..............................

Tuesday, September 1, 2009

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အပိုင်း- ၁)

Saturday, August 29, 2009

အခန်း (၁)

နိုင်ငံရေးဆိုရာဝယ်

နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ လူအများကို စိတ်လှုပ်ရှားစေတဲ့ စကားလုံးလေး တခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတဦးနဲ့တဦး၊ လူ့အဖွဲ့အစည်း တခုနဲ့ တခု၊ လူမျိုးတမျိုးနဲ့ တမျိုး၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံတို့ အကြားမှာ သဘော မတူညီမှုတွေ ရှိနေလို့ပါပဲ။ လူ့လောကမှာ ဘယ်လို နေထိုင်ကြမလဲ၊ ဘယ်သူတွေက ဘာတွေကို ရသင့်သလဲ၊ ပါဝါနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေ သုံးစွဲမလဲ၊ လူ့အဖွဲ့အစည်းမှာ ပဋ္ဋိပက္ခတွေ ရှိသင့်သလား၊ ပူးပေါင်း ဆောင်ရွက်သင့် သလား၊ ဘယ်သူ့ဆီမှာ ပြောရေး ဆိုပိုင်ခွင့် ရှိသလဲ၊ ဆုံးဖြတ်ချက်တွေကို လူတယောက်က ချသင့်သလား၊ လူအများက ချသင့်သလား စတဲ့ အထွေထွေ အကြောင်းအရာ မျိုးစုံမှာ တွေးခေါ်မှုတွေ ကွဲပြားပြီး၊ အမြင် မတူမှုတွေ ရှိနေတတ်ပါတယ်။ ဒီလို အမြင်မတူမှုတွေ၊ ဆွေးနွေး ငြင်းခုံမှုတွေ၊ ထောက်ပြ ဝေဖန်မှုတွေ ကနေ တဆင့် ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်တွေ၊ အကျိုးစီးပွား ဖြစ်ထွန်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေး တွေးခေါ်ပညာရှင် အရစ္စတိုတယ်က နိုင်ငံရေးဆိုတာ လူသားတွေရဲ့ ဘ၀ တိုးတက်မှုကို ဖြစ်ထွန်းစေတဲ့၊ လူ့ အဖွဲ့အစည်းကို ကောင်းကျိုး ချမ်းသာပေးတဲ့ ကြီးကျယ်မြင့်မားသော သိပ္ပံ ပညာကြီးတရပ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ပြီးတော့ နိုင်ငံရေးဆိုတဲ့ သဘောတရားမှာ ဒိုင်ယာလော့ခ် ဆိုတဲ့ သဘောတရား ပါဝင်နေပြီး ဖြစ်ပါတယ်။ လူတဦး တယောက်တည်း ရှိနေတဲ့ အခါမှာ နိုင်ငံရေး မရှိနိုင်ပါဘူး။ လူတဦး တယောက်ဟာ စားဝတ် နေရေး အတွက် ရှာဖွေ စားသောက်ရမှာ ဖြစ်တဲ့ အတွက် ရိုးရှင်းတဲ့ စီးပွားရေး အဆောက် အအုံကို တည်ဆောက် နိုင်ပါတယ်။ အနုပညာတွေ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် လူတဦး ထပ်ရောက် လာမှသာ နိုင်ငံရေး အပြုအမူတွေကို ဖန်တီး ဆောင်ရွက်လို့ ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပညာရှင်တွေက ရော်ဘင်ဆန် ခရူးဆိုး ဥပမာကို ခိုင်းနှိုင်း ပြောဆို တတ်ကြပါတယ်။

ရော်ဘင်ဆန်ခရူးဆိုးနှင့် နိုင်ငံရေး

(၁၇၁၉) ခုနှစ်မှာ ရော်ဘင်ဆန်ခရူးဆိုး၏ ဘ၀နှင့် ထူးဆန်းသော စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို ဒယ်နီရယ်ဒီဖိုး ဆိုသူက ရေးသား ထုတ်ဝေခဲ့ပါတယ်။ အဲဒါကတော့ လူသူ ကင်းမဲ့နေတဲ့ ကျွန်းတကျွန်း ပေါ်မှာ ရေမျော ကမ်းတင် ဖြစ်နေတဲ့ အင်္ဂလိပ် လူမျိုး တယောက်ရဲ့ ဇာတ်ကြောင်း ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အထီးကျန် ဖြစ်နေတဲ့ ရော်ဘင်ဆန် ခရူးဆိုးဟာ နှစ်ပေါင်း (၁၅)နှစ် ကြာအောင် ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း နေသားတကျ ဖြစ်အောင် လုပ်ယူ ခဲ့ရပါတယ်။ အဲဒီ အထီးကျန်ကာလ အခြေအနေမှာ ကျွန်းပေါ်မှာ နိုင်ငံရေးဆိုတဲ့ စကားလုံး ပျောက်ကွယ် နေခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်းပေါ်မှာ အသံထွက် စကား ပြောနိုင်သူ ဆိုလို့ ခရူးဆိုး တယောက်ပဲ ရှိလို့ပါ။

ဒီလိုနဲ့နှစ်ပေါင်းများစွာ နေလာရာကနေ တနေ့ကျတော့ ပင်လယ်ကမ်းစပ် တလျှောက်မှာ လမ်းလျှောက်နေရင်း ခရူးဆိုးဟာ လူ့ခြေရာအစုံကို စပြီး တွေ့ခဲ့ပါတယ်။ “ကျွန်ုပ်သည် မိုးကြိုး ပစ်ခံလိုက်ရသော လူတယောက် ကဲ့သို့ ရပ်နေမိသည်“ ဆိုပြီး ခရူးဆိုးက ရေးခဲ့ပါတယ်။ အဲဒီအချိန်က စပြီး နောင် (၁၃) နှစ်အကြာ ကျွန်းပေါ်မှ လွတ်မြောက်ချိန် အထိ ခရူးဆိုးတယောက် နိုင်ငံရေး ပြဿနာ မျိုးစုံကို ရင်ဆိုင် ရပါတော့တယ်။ သူခြေရာ တွေ့ခဲ့တဲ့ လူဟာ ဘယ်သူလဲ။ မိတ်ဆွေလား ရန်သူလား။

အဲဒီ အသိနဲ့ သူ့ဘာသာသူ ကာကွယ် စောင့်ရှောက်ရေး အစီအစဉ် သစ်တွေ ပြုလုပ် ရပါတော့တယ်။ ခရူးဆိုး လုပ်ခဲ့တာကတော့ ယနေ့ခေတ် အခေါ် လက်နက် တပ်ဆင်ရေး၊ ကာကွယ်ရေး စီမံချက်ပါပဲ။ ပထမဦးဆုံး သူနေတဲ့ နေရာကို ခိုင်မာ တောင့်တင်းအောင် ပြုလုပ်တယ်။ နောက်တော့ ပုန်းခိုရာ နေရာများ၊ ပြောင်းချော သေနတ်များ ချထားရန် နေရာများ သတ်မှတ်တယ်။ ရန်သူကို ရင်ဆိုင် တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားတယ်။ သူခြေရာ တွေ့ခဲ့တဲ့ လူဟာ သူ့အပေါ်ကို အန္တရာယ် ရှိချင်မှရှိမယ်။ မဟုတ်ပဲ အန္တရာယ် ရှိချင်လဲ ရှိလာနိုင်တယ် ဆိုတဲ့ အမြော်အမြင်၊ ဆင်ခြင်တုံ တရားနဲ့ ကာကွယ်ရေး မူဝါဒကို ပြဌာန်းထားခဲ့ပါတယ်။

နောက်ပိုင်းမှာ ခရူးဆိုးဟာ ကျွန်းပေါ်မှာ လူတယောက်တည်း တင်မကပဲ လူအများ ရောက်ရှိလာတယ် ဆိုတာကို သဲလွန်စ ရသွားတယ်။ အဲဒီလူတွေဟာ လူသားစား လူရိုင်းများ ဖြစ်တာလဲ သိပြီးနောက်ပိုင်း ကိုယ့်ဘက်တင် သာမက အခြား တဘက်ကိုပါ စတင် မေးခွန်း ထုတ်လာရတယ်။ သူ့ရဲ့ ကာကွယ်ရေး မူဝါဒ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား၊ ဖမ်းဆီး စားသောက် ခံရခြင်းကနေ လွတ်မြောက်မှာလား၊ မလွတ်မြောက် ဘူးလားကို သူကိုယ်တိုင် သေချာ မသိပါဘူး။ ဒါပေမယ့် အသက်ရှင် ရပ်တည်ရေး အတွက် ကြိုးစားဖို့ သူစိတ်ပိုင်း ဖြတ်ထားလိုက်တယ်။ အဲဒီဆုံးဖြတ်ချက် နဲ့ပဲ သူ့ဘာသာသူ ကာကွယ်ရေး နည်းလမ်းများ တိုးတက်လာဖို့ အစွမ်းကုန် ကြိုးစားတယ်။

ခရူးဆိုးမှာ တယောက်တည်းဖြစ်ပြီး၊ လူသားစား လူရိုင်းများကတော့ အများနှင့် ဖြစ်တာကြောင့် ခရူးဆိုးရဲ့ ရပ်တည်ရေး မူက တတ်နိုင်သမျှ အဲဒီလူတွေကို ရှောင်ရှားရန် ဖြစ်တယ်။ ဒီလူတွေရဲ့ အခြေအနေကို လေ့လာ စူးစမ်းပြီး၊ မိမိ တည်ရှိနေမှုကို မသိအောင် ပုန်းကွယ်နေတဲ့ နည်းနဲ့ တိုက်ခိုက်လာမယ့် အန္တရာယ်ကို ရှောင်ရှား နိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီလို လေ့လာ စူးစမ်းနေရင်း သူ့မူကို ပြောင်းလဲရတော့မယ့် အခြေအနေ တခု ဖြစ်ပွား လာပါတော့တယ်။ အဲဒါကတော့ လူသားစား လူရိုင်းတွေရဲ့ သားကောင်တယောက် အသတ်မခံရမီ လွတ်မြောက် လာတာပဲ ဖြစ်ပါတယ်။

“ကျွန်ုပ်၏ အသိဥာဏ်များ လင်းလက်သွားသည်။ ကျွနိုပ်၌ အခိုင်းအစေ တယောက်၊ ဖြစ်နိုင်လျှင် အပေါင်းအဖော် တယောက်၊ လက်ထောက် တယောက် ရရှိရန် အချိန် ရောက်လာပြီဟု ယူဆလိုက်သည်။ ထိုယူဆချက်သည် သနားစရာ ကောင်းသော ထိုသူအား ကယ်ဆယ်ရန် စေ့ဆော်လိုက်သည်“ လို့ သူက ဆိုခဲ့တယ်။ အဲဒီ စေ့ဆော်ချက် ရှိလာတာနဲ့ ခရူးဆိုးဟာ လက်နက်စွဲကိုင်ပြီး လိုက်လံ ဖမ်းဆီးသူတွေနဲ့ အလိုက် ခံရသူကြားကို ၀င်ရောက် နေရာ ယူလိုက်တယ်။ လူသားစား လူရိုင်းတယောက်ကို အလဲထိုးချ လိုက်တော့ နောက် တယောက်က ခရူးဆိုးကို မြှားနှင့် ချိန်ရွယ်လို့ အဲဒီလူကိုပါ သတ်ပစ် လိုက်ရတယ်။

ဒီလိုနဲ့ နောက်ပိုင်းကျတော့ ခရူးဆိုးဟာ လူသားနှစ်ယောက် ပါတဲ့ လူ့အဖွဲ့အစည်း တရပ်ကို ထူထောင် လိုက်တယ်။ လူရိုင်းများလက်က ကယ်တင် လာတဲ့သူကို ဖရိုင်းဒေးလို့ အမည် ပေးလိုက်တယ်။ သူ့ကို သခင်လို့ ခေါ်ဖို့ ခရူးဆိုးက ဖရိုင်းဒေးကို သင်ထားတယ်။ အစပိုင်းမှာ ဖရိုင်းဒေးကို စိတ်ချ ယုံကြည်မှု အပြည့်အ၀ မရှိခဲ့ဘူး။ ညအိပ်ရင် တံခါးပိတ် အိပ်တယ်။ သူ့မျက်စိရှေ့မှာ ရှိနေချိန်က လွဲရင် ဖရိုင်းဒေး လက်ထဲမှာ လက်နက်တွေ မရှိဖို့ သူ သတိထားတယ်။ အဲဒီကနေ တဖြည်းဖြည်းချင်း သူတို့နှစ်ယောက် ကြားမှာ တဦးပေါ်တဦး စိတ်ချ ယုံကြည်မှုတွေ တိုးတက်လာတယ်။ ဆက်ဆံရေး အခြေအနေမှာ သခင်နဲ့ ကျွန် ဆက်ဆံရေးပဲ ဖြစ်ပေမယ့် အတူတကွ မိတ်ဆွေ၊ အပေါင်းအသင်းလို နေထိုင်ဖို့ သူတို့ နှစ်ယောက် တယောက်ကို တယောက် စတင် လေ့လာစ ပြုလာတယ်။

ဒီလိုအခြေအနေမှာ လူသားနှစ်ဦးသာ ရှိတဲ့ လူ့အဖွဲ့အစည်း ထဲကို အခြား လူသားနှစ်ဦး ထပ်မံ ရောက်ရှိလာတယ်။ လူသားစား လူရိုင်းတွေလက်က ထွက်ပြေး လွတ်မြောက် လာသူတွေပဲ ဖြစ်တယ်။ “ကျွန်ုပ်၏ ကျွန်းပေါ်၌ လူသားများ တိုးတက် လာသည်နှင့် အမျှ၊ ကျွန်ုပ်၌ တစတစ ပြီးပြည့်စုံ လာသည်ဟု ခံစားရသည်။ မိမိကိုယ်ကိုလဲ ရှင်ဘုရင်ကဲ့သို့ ထင်မြင်လာသည်။ ပထမဦးစွာ တိုင်းပြည် တခုလုံးအား ကျွန်ုပ်ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်း အဖြစ်သို့ သွတ်သွင်းရသည်။ သို့မှသာ ကျွန်ုပ်၏ အုပ်ချုပ်မှု အာဏာ တည်မြဲမည် ဖြစ်သည်။ ထို့နောက် ကျွန်ုပ်၏ နိုင်ငံသားများ အလုံးစုံ သစ္စာ ခံစေရန် ဆောင်ရွက်ရသည်။ ကျွန်ုပ်သည်သာ အရှင်သခင်၊ ဥပဒေ ပြုသူဖြစ်သည်။ ၄င်းတို့သည် အသက်နှင့် ခန္ဓာကို ကျွန်ုပ်ထံ၌ ပေးလှူထားရပြီး၊ ကျွန်ုပ်သည်သာ သက်ဦးဆံပိုင် ဖြစ်သည်“ ဟူ၍ ခရူးဆိုးက ရေးသားခဲ့ပါတယ်။

အဲဒီကျွန်းလေးမှာ ထပ်ဖြစ်လာတဲ့ နောက်တဆင့် နိုင်ငံရေးကြောင့် ခရူးဆိုး လွတ်မြောက်ပြီး အင်္ဂလန်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဒီတကြိမ် ကျွန်းပေါ်ကို ထပ်ရာက် လာသူတွေကတော့ အင်္ဂလိပ် သင်္ဘောသား တွေပါ။ လူသားစား လူရိုင်းတွေလိုပဲ သင်္ဘောသားတွေ ကလဲ နှစ်အုပ်စု ကွဲနေတယ်။ စားမည့်သူနဲ့ အစားခံရမည့် သူတွေတော့ မဟုတ်ဘူး။ ပုန်ကန် ဖီဆန်သူများနဲ့ ဓားစားခံ ဖြစ်နေတဲ့ အရာရှိ နှစ်ဦးနဲ့ ခရီးသည်များ ဆိုပြီး အုပ်စုနှစ်စု ကွဲနေတယ်။ အဲဒီ အခြေအနေမှာ ခရူးဆိုးက အရေးနိမ့်သူတွေ ဘက်က ကူညီဖို့ ဆုံးဖြတ် လိုက်တယ်။

ဒီလိုဆုံးဖြတ်ပြီး ပုန်ကန်သူ သင်္ဘောသားတွေ ကျွန်းပေါ်မှာ စူးစမ်း လေ့လာနေတုန်း အရာရှိ အုပ်စုကို သူချဉ်းကပ်ပြီး သူ့ရဲ့ အဆိုပြုချက်ကို တင်သွင်းတယ်။ အဲဒီ အဆိုပြုချက်က ကမ်းလှမ်းချက် နှစ်ရပ်ကို လိုက်လျောရင် ရန်သူလက်က လွတ်မြောက်ဖို့ အကူအညီ ပေးမယ်လို့ ဆိုတာဖြစ်တယ်။ ကမ်းလှမ်းချက် အမှတ်(၁)က ကျွန်းပေါ်မှာ နေထိုင်စဉ် ကာလတလျှောက် သူ့အာဏာ တည်မှုကို မငြင်းဆန်ဖို့နဲ့ ကမ်းလှမ်းချက် (၂)က သင်္ဘောကို ပြန်သိမ်းပိုက် နိုင်ရင် သူနဲ့ သူ့လူတွေကို အင်္ဂလိပ် ရေလက်ကြားကို ပို့ဆောင်ပေးဖို့ဖြစ်တယ်။

ကမ်းလှမ်းချက်ကို လက်ခံတဲ့အတွက် ခရူးဆိုးက သူတို့တွေကို လက်နက် တပ်ဆင်ပေးပြီး ပုန်ကန်သူတွေကို အတူတကွ ၀ိုင်းဝန်း နှိမ်နင်းပြီး ခေါင်းဆောင်ကို ကြိုးပေး သတ်လိုက်တယ်။ ငယ်သားတွေကို လက်နက် ဖြုတ်သိမ်းပြီး ကျွန်းပေါ်မှာ နေရစ်ခဲ့မည်လား (သို့မဟုတ်) သံခြေကျင်း ခတ်ကာ အင်္ဂလန်သို့ ခေါ်ဆောင်ပြီး ကြိုးပေးရမည်လား ဆိုပြီး ရွေးချယ်ခိုင်းတယ်။ အသက်ရှင်မှုကို ရွေးချယ်ကြလို့ ကျွန်းပေါ်တွင် ထားရစ်ခဲ့တယ်။ ဒီလိုနဲ့ ခရူးဆိုးနဲ့ သူ့ မဟာ မိတ်တွေဟာ အင်္ဂလန်ကို ချောမောစွာ ပြန်ရောက်ခဲ့ကြတယ်။

ဒီဥပမာဟာ ဖရိုင်းဒေးဆိုတဲ့ နောက်ထပ် လူသားတယောက် ပေါ်ထွက် လာချိန်မှာ နိုင်ငံရေး စတင် ပေါ်ထွက် လာခဲ့တာ၊ ရန်သူလား၊ မိတ်ဆွေလား မသိတဲ့ နောက်ထပ် လူတယောက် ကျွန်းပေါ်မှာ ရှိနေပြီလို့ သိလာတဲ့ အချိန်မှာ မိမိကိုယ်ကို ကာကွယ်ရေး မူတွေ ချမှတ်လာတွေ၊ လူအများ ရောက်လာချိန်မှာ အပေးအယူ လုပ်တာတွေ၊ အရေးနိမ့်သူ ဘက်က ရပ်တည်ပေးရင်း ကိုယ့်အတွက် အကျိုးရှိမယ့် ရလာဒ်ကိုပါ တွက်ချက် စဉ်းစားတာတွေကို မီးမောင်း ထိုးပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ လူတဦး တယောက်ထက် ပိုလာတဲ့ အချိန်အခါ မျိုးမှာ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် ဒိုင်ယာလော့ခ် သဘောတရားတွေ၊ အာဏာ ကျင့်သုံးမှုတွေ ပါဝင် နေပြီးသားလို့ ပညာရှင်တွေက အဆို ပြုထားကြတာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆိုတဲ့ စကားလုံးရဲ့ သဘောတရားတွေကို လူနှစ်ဦး နှစ်ယောက်ကနေ ကျော်လွန်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ကျက် ကြည့်ကြ ရအောင်ပါ။

နိုင်ငံရေးအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း

နိုင်ငံရေးဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အခါမှာ ပြဿနာ နှစ်ရပ်နဲ့ ကြုံကြ ရတယ်လို့ နိုင်ငံရေး ပညာရှင် အင်ဒရူးဟေးဝဒ်က ရေးသား ခဲ့ဖူးပါတယ်။ ပထမပြဿနာ တရပ်ကတော့ နိုင်ငံရေး ဆိုတာကို အဓိပ္ပာယ် တမျိုးနဲ့ သဘောပေါက် နေကြတာမျိုးပါ။ တချို့က ဒါကို ပညာရပ် နယ်ပယ်တခုလို့ သဘောထား ကြတယ်။ တချို့ကျတော့လဲ နိုင်ငံရေး ဆိုတာကို မိမိလိုရာ အမြင်၊ အတွေးတွေနဲ့ ဆွဲယူ နားလည် ထားကြတယ်။ ပိုဆိုးတာကတော့ နိုင်ငံရေး ဆိုတာကို ညစ်ညမ်းတဲ့ စကားလုံး၊ ရှုပ်ထွေးတဲ့ စကားလုံး အဖြစ် ရှုမြင်သူတွေ ရှိနေတာပါ။ နိုင်ငံရေး ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ စစ်ပွဲတွေ၊ ဖမ်းဆီး သတ်ဖြတ်မှုတွေ၊ နိုင်ငံတကာ ပြဿနာတွေ၊ အကျဉ်းထောင်တွေ၊ လိမ်ညာ လှည့်ဖျားမှုတွေကိုပဲ ဆက်စပ် တွေးမိနေကြသူတွေ ရှိပါတယ်။ နိုင်ငံရေးဆိုတဲ့ သဘောတရား တွေထဲမှာ ဒီအကြောင်း အရာတွေ ပါဝင်တာမှန်ပေမယ့် တခြား အကြောင်းအရာတွေ ဖြစ်တဲ့ နိုင်ငံတော် အုပ်ချုပ်ရေး၊ လူအများ အကျိုး သယ်ပိုး ဆောင်ရွက်ရေး၊ ပြည်သူလူထု အတွက် အကျိုးရှိစေမယ့် ကျန်းမာရေး၊ ပညာရေး၊ ကူးသန်း ရောင်းဝယ်ရေး မူဝါဒများ ချမှတ်ရေး စတာတွေနဲ့လဲ ဆက်စပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် အဒရီယန် လက်ဘ်ဝစ်ခ်ျ ကတော့ နိုင်ငံရေးဆိုတာ စုပေါင်း လုပ်ဆောင်တဲ့ လူမှု လုပ်ငန်းဆောင်တာတွေ အားလုံးရဲ့ ဗဟိုချက်မ ဖြစ်ပြီး၊ မိသားစုတွင်းမှာလဲ မိသားစုနိုင်ငံရေး၊ မိတ်ဆွေ သူငယ်ချင်း အုပ်စုမှာလဲ မိတ်ဆွေ အုပ်စု နိုင်ငံရေး၊ လူမျိုးတွေ မှာလဲ အမျိုးသား နိုင်ငံရေး၊ ကမ္ဘာကြီး တခုလုံး မှာလဲ ကမ္ဘာ့ နိုင်ငံရေး စသဖြင့် အလွှာမျိုးစုံ၊ နေရာစုံမှာ နိုင်ငံရေး ဆိုတဲ့ သဘောတရား ပါဝင် ပတ်သက်နေတယ် လို့ ဆိုထားခဲ့ပါတယ်။

နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ နောက်ထပ်ကြုံကြတဲ့ ပြဿနာ တရပ်ကတော့ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီး နားလည်မှုအမြင်တွေ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။ တချို့က နိုင်ငံရေးဆိုတာကို အာဏာ ကျင့်သုံးမှုလို့ နားလည်ကြတယ်။ တချို့က ကျတော့ အများ စုပေါင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်မှုလို့ မြင်ကြတယ်။ တချို့က ကျတော့ ရှားပါးတဲ့ အရင်းအမြစ်တွေကို ခွဲဝေ အသုံးချမှုလို့ ယူဆကြတယ်။ တချို့က ကျတော့ နိုင်ငံရေး ဆိုတာ လိမ်ညာလှည့်ဖျားတဲ့ အနုပညာ တရပ်လို့ တွေးမြင်ကြပြန်တယ်။ နိုင်ငံရေးလောက ဆိုတာ ရှုပ်ထွေးတယ်၊ ပါးနပ် လိမ်မာမှ ရမယ်၊ ကွက်ကျော် ရိုက်နိုင်မှ ရမယ်ဆိုတဲ့ အဆိုတွေဟာ ဒီနောက်ဆုံး အတွေးအခေါ် ကနေ မြစ်ဖျားခံလာတာ ဖြစ်တယ်။ နိုင်ငံတနိုင်ငံက လူအများဆီမှာ ဒီအတွေးအခေါ်၊ အမြင်တွေ ရှိလာရင် သိပ်အန္တရာယ် ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတဲ့ စကားလုံး နောက်ကွယ်က လူ့ အဖွဲ့အစည်းကို အကျိုးပြု နိုင်စေတဲ့ ကြီးကျယ် မြင့်မြတ်သော သဘောတရားတွေကို မရှုမြင် နိုင်တော့လို့ပဲ ဖြစ်ပါတယ်။ မျက်စိတဘက်ရဲ့ အလင်းရောင်ကို အမှောင် ဖုံးသွားတာနဲ့ အတူတူပဲ ဖြစ်သွား တတ်တာကြောင့် အဆိုးနဲ့ စမြင်တဲ့အခါ ကောင်းမွန်တာတွေကို မမြင်နိုင်တော့ပါဘူး။ ဘယ် အကြောင်းအရာ မှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ အချက်အလက်၊ မှန်ကန်တဲ့ သဘောတရားကို အဆိုးဘက်ကကော၊ အကောင်းဘက်ကပါ သိရှိနားလည်ဖို့ လိုအပ် လှပါတယ်။

ယေဘုယျအားဖြင့် နိုင်ငံရေးဆိုတဲ့ အနက် အဓိပ္ပာယ်ကို ဖွင့်ဆိုကြရမှာ အမြင်လေးမျိုး ကွဲပြား ခြားနားပါတယ်။ ပထမ တမျိုးကတော့ နိုင်ငံရေးဆိုတာ အစိုးရ ဖွဲ့စည်းခြင်း၊ အုပ်ချုပ်ခြင်း အနုပညာ တရပ်လို့ မြင်ကြတာ ဖြစ်ပါတယ်။ ဒုတိယ တမျိုးကတော့ နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ (public affairs) လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ တတိယ တမျိုးကတော့ နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်း ပြုလုပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ တနည်းဆိုရင် ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာ တရပ်ကို တွေးမြင်ကြတာ ဖြစ်ပါတယ်။ နောက်ဆုံး တမျိုးကတော့ နိုင်ငံရေးဆိုတာ ပါဝါ ကျင့်သုံးမှုလို့ ရှုမြင်တာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင်တွင် ရေးသား ဖော်ပြထားသည့် ဆောင်းပါး ဖြစ်ပါသည်။

Ref: ခင်မမမျိုး


0 comments:

အပေါ်သို့