..............................

Tuesday, August 11, 2009

ဒေါ်အောင်ဆန်းစုကြည် အမှု စီရင်ချက်ချမည့် တရားခွင် အန်အယ်လ်ဒီ စီအီးစီ တက်ရောက်ရန် မရေရာသေး

မင်းနိုင်သူ / ၁၁ သြဂုတ် ၂၀၀၉ ၊ နံနက် ၁၁:၂၀

ဒေါ်အောင်ဆန်းစုကြည်တို့အား ယနေ့စီရင်ချက်ချမည့် အင်းစိန် အထူးတရားခွင်သို့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ရန် စောင့်ဆိုင်း နေကြရဆဲ ဖြစ်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“အခုချိန်ထိ အစိုးရဘက်က တစုံတရာအကြောင်းပြန်တာ မရှိသေးပါဘူး။ ဗဟို အလုပ်အမှုဆောင် တွေကတော့ တက်ခွင့်ပြုရင် သွားနိုင်ဖို့ အသင့် ပြင်ထားကြပါတယ်။ တက်ခွင့် ရမယ်ဆိုရင် ဦးအောင်ရွှေနဲ့ ဦးလွင်တို့လို ကျန်းမာရေး မကောင်းတဲ့ သူတွေက လွဲရင် ကျန်တဲ့ ဗဟို အလုပ်အမှုဆောင် အားလုံး တက်ရောက်မယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့် ယနေ့တရားခွင်သို့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်များ တက်ရောက်ခွင့် ရရန် အန်အယ်လ်ဒီ ပါတီက ယမန်နေ့က အာဏာပိုင်များထံ တင်ပြ တောင်းဆိုထားသည်။

အင်းစိန်အထူးတရားခွင်က ဒေါ်အောင်ဆန်းစုကြည်တို့အား ယနေ့ စီရင်ချက် ချမည်ဟု ချိန်းဆို ထားသော်လည်း သတင်းသမားများနှင့် သံတမန်များ ၀င်ရောက်ခွင့် ရမည် မရမည်ကိုလည်း ယခုအထိ တိတိပပ ကြားသိရခြင်း မရှိသေးကြောင်း ပြည်တွင်း သတင်းသမား တဦးက ပြောသည်။

၎င်းက “အခုချိန်အထိ ဘာမှ ရေရေရာရာမသိရသေးဘူး။ အရင်ရက်တွေ ကဆို ဘယ်သူတွေ တက်ခွင့်ရမယ် ဆိုတာ အခုချိန်ဆို သိနေရပြီ။ အန်အယ်လ်ဒီ စီအီးစီတွေလည်း တက်ရောက်ခွင့် တောင်းထားတယ်လို့ ကြားတယ်။ အန်အယ်လ်ဒီ ပါတီဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတခု ဖြစ်တဲ့ အတွက် ဒီတောင်းဆိုချက်ကို လိုက်လျောရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော ၀င်ရောက်ခဲ့မှု အတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ထားသည်။

နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့သူ မစ္စတာယက်တောသည် ကျန်းမာရေး မကောင်းသဖြင့် ပြီးခဲ့သည့် တနင်္လာနေ့မှ စတင်ကာ ရန်ကုန် ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့်ရက် ပြောင်းရွှေ့လိမ့်မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် သြဂုတ် (၉) ရက် တနင်္ဂနွေနေ့တွင် မစ္စတာယက်တော ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီဆိုကာ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီးနောက် ယနေ့ အင်းစိန်ထောင် တရားခွင်ကို ပြန်လည် စတင်မည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့