..............................

Friday, September 4, 2009

ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန်

ဗထူး
Thursday, 03 September 2009 11:37

ကိုးကန့်ခေါင်းဆောင်က ၎င်းတို့နယ်မြေ အတွင်း နအဖတပ်များ ၀င်ရောက် တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အထူး ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လိပ်မူကာ သြဂုတ်လ (၂၈) နေ့ နေ့စွဲဖြင့် ဥက္ကဌ ဖုန်ကြားရှင်က လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာချက်မှာ စာမျက်နှာ ၅ မျက်နှာ ပါရှိသည်။

စစ်အစိုးရအနေဖြင့် ၁၄ နှစ်ကြာ ကျင်းပ ပြုလုပ်၍ ၂၀၀၈ ခုနှစ်တွင် တဖက်သတ် အတည်ပြု ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တိုင်းရင်းသား ပြည်သူများ၏ စစ်မှန်သော သဘောထား မပါသည့်အတွက် တိုင်းရင်း သားလူမျိုးတို့က ထောက်ခံခြင်း မရှိသည့် အပြင် ညီလာခံတွင် တင်ပြခဲ့သည့် တိုင်းရင်းသား တို့၏ အခွင့်အရေးများ ကိုလည်း လိုက်လျှောခြင်း မရှိသည့်အတွက် များစွာသော တိုင်းရင်းသား လူမျိုးများ အနေဖြင့် လက်နက်စွဲကိုင် တောင်းဆိုရသော အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

ဆက်လက်၍ စစ်အစိုးရတပ်များက သြဂုတ်လ (၂၇) ရက်နေ့၊ နံက်(၇) နာရီခွဲက တရုတ်-မြန်မာနယ်စပ်ရှိ ယန်ရုံကြိုက် ရွာတွင် စတင် ပစ်ခတ်ခဲ့သည့် အတွက် ၎င်းတို့စစ်သည် ၂ ဦး ဒဏ်ရာ ရရှိသွားသဖြင့် မတတ်သာသည့် အဆုံးတွင် နယ်မြေအတွင်း ကျူးကျော်လာသည့် နအဖ တပ်များအား ပြန်လည် တိုက်ခိုက်ခဲ့ရသည် ဟု ဖော်ပြထားသည်။

သြဂုတ်လ လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက် ပစ်ခတ်မှုအတွင်း နအဖ စစ်အစိုးရ တပ်များ၏ ပစ်ခတ်မှုကြောင့် (၂၇)၊ (၂၈) ရက် နှစ်ရက် အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံး သွားခဲ့ပြီး အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို နအဖ စစ်အစိုးရမှ စတင် ဖောက်ဖျက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်အစိုးရကမူ တရုတ်နိုင်ငံ၏ သတင်းပေးချက်အရ တရားမ၀င် လက်နက် စပ်ရုံ တည်ဆောက်ခြင်းကို ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ပြီး ကိုယ်တိုင် လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ရာမှ ကိုးကန့် တပ်ဖွဲ့နှင့် ၎င်းတို့အကြား နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

ကိုးကန့်ခေါင်းဆောင်၏ ရှင်းလင်းချက်တွင်မူ စစ်အစိုးရက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း သိုလှောင်မှု စသည့် ဖန်တီးချက်များနှင့် တရားစွဲဆိုမှုသည် ကိုးကန့် တပ်ဖွဲ့နှင့် ပြည်သူများအပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံ ဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် နအဖ တာဝန်ရှိသူများ ရှေ့တွင် ကိုးကန့် နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီ ဖြစ်ကြောင်း ၂၀၀၂ ခုနှစ်က အတိအလင်း ကြေညာ ထားခဲ့သည်ဟု ဖော်ပြထားသည်။

ယခုအခါ စစ်အစိုးရအနေဖြင့် ကိုးကန့်လူမျိုးများ နေထိုင်ရာ လောက်ကိုင် ဒေသတွင် ပြန်လည် တည်ငြိမ် အေးချမ်းနေသည်ဟု ကြေညာ ခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ် တလျှောက် ခြေလျှင်နှင့် ခြေမြန်တပ်ရင်း ၃၀ ခန့်ကို ဖြန့်ကျက်၍ နေရာ ချထားဆဲဖြစ်သည်။

စစ်အစိုးရ၏ မြ၀တီရုပ်သံကလည်း မိုင်းလားဒေသဖွံ့ဖြိုး တိုးတက် မှုများနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပုံ မှတ်တမ်းတင် အစီအစဉ်ကို ယခု ရက်ပိုင်းအတွင်း နေ့စဉ် ထုတ်လွှင့် ပြသနေပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ သက်ဆိုင်ရာ စစ်အစိုးရ အရာရှိများက ကိုးကန့် တပ်ဖွဲ့နှင့် မဟာမိတ် ပြုလုပ်ထားသည့် မိုင်းလား အထူးဒေသ (၄)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်မြောက်ပိုင်း (SSA-N) အဖွဲ့များသို့ သွားရောက်ကာ ကိုးကန့် တပ်ဖွဲ့အား တိုက်ခိုက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်လျှက် ရှိသည်။

ကိုးကန့်ခေါင်းဆောင်၏ ယခုထုတ်ပြန်သည့် အထူးကြေညာချက်တွင် ကိုးကန့် တပ်ဖွဲ့ ၀င်များအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ် အတိုင်း ကျန် မဟာမိတ် တပ်ဖွဲ့များကိုလည်း မကြာသော အချိန်ကာလ တခုအတွင်း တိုက်ခိုက် ၀ါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ ညီညွတ်စွာ ယနေ့မှစ၍ တိုက်ပွဲဝင်ရန် သတိပေး တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်အစိုးရက ပြင်ဆင်ဆိုင်းပြင်း လာချိန်နှင့် တပြိုင်တည်းတွင် အပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အင်အားလျှော့ကာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေး အတွက် ဖိအားပေး တောင်းဆိုလာခဲ့သည်၊

အဆိုပါတောင်းဆိုချက်ကို လက်မခံနိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအား နည်းလမ်း ပေါင်းစုံဖြင့် အကြပ်ကိုင် ဆောင်ရွက်၍ စစ်ရေးအရ တိုက်ခိုက်မှုနှင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု အကဲခတ်သူများက ဝေဖန်လျက်ရှိသည်။

သြဂုတ်လအကုန်ပိုင်းတွင် လောက်ကိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် ကိုးကန့် တပ်ဖွဲ့နှင့် နှစ်ဖက် တိုက်ပွဲများအတွင်း စစ်တပ်နှင့် ရဲ အင်အား ၂၆ ဦးကျဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိပြီး ကိုးကန့် တပ်ဖွဲ့ဝင် အလောင်း ၈ လောင်း တွေ့ရှိကြောင်း စစ်အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။

Ref: ရိုးမ ၃

...

0 comments:

အပေါ်သို့