..............................

Friday, September 4, 2009

ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ပြီ

အေးလဲ
Thursday, 03 September 2009 18:11့ 

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ် အစိုးရက ၁ နှစ်ခွဲ နေအိမ် အကျယ်ချုပ် စီရင်ချက် ချထားမှုနှင့် ပတ်သက်ပြီး ယနေ့ ရန်ကုန်တိုင်း တရားရုံးသို့ အယူခံ တင်ခဲ့ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီတွင် စတင် အယူခံ တင်ခဲ့သော်လည်း တရားရုံးက နေ့လယ် ၂ နာရီခန့်မှ လက်ခံရေး၊ လက်မခံရေး အတွက် ၄ ရက်နေ့ကို ရက်ချိန်း ပေးလိုက်သည်ဟု ဦးဉာဏ်ဝင်း က ပြောဆိုသည်။

“နက်ဖြန်ခါ လက်ခံရေး၊ လက်မခံရေး မနက် ၁၀ နာရီမှာ လျှောက်လဲချက် ပေးပါတဲ့၊ ကျနော်တို့ ကတော့ လက်ခံဖို့ လျှောက်လဲချက် ပေးမှာပေါ့၊ အဲဒါ ပေးပြီးတော့မှ လက်ခံတယ် မခံဘူး အမိန့်ချမယ်၊ ဒါ ပထမအဆင့် ပါ၊ တကယ်လို့ လက်မခံဘူး ဆိုရင်တော့ high court သွားရမှာပေါ့၊ လက်ခံတယ် ဆိုရင်တော့ ဒီရုံးမှာပဲ နောက်ထပ် နောက်ဆုံး လျှောက်လဲချက် ပေးရဦးမှာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက် ပါဝင်သည်ဟု ဆိုသော်လည်း ထိုအချက် အလက်နှင့် ပတ်သက်ပြီး ပြောခွင့် မရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

“တရားရုံးမှာ လျှောက်လဲရမယ့် ကိစ္စကို မလျှောက်လဲခင် ကျနော်တို့ မပြောနိုင်ပါဘူး”ဟု ၎င်းက ပြောသည်။

ယနေ့ အယူခံတင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ဒုတိယပတ်အတွင်းက ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အာဏာပိုင် များက စီစဉ်ပေးသော ဆရာဝန် အမျိုးသမီးတဦးကို လက်မခံ လိုသောကြောင့် သူ၏ ပုံမှန် ဆေးကုသ စစ်ဆေး ပေးနေသည့် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့် ပေးရန်တောင်းဆို ထားသေးသည်။

ယင်း တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဒေါက်တာ တင်မျိုးဝင်နှင့် ဆက်လက် ကုသခွင့် ပေးသည်၊ မပေးသည်ကို အာဏာပိုင်များက အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ကိုလည်း ဦးဉာဏ်ဝင်း ကပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလ ပိုင်းတွင် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောက သူ၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုကို အကြောင်းပြုပြီး နေအိမ် အကျယ်ချုပ် ချိုးဖောက်မှုဖြင့် တရားဆွဲကာ အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

သြဂုတ်လ ၁၁ ရက်နေ့၌ အင်းစိန်ထောင်တွင်း အထူး တရားရုံးက ဒေါ်အောင်ဆန်း စုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်သည်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့ သည်လည်း ထိုနည်းတူ တရားစွဲ ခံရသည်။ ကျူးကျော် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်ထောကိုမူ ထောင် ၇ နှစ် စီရင်ချက် ချခဲ့ သော်လည်း ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


Ref: ဧရာဝတီ

....

0 comments:

အပေါ်သို့