..............................

Wednesday, September 2, 2009

၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ

ရဲဘော်ဖိုးသံချောင်း
၁ စက်တင်ဘာ ၂၀၀၉

ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေ လွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေ ရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင် သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင် ဆက်ရက်ကျသလို သောသောကို ညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထု ကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက် မခံကြပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီး ပေးလာတာမှာ နအဖ စစ်အစိုးရ က ပေးသမျှ သကာကို ယူထားရမယ်လို့ ဆိုနေ ကြပါတယ်။ ကျန်တဲ့ အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှ မဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလို ရသမျှ ယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော် များများဟာ ရသမျှ ကိုယ့်အတွက် အမြတ်ပဲ ဆိုတဲ့ သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖ စစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာ ကတော့ မလွဲပါဘူး။

တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေ ထုထဲမှာလည်း လေကြောင်း အပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်း လာတာနဲ့ ပြည်ပရောက် တချို့ကလည်း ချက်ချင်း လေသံပြောင်းကုန်ကြတာကို အံ့သြစရာ တွေ့ရပါတယ်။ ကိုးကန့် ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲ ပြောနေသူ တွေဟာ “စစ်ဗိုလ် တမတ်သား ကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည် နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသ တခုပဲလို့ ဆိုရ ပါလိမ့်မယ်။ တကယ်တော့ သူတို့ အရင်က ပြောခဲ့တဲ့၊ အခုနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်း ထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက် တွေရဲ့ မျက်နှာဖုံး စာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။

ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ် သြဇာအောက် ရောက်သွား လိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင် ၀င်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့ အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှုထဲ ကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီ ကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြ နေတာလားလို့ မေးရမလိုတောင် ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့ စီးပွားရေး လုပ်နိုင်ဖို့ အတွက် နအဖကို ဘယ်လို ထုံးသုတ် ရွှေချပေးရမလဲ စဉ်းစားနေတာသာ ဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ် ၀င်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည် နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။

ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီး ပေါင်းစုံနဲ့ ဆက်ဆံ ဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်း ၀င်ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင် တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့ အခါမှာ သူတို့လည်း လိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလို ပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီ ရပ်လျက် ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုရော၊ တခြား နိုင်ငံရေး အကျဉ်းသမား တွေကိုပါ ချောင်ထိုးလိုက်ပြီ ဆိုတဲ့ အဖြစ်ပါပဲ။ နိုင်ငံရေး သမားတွေ အဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ် ပေးနိုင်တယ် ဆိုတာ မမေ့သင့်ပါဘူး။

အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်း ပုံပြောင်းယူမယ် ဆိုတာပါ။ အခုလို တရားမ၀င် အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့ မရဘဲ ဖွံ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲယူမယ် ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလား ဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည် အနာဂတ်အတွက် တာဝန် မယူရာ ကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာ တခုလုံးနဲ့ ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာ နောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်း တမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့ အနေအထားမှာ ဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာ ဖြစ်ပါတယ်။

ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူက အာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့ အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီ ဆောင်းပါးတွေ ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင် ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ် ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်က ချုပ်ကိုင်ထားတဲ့ အစိုးရကို ပြောင်းယူ နိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်း မထုတ်တာ သတိထားစရာပါပဲ။

နောက်အံ့သြစရာအချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသား ရင်ကြားစေ့ရေး စကား တခွန်းမှ မပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် တနှစ်ခွဲ ချလိုက်တာဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် အလားအလာကောင်း ဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။

တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီ ဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကြေအေးချင်တယ် ဆိုတာ တဖက်တည်းက ကြေအေးလို့ ရတာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့ အခါမှာ ဦးနု စကားနည်းရန်စဲ လုပ်လိုက်တာဟာ တိုင်းပြည်လည်း ငါးပါးရော သံဃာစင်ပါ မှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ် ကြေအေးလို့ မဖြစ်ဘူး ဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခု ဖြစ်ပါတယ်။

သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက် မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာ ပေးလိုက်ပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည် တပြည်မှာ အာဏာ ရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့ စကားလုံးကို သုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက် ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာ မရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံး တည်ရှိတာ မဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာ မဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာ ပေးရတာချည်းပါပဲ။

အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။

Ref: ခေတ်ပြိုင်


0 comments:

အပေါ်သို့