..............................

Wednesday, September 2, 2009

တရုတ်ပြည်သို့ စစ်အစိုးရ အဆင့်မြင့်အရာရှိကြီးများ ရောက် ရှိနေ

ရန်ပိုင်
Tuesday, 01 September 2009 19:25

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဗိုလ်မှုးချုပ် ဘုန်းဆွေ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သြဂုတ်လ ၃၁ ရက်နေ့က ရောက်ရှိနေကြောင်း သိရသည်။

ယခု ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှုးချုပ် ဘုန်းဆွေ နှင့် အတူ ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ၅ ဦးပါဝင်သည် ဟု တရုတ် အာဏာပိုင်များနှင့် နီးစပ်သူ တဦးကပြောသည်။

“ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်တာ ၊ သြဂုတ် ၃၁ရက်နေ့က မူဆယ်က နေပြီး ကူးသွားတယ်၊ ရွှေလီ ဘက်ခြမ်းမှာ လက်ခံ တွေ့ဆုံမယ့်သူ မရှိလို့ ကူမင်းကို ဆက်သွားတယ်လို့ ပြောတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် ခေတ္တ တွေ့ဆုံ ဆွေးနွေးပြီးနောက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်သွားသည်ဟု သိရသည်။

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများ ဖြစ်ပွားပြီး စတွင် ယခုကဲ့သို့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည့် အတွက် နယ်စပ် တင်းမာမှုများကို ဆွေးနွေးရန် ဖြစ်နိုင်ကြောင်း လေ့လာသူများ ယူဆ နေကြသည်။

ကိုးကန့်ဒေသ စစ်ရေးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ တရုတ်မြန်မာ နယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာ စစ်အစိုးရအား တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်း ပြောကြားထားသည်။

“မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာ ကိုင်တွယ်ရန် လိုကြောင်း၊ တရုတ် အစိုးရ အနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံသားများအား နိုင်ငံသား အခွင့်အရေးများ နှင့် အကာ အကွယ်ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jian Yu က ပြောကြားခြင်း ဖြစ်သည်။

ပြီးခဲ့သည် တနလာင်္နေ့ ကပင် ကိုးကန့်ဒေသမှ ထွက်ပြေး လာသော ဒုက္ခသည်များ မြန်မာနိုင်ငံ ဘက်သို့ စတင်ပြီး ပြန်လည် ၀င်ရောက် နေပြီ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံ ဘက်သို့ စစ်အစိုးရ တပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲ၍ တရုတ်လူမျိုး တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသည်ဟု သိရသည်။

ကိုးကန့်ဒေသ မှ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသော ဒုက္ခသည် ပေါင်း ၃၇၀၀၀ အတွက် တရုတ် အစိုးရမှ လူသားချင်း စာနာမှု အရ တရုတ်ယွမ်ငွေ ၁၀ သန်း ( အမေရိကန် ဒေါ်လာ ၁.၄သန်းခန့် ) သုံးစွဲခဲ့သည် ဟု သြဂုတ်လ ၃၁ ရက်နေ့ ကဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့