..............................

Monday, August 10, 2009

စစ်သည်တစ်ဦး၏ ရင်ဖွင့်စကား

ယနေ့ မြန်မာနိုင်ငံတော်ကြီးမှာ စစ်အာဏာရှင်တွေရဲ့ သွေးထိုး သပ်လျှိုမှုကြောင့် တပ်မတော်နဲ့ ပြည်သူ ဒို့ရန်သူ ဖြစ်နေကြရတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့ တပ်မတော် သားတွေဆိုတာ ပြည်သူလူထုက ပေါက်ဖွား လာခဲ့ရတာပါ။ ပြောရရင် ပြည်သူ့ ရင်သွေး စစ်စစ်တွေပါ။ ကျွန်တော်တို့ကို တပ်မတော်က မွေးကတည်းက ဖန်ဆင်းလိုက်တာ မဟုတ်ပါဘူး။ ဒီကနေ့ ကျွန်တော်တို့ တပ်ရင်း၊ တပ်ဖွဲ့ တွေမှာနောက်ပြောင် ပြောဆို နေကြတာရှိပါတယ်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတော့ ငါတို့ရဲ့အဖေ၊ အမေတို့က အလိုလိုနေရင်း ပထွေးတွေ မိထွေးတွေ ဖြစ်ကုန်ပါပြီ ကွာတဲ့။ ပြီးတော့ ရှိပါသေးတယ်..။ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲပြေး တဲ့။ ရဲရဲတော့ မချေမှုန်း ချင်တော့ပါဘူးဗျာ။

ကျွန်တော်တို့ အနှစ် ၄၀ ကျော် ပြည်တွင်းစစ်ကြီးဟာ တကယ်ဆို အိမ်ကြက်ချင်း အိုးမဲသုတ်လို့ ခွပ်နေကြရတဲ့ အဖြစ်တွေမှန်း အောက်ခြေ ရဲဘော်ကအစ သဘောပေါက် လာကြပါပြီ။ ကျွန်တော်တို့ကိုတော့ အမျိုးမျိုး မိုက်စိတ်တွေ သွင်းပေးပြီး ကိုယ့်တိုင်းရင်းသား အချင်းချင်း သတ်ဖြတ် ခိုင်းနေတဲ့ ဗိုလ်ချူပ်ကြီးတွေကို အော့နှလုံး နာနေကြပါပြီ။ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရလို့ အထူးကြပ်မတ် ကုသ ပေးနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ မိုင်းနင်း မိလို့ ခြေပြတ်၊ လက်ပြတ် စစ်သည် အရာရှိတွေကို ကစထမှူး ဆိုတဲ့ကောင်တွေက Queen အချိုရည်လေး တစ်ပုလင်းလောက်ကို လူကြုံနဲ့ ပို့ပြီး ၀မ်းနည်းကြောင်း ဟန်ဆောင်စကားလေး တစ်ခွန်းလောက် နဲ့ပဲ နှစ်သိမ့် ပေးပါတယ်။ ကျန်တာ ဘာခံစားခွင့်မှ မရှိသလို ဆေးကုသမှု ခံယူရတဲ့ နေရာတွေမှာ ဆိုလည်း တပ်မတော် အရိုးကုက အရာရှိတွေရဲ့ သမားစိတ် မရှိလို့ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ခုတ်ပြီး အကု ခံရတာတွေလည်း အများကြီးပါ။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် ကိုယ်လက် အင်္ဂါ ချို့တဲ့နေတဲ့ စစ်သည်ဟောင်း၊ အရာရှိဟောင်းကို မေးကြည့်ပါ။ ခြေလက် မဖြတ်ချင်ဘဲ စပါယ်ရှယ် ကုသချင်ရင် စပါယ်ရှယ် လာဘ်ထိုးရပါတယ်။ ကျွန်တော်တို့လို မျက်နှာမွဲ စစ်သည်များ ဆိုရင်တော့ မိုင်းထိလား ဖြတ်ပလိုက် ဆိုတာမျိုး ဖြစ်နေပါတယ်။

စစ်ရုံးချူပ်လိုနေရာမျိုးမှာလည်း အရာရှိ၊ စစ်သည် တော်တော်များများဟာ ခွက်ပျောက် ဘ၀နဲ့ မျောက်မှိုင် မှိုင်နေ ရပါတယ်။ တနေကုန် ရုံးထဲမှာ အလုပ်မရှိတဲ့ အချိန်ဆို ချဲတွက်တဲ့ စစ်သည်ကတွက်၊ ချဲဒိုင်ကိုင်တဲ့ အရာရှိကကိုင် လို့ မိသားစု စားဝတ်နေရေး အတွက် ကြံဖန် ရှာရပါတယ်။ နေပြည်တော် စစ်ရုံးကြီးဆိုလို့ အထင်ကြီးစရာ တကွက်မှ မရှိပါဘူး။ ရွှေထီးပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတယ်။ Staff အရာရှိက အမှုတွဲကိုင် စာရေးတွေကို " ဒီနေ့ဘာ ဂဏန်းကောင်းလဲဟေ့..။ ဟော့ဖြစ်တာရှိရင် ပြောစမ်းပါ..။ ဒီမှာ အကွက်ပိတ်မလို့ " ဆိုတဲ့ အသံတွေပဲ ကြားနေရ ပါတယ်။ ဒါက G3၊ A3၊ Q3 ဆိုတဲ့ စစ်ဦးစီး တတိယတန်းတွေ လောက်မှာပဲ ဖြစ်နေ ကြတာပါ။ စစ်ဦးစီး ဒုတိယတန်း၊ ပထမတန်းတို့လဲ သူ့အပူနဲ့သူ ရှိကြမှာပါ။ ကျွန်တော်က မနီးစပ်တော့ မသိပါဘူး။

နောက်တစ်ခု ရှိပါသေးတယ်။ နေပြည်တော်ဆိုတဲ့ တောမြို့ကြီးမှာ လျှိုမြောင်၊ တောတောင် တွေက အင်မတန် ပေါများလေတော့ သစ်တပင် အောက်၊ ၀ါးတပင်အောက် တွေမှာဆို ဖဲကျိတ်ဝိုင်း ကလေးတွေ အသီးသီး ရှိကြပါတယ်။ ဟိုဘက်ရုံး၊ ဒီဘက်ရုံးတွေ ချိန်းပြီး ထမင်းစားနားတဲ့ အချိန်မှာ ဖဲကျိတ်ဝိုင်းလေးတွေ လုပ်ကြပါတယ်။ ပြေလည်တဲ့ စစ်သည် တစ်ချို့လဲ ဆိုင်ရာဆိုင်ရာကို လာဘ်လာဘ လေးများ ပူဇော်ပသပြီး ဆိုင်ကယ် ကယ်ရီ ဆွဲကြပါတယ်။ သိပ်မပြေလည်တဲ့ လူတွေကျတော့ အမှုတွဲကိုင် စာရေးများ ရုံးခန်းထဲမှာ ဒိုင်လျှိုလေးနဲ့ လဘက်ရည် ဆိုင်လေးတွေ တနိုင် တပိုင်လုပ် ကြရပါတယ်။ လဘက်ရည်ဆိုင် ဆိုလို့ အထင် မကြီးလိုက်ပါနဲ့။ ရေနွေး ဓာတ်ဗူးလေး ၂ လုံး၊ ကော်ဖီမစ်ထုပ်ကြီး တထုပ်၊ နို့ဆီဗူးတဗူး ဆိုရင် မတ်တပ်ဆွဲ လဘက်ရည် ဆိုင်လေး ဖြစ်သွားပြီပေါ့ ခင်ဗျာ။ အရာရှိတွေကလည်း စစ်သည်တွေ သက်သာ ချောင်ချိရေး အတွက် တမင် ခွင့်ပြုထားပုံတော့ မဟုတ်ပါဘူး။ အနည်းအကျဉ်း လေးတော့ ရမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ။ အားလုံးဟာ ရတဲ့လစာနဲ့ မလောက်ငှလို့ ကြံဖန်ပြီး အပိုဝင်ငွေ ရှာနေကြရတာပါ။

ကျွန်တော်တို့ရုံးနဲ့ မနီးမဝေးမှာတော့ ဧရာနန္တ ကြီးကျယ် ခမ်းနားတဲ့ အိမ်ကြီးတွေ ထဲမှာ စည်းစိမ် ယစ်မူးနေကြတဲ့ ဗိုလ်ချူပ်ကြီးများရဲ့ဆွေတော် မျိုးတော်တွေ ရှိကြပါတယ်။ သူတို့တစ်နေ့ အရက်သောက်တဲ့ ပုလင်းခွံတောင် ကျွန်တော်တို့ တစ်နေ့ စားစရိတ်လောက် ရှိပါတယ်။ အခမ်းအနားတွေမှာ အကြီးအကဲ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပြောလေ့ ရှိတဲ့ စကားတခွန်းကို အမြဲ မှတ်မိနေပါတယ်။ တပ်မတော်မှာ အောက်ခြေ ရဲဘော်ကစလို့ ကာကွယ်ရေး ဦးစီးချူပ်ထိ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် အောက်မှာ နေကြရတာပါတဲ့။ ဟုတ်မဟုတ်ကို ကျွန်တော်တို့ အားလုံး သိပါတယ်ဗျာ။ ကျွန်တော်တို့တတွေမှာ ဖျာလိပ်ထဲ ၀င်မိတဲ့ ခွေးလို ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေကြ ပါပြီ။ ရှေ့တိုးရရင်လဲ ကိုယ့်ဘ၀ကိုယ် တတိတိ အလှီးခံရမယ်။ နောက်ဆုတ်မယ် ဆိုရင်လည်း တပ်မတော်က ထွက်ခွင့်မပေး။ ကိုင်း...ဘာ ဆက်လုပ်ရမလဲဗျာ။

နိုင်ငံတော် အကြီးအကဲ ဆိုသူများကို တောင်းပန်ချင်တာ ကတော့ အောက်ခြေက စစ်သည်များရဲ့ဘ၀ကို စာနာပြီး စားဝတ်နေရေး ပြေလည်အောင် ဖန်တီးပေး စေချင်ပါတယ်။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ လှည့်ပတ် ရန်တိုက် ပေးနေတာတွေကိုလည်း မလုပ်ပါရ စေနဲ့တော့။ ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်တဲ့အခါ ရပ်ရွာက မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း များက အရင်လို မဆက်ဆံ ကြတော့ပါ။ ကျွန်တော်တို့ကို မြင်ရင် မသတီတဲ့ မျက်လုံးတွေ ကြည့်ကြလွန်းလို့ ခွင့်တောင် မပြန်ရဲ ဖြစ်နေကြရပါပြီ ခင်ဗျာ..။

Ref: Freedom Right

0 comments:

အပေါ်သို့