဲ့ရတယ်လို့ ကြားပါတယ်။ ဦးခွန်ဆိုင်း ဒီကိစ္စကို ဘယ်လောက် သိပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဒီဥစ္စာက ငြိမ်းချမ်းရေး ယူပြီးတဲ့နောက်ပိုင်းမှာ သူတို့ရဲ့ ဆုံးဖြတ်ချက် အပိုင်းပါ။ ဥပမာ ဝမှာ ဆိုလို့ရှိရင် သူတို့က နအဖ ဘက်ကနေ ပန်ဆန်းမြို့ထဲမှာ နအဖရဲ့ စစ်တပ် တပ်ခွဲ တခွဲ နှစ်ခွဲ ထားခွင့် ပေးပါတယ်။ သတ်မှတ်ထားတဲ့ အတိုင်း ဖြစ်ပါတယ်။ ဒီထက်ပိုလို့ မရပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ ဖြစ်လာတဲ့ ပြဿနာကတော့ ဒီလို ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့တွေ ပေးထားတာကို မြန်မာနိုင်ငံ စစ်အစိုးရက ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုအောက်ကို သွင်းချင်တယ်၊ အဓိက ကျနော် နားလည်တာက၊ အဲဒီလို ချုပ်ကိုင်မှုအောက်ကို သွင်းမယ့် ကိစ္စကို ဟိုလူတွေက လက်မခံချင်ဘူး။ ဘယ်လို ပုံစံမျိုးနဲ့ဖြစ်ဖြစ် သူတို့က အခုလောလောဆယ် လက်မခံသေးဘူး၊ ဖွဲ့စည်းပုံ အခြေခံပြီးမှ ကြည့်မယ်ဆိုပြီး ပြောကြတယ်။ ဒီလို လုပ်တာကို ဒေါက်တာအင်ဒရူး ဘယ်လိုမြင်ပါသလဲ။ ပြည်ထောင်စုဖွဲ့မယ်၊ ဖွဲ့စည်းပုံအတိုင်း ဆိုရင် ပြည်နယ် တပ်ဖွဲ့တွေဟာ ဗဟိုရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိသင့်ဘူးလား၊ ဗဟိုက မကိုင်သင့်ဘူးလား။

အင်ဒရူး ။ ။ ပြည်နယ်တပ်ဖွဲ့တွေကို ဗဟိုက ကိုင်စရာ မလိုပါဘူး။ ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်တဲ့ ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဟာတွေကို ပြည်နယ်ကပဲ ကိုင်သင့်ပါတယ်။ အဲဒါပဲ အစကတည်းက ဒီ ဗမာပြည်နယ်ရဲ့ ပြဿနာ အစကို ကျနော်တို့ ပြန်ကြည့်ရင်လည်း ကိုယ့်အရေး ကိစ္စကို ကိုယ်က လုပ်ပိုင်ခွင့် ရှိရမယ်၊ လုပ်နိုင်တယ် ဆိုလို့ရှိရင် လုပ်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ကိစ္စ အဲဒါက စတာပါ။ အခု ဒီ အခြေခံဥပဒေ ၃၃၈၊ ပုဒ်မ ၃၃၈ အရ အားလုံးဟာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှု အောက်ကို ရှိရမယ် ဆိုကတည်းက ဒီ အခြေခံ ဥပဒေက ဖက်ဒရယ်ကိုလည်း မရည်ညွှန်းဘူး၊ ဖက်ဒရယ် စနစ်ကိုလည်း မဖော်ဆောင်ဘူး။ မဖော်ဆောင်တဲ့ အပြင် တပြည်ထောင်စု ဗဟိုက အင်အားကြီးမားတဲ့ တပြည်ထောင် စနစ်ကို ပြန်ပြီးတော့ ဖော်ဆောင်သွားတယ်။ အဲဒီလို ဖော်ဆောင်နေသ၍ ဒီ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပြဿနာတွေ၊ အခြေခံဥပဒေ ပြဿနာ ဘယ်လိုနည်းနဲ့မှ ဖြေရှင်းစရာ အကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက ရှမ်းနဲ့ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် ကနေ ဖက်ဒရယ် ပြည်ထောင်စု အဖြစ်နဲ့ ဖွဲ့စည်းပုံ တင်တယ် ဆိုတုန်းက အဲဒီတုန်း ကရော လက်နက်ကိုင် ကိုယ်ပိုင်တပ် ထားရှိခွင့် ဘာညာဆိုတာ သူတို့ ထည့်သွင်း တောင်းဆို ခဲ့ပါသလား။

ဦးခွန်ဆိုင်း ။ ။ အဲဒီတုန်းကတော့ စော်ဘွားခေတ်၊ စော်ဘွားတွေမှာ သူတို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဆိုတာ အမြဲတမ်း ရှိပါတယ်။ အဲဒီတုန်း ကတည်းက ဒီလုံခြုံရေး တပ်ဖွဲ့တွေဟာ ရှမ်းပြည်မှာ လာပြီးတော့ ထားတဲ့ British တပ်ရင်း ၂ ရင်းနဲ့ ဘာမှ မဆိုင်ပါဘူး။ ပြည်တွင်းမှာ တပ်ရင်း ၂ ရင်းပဲ ရှိပါတယ်။ ဒီဥစ္စာက အင်မတန် Significant ပေါ့၊ စိတ်ဝင်စားစရာ အချက်ပေါ့။ ကျနော်တို့ ရှမ်းပြည်မှာ အခုဆိုရင် တပ်ရင်းပေါင်း ၁၆၀ လောက်ရှိတယ်။ ဒါပေမယ့် British ကတော့ ၂ ရင်းလောက်နဲ့ပဲ အုပ်ချုပ် လာနိုင်ခဲ့တာ ဒါ တော်တော်ကြီးကို ထူးဆန်းပါတယ်။ ကျနော်တို့ခေတ် ရောက်လာတဲ့အခါ ၁၆၀ လောက်နဲ့ လာနေတာတောင်မှ မငြိမ်းချမ်းဘူးဆိုတာ ဘာကြောင့်လဲလို့ မေးဖို့ ကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်မူ တင်ခဲ့ကြတယ်၊ ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ ဆိုတော့ အဲဒီတုန်းကရော ဘယ်အဆင့်ထိ တောင်းခဲ့ကြပါသလဲ ရှမ်းနိုင်ငံရေး သမားတွေက။ ဒီလို ကိုယ်ပိုင်စစ်တပ်၊ အခု ကိုးကန့်တို့ ၀တို့ ထောင်တဲ့ ကိုယ်ပိုင်စစ်တပ် ထောင်ခွင့်အထိ တောင်းခဲ့ပါသလား။

အင်ဒရူး ။ ။ ရှမ်းပြည်က တင်သွင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု မူကြမ်း ထဲမှာ စစ်တပ် ကိစ္စကို သေသေချာချာ ရေးသားထားတာ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုန်းက စစ်တပ်က အဓိက ပြဿနာ မဟုတ်သေးဘူးဗျ။ စစ်တပ်က သူ့အလုပ်ပဲ လုပ်နေတယ်။ အဲဒါကြောင့် သူတို့က နိုင်ငံရေး စနစ်တွေ၊ အာဏာ ခွဲဝေရေးတွေကို ဦးစားပေးပြီး လုပ်တာ။ ၆၂ နောက်ပိုင်း စစ်တပ်က ၀င်လာတဲ့ အခါကြမှ အခုတော့ ပြည်နယ်ဆိုင်ရာ စစ်တပ်တွေ ကိစ္စက လုံးဝ ရှောင်လွှဲလို့ မရတဲ့ကိစ္စ ဖြစ်လာပါတယ်။

ဦးခွန်ဆိုင်း ။ ။ ခုန ဒေါက်တာအင်ဒရူး ပြောသလိုပါပဲ။ ကျနော်တို့ ဖက်ဒရယ်မူကို ရှမ်းပြည်နဲ့ ဒီ့ပြင်လူမျိုးတွေ ၀ိုင်းတင်တဲ့ အချိန်တုန်း ကတော့ ဥပမာ ကာကွယ်ရေးတို့၊ နိုင်ငံခြားရေးတို့၊ ငွေကြေး ထုတ်လုပ်မှုတို့ အဲဒါတွေဆိုရင် ဗဟိုနဲ့ပဲ ဆိုင်တယ်လို့ အဲဒီတုန်းကတော့ သတ်မှတ် ထားခဲ့ပါတယ်။ စစ်ရေးနဲ့ ပတ်သက်လို့ ဘာမှ ပြဿနာ မရှိဘူးပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံကာကွယ်ရေးတို့ ဘာတို့က ဖက်ဒရယ် နိုင်ငံတွေမှာလည်း များသောအားဖြင့် ဗဟိုရဲ့ Jurisdiction အတွင်းမှာ ပါတယ်မလား။

အင်ဒရူး ။ ။ ဗဟိုရဲ့ Jurisdiction အတွင်းမှာ ပါပါတယ်။ အများအားဖြင့်တော့ ဟုတ်ပါတယ်။ ၆၁ တောင်ကြီး အဆိုပြုချက် မှာလည်း ပြည်ထောင်စု ကာကွယ်ရေး ဆိုတဲ့ ကိစ္စပါပဲ။ အခု ၆၂ နောက်ပိုင်း စစ်အာဏာရှင်တွေ တက်လာပြီးတော့ စစ်တပ်ဟာ အရာရာတိုင်းရဲ့ အထက်မှာ ရှိနေတဲ့ နောက်ပိုင်းမှာမှ ပြည်နယ်က မရှိမဖြစ် ကိုယ့်ကိစ္စ ကိုယ်အရေး လုပ်နိုင်ဖို့ အတွက်ဆိုပြီး ပြည်နယ် ကာကွယ်ရေး ကိစ္စတွေက ကြီးထွားလာတာ ဖြစ်ပါတယ်။ အဲဒီတုန်းက အဆိုပြု ထားခဲ့သလိုသာ စစ်တပ်က သူ့ရဲ့ ပြည်ထောင်စု ကာကွယ်ရေး သက်သက်ကိုပဲ လုပ်နေတယ်ဆိုရင် ပြည်နယ်တွေ အနေနဲ့လည်း ပြည်နယ် စစ်တပ်တွေ ကိစ္စကို တောင်းဆိုစရာ အကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီပြဿနာဟာ တကယ်တော့ ကိုးကန့်နဲ့ စဖြစ်တယ် ဆိုပေမယ့် ကိုးကန့် လူမျိုးစု တခုတည်းနဲ့ ဗဟို အစိုးရကြားမှာ ရှိတဲ့ ပြဿနာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိသမျှ လူမျိုးစုတွေနဲ့ ဒီလိုပြဿနာမျိုးက ကြုံရမယ့် သဘောလို့ ကျနော် တွေးမိပါတယ်။ ဦးခွန်ဆိုင်း ဘယ်လို သဘောရပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စဟာ ကိုးကန့် တမျိုးတည်းနဲ့ မဆိုင်ပါဘူး။ ကိုးကန့် တခုတည်း ကိုပဲ သပ်သပ် ရည်မှန်းပြီး လုပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကိုးကန့်ကို သူတို့ စပြီးတော့ ဘာကြောင့် ဒီအချိန်မှာ ကိုင်ရပါသလဲ။ စစ်အစိုးရ ကတော့ ဒါ ကိုးကန့်က ဦးဖုန်ကြားရှင် တို့က တရားဥပဒေကို ချိုးဖောက်လို့ ဆိုပြီး ပြောတယ်။ ဘာဖြစ်လို့ အခုချိန်မှာ စကိုင်တယ်လို့ ဦးခွန်ဆိုင်း မြင်ပါသလဲ။

ဦးခွန်ဆိုင်း ။ ။ အခုဆိုရင် ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်း ပေးလိုက်ပြီး နောက်ပိုင်း သူတို့ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေကို လက်နက်ချဖို့ ဆွေးနွေးပါတယ်။ ဒီ လက်နက်ချဖို့ ဆွေးနွေးတာကို သူတို့က လက်မခံတဲ့ အတွက်ကြောင့် ဧပြီလမှာ နယ်ခြားစောင့် တပ်တွေ လုပ်ဖို့ဆိုပြီး လာဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးတာကို အဖွဲ့တွေက လုံးဝ လက်မခံတဲ့ နောက်ပိုင်းမှာ ဒီကိစ္စ ပေါ်လာတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပေါ်လာတဲ့ အခါကြတော့ အပစ်အခတ် ရပ်စဲရေး အဖွဲ့၊ အဓိက ကြည့်မယ်ဆိုရင် နယ်စပ်မှာ ရှိနေတာတွေ ဖြစ်တဲ့ ကိုးကန့်တို့၊ ၀တို့၊ မုံးလားတို့ သူတို့က မဟာမိတ်အဖွဲ့ အဖြစ် သဘောတူညီ ထားတယ်။ အဲဒီထဲမှာ အင်အား အနည်းဆုံးက ကိုးကန့်ဖြစ်တယ်။ ဒီလို အင်အား အနည်းဆုံး ကိုးကန့်ဖြစ်နေတဲ့ အခြေအနေမှာ သူတို့ဆီမှာ အတွင်းပြဿနာ ပေါ်လာတယ်။ ဆိုတော့ အတွင်းပြဿနာကို စောင့်နေတဲ့ နအဖအစိုးရ အနေနဲ့ အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်တော့ သူတို့က ပြဿနာ ပြေလည်သွားပြီ၊ ကိုးကန့်ကိုလည်း ဖြေရှင်းပြီးပြီ၊ သူတို့ ပြန်လာကြပါ ဘာညာဆိုပြီး လုပ်နေတယ် ဆိုတော့ အင်ဒရူး ဘယ်လို မြင်ပါသလဲ၊ ဒါက တကယ် ငြိမ်သက် သွားတာလား၊ တကယ် စစ်မှန်တဲ့ နအဖရဲ့ အောင်မြင်မှု တရပ် ဖြစ်သွားပြီလို့ ဆိုနိုင်ပါသလား။ ဒီကိစ္စက ဘယ်လောက် ဆက်ပြီး ဖြစ်နိုင်မယ်လို့ မြင်ပါသလဲ၊ တခြား လူမျိုးစုတွေနဲ့။

အင်ဒရူး ။ ။ ကျနော့်အမြင်မှာတော့ ဒီကိစ္စက အခုမှ တကယ် စနေပြီလို့ ထင်ပါတယ်။ ပြီးဆုံး သွားတယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ အားလုံးကို သူတို့က ၂၀၀၈ အခြေခံ ဥပဒေအတိုင်း ပြည်ထောင်စု ကာကွယ်ရေး တပ်ရဲ့ အောက်ကို သူ့ဟာနဲ့သူ အလိုအလျောက် ၀င်လာဖို့ သူတို့က ဖိတ်ခေါ်တယ်။ အဲဒါကြောင့် Border Guard လုပ်တယ်။ ဟိုဘက် ငြိမ်းချမ်းရေး ယူထားတဲ့ လူတွေကလည်း မ၀င်ဘူး။ နအဖကလည်း သူ့အခြေခံ ဥပဒေကို ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး စတင် ကျင့်သုံးချင်တယ် ဆိုရင် ဒီကိစ္စကို မလွှဲမရှောင်သာ အခြေခံ ဥပဒေအတိုင်း ရှင်းလင်းရမှာ ဖြစ်တယ်။ အဲတော့ အခုဟာ အစပဲလို့ ကျနော်တော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီကိစ္စဟာ မြန်မာနိုင်ငံ စစ်အစိုးရက သူတို့ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဖန်တီးလိုတဲ့ ပြည်ထောင်စုကို တိုင်းရင်းသား လူမျိုးစု အများက လက်ခံ နိုင်ပါ့မလား၊ လက်မခံနိုင်ဘူး ဆိုရင် လက်ခံအောင် လက်လိမ်ချိုးလို့ ရမလားဆိုတာ စစ်အစိုးရက သွေးတိုး စမ်းကြည့်တယ်လို့ ဆိုရင်လည်း မှားမယ် မဟုတ်ပါဘူး။ တကယ်တော့ ဒီပြဿနာဟာ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ဖြေရှင်းလို့ မပြေလည် နိုင်ခဲ့တဲ့ တိုင်းရင်းသားများ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပြဿနာရဲ့ တစိတ် တဒေသမျှသာ ဖြစ်ပါတယ်လို့ ထင်မိပါတယ်။

.....

Ref: VOA News


0 comments:

အပေါ်သို့